Print

Whipple’s Disease

  21-Nov-2016
Preview Image

Whipple’s Disease သည် ဘက်တီးရီးယားကြောင့် ဖြစ်ပြီးအစာအိမ်နှင့် အူလမ်းကြောင်းကိုထိသော ရှားပါးသောရောဂါတစ်မျိုး ဖြစ်သည်။ အစာဖြိုခွဲစနစ်ကို ကမောက်ကမ ဖြစ်စေခြင်း၊ အာဟာရစုပ်ယူမှုကိုနည်းစေခြင်းဖြင့် အစာချေစနစ်ကို ဝင်ရောက်နှောင့်ယှက်သည်။


Whipple’s Disease သည် တခြား ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြစ်သောဦးနှောက်၊ နှလုံး၊ အဆစ်များနှင့် မျက်လုံးများတွင်လည်း ဖြစ်နိုင်သည်။




လက္ခဏာများ


Whipple’s Disease ရောဂါဖြစ်ပွားလျှင် တွေ့ရများသောလက္ခဏာများဖြစ်သော


. ဝမ်းလျှောခြင်း


. ဗိုက်အောင့်ခြင်း (အစာစားပြီးချိန်တွင် ပိုဆိုးနိုင်)


. ကိုယ်အလေးချိန် ကျဆင်းလာခြင်း


. အဆစ်များရောင်ရမ်းခြင်း ( ခြေချင်းဝတ်၊ ဒူးခေါင်းနှင့်      လက်ကောက်ဝတ်များ)


. ပင်ပန်းနွမ်းနယ်ခြင်း


. အားမရှိခြင်း


. သွေးအားနည်းခြင်းတို့ ဖြစ်တတ်ပါသည်။ တခြားတွေ့ရနည်းသောလက္ခဏာများမှာ


. ဖျားခြင်း


. ချောင်းဆိုးခြင်း


. အကျိတ်များ ကြီးခြင်း


. နေရောင်နှင့် ထိတွေ့ဖန်များသောအရေပြားပေါ်တွင် ညိုမဲလာခြင်း


. ရင်ဘတ်အောင့်ခြင်းနှင့်


. ဘေလုံးကြီးလာခြင်းတို့ဖြစ်သည်။




တခြားအာရုံကြော လက္ခဏာများအနေဖြင့် 


. လမ်းလျှောက်ရာတွင် ခက်ခဲခြင်း


. မျက်လုံးလှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခြင်း


. တွေဝေခြင်းနှင့်


. မှတ်ဉာဏ် ချို့ယွင်းခြင်းအစရှိသည်တို့ဖြစ်နိုင်သည်။




ဖြစ်ပွားရသောအကြောင်းရင်းများ


      Whipple’s Diseaseသည် Tropheryma whipplei ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပြီး အူသိမ်တွင်ရှိသော အမွေးနှင့် တူသောအတွန့်များအား ဖျက်ဆီးခြင်းကြောင့် ရောဂါ ဖြစ်လာရခြင်းဖြစ်သည်။ Whipple’s Diseaseသည် အလွန်ရှားပါးသောရောဂါဖြစ်ပြီးလူ ၁ သန်းတွင် ၁ ယောက်အောက်သာ ဖြစ်နိုင်သည်။




ဖြစ်နိုင်ချေများသူများ


မည်သူများတွင် ဖြစ်နိုင်သည်ကိုအတိအကျ မသိရှိကြသေးသော်လည်း


-    အမျိုးသားများ


-    ၄၀ - ၆၀ နှစ်ကြား


-    ရေဆိုးရေညစ်များနှင့် မကြာခဏထိတွေ့မှုရှိသော လယ်သမားများနှင့် အခြားလူများတွင် ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရသည်။




နောက်ဆက်တွဲပြဿနာများ


Whipple’s Disease ၏ နောက်ဆက်တွဲလက္ခဏာများအနေဖြင့် အာဟာရချို့တဲ့မှုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်းနှင့် အဆစ်အမျက် နာကျင်ခြင်းများ ဖြစ်နိုင်သည်။ ရောဂါကိုနောက်ကျမှ သိရှိခြင်းနှင့် ကုသမှု ခံယူဖို့ နောက်ကျပါက သေဆုံးသည်အထိ ဖြစ်စေနိုင်သောရောဂါ ဖြစ်သည်။




ဆရာဝန်နှင့်သွားရောက် ပြသသင့်သောအချက်များ


Whipple’s Diseaseသည် ကုသ၍ ပျောက်ကင်းနိုင်သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသောရောဂါ ဖြစ်သည်။ ထို့ကြောင့် အကြောင်းရင်းမရှိဘဲ ပိန်ခြင်းနှင့် အဆစ်အမျက် နာကျင်ခြင်းများခံစားရပါက ဆရာဝန်ထံအမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။




စစ်ဆေးမှုများ


ရောဂါအကြောင်းမေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် သွေးစစ်ခြင်း၊ အူသိမ်မှ အသားစယူ၍ စစ်ဆေးခြင်းတို့ပြုလုပ်ရမည် ဖြစ်သည်။




ကုသခြင်း


Whipple’s Diseaseအားကုသရာတွင် အကောင်အားသေစေရန် ပိုးသတ်ဆေးများကို ၁ နှစ်မှ ၂ နှစ်အထိရေရှည် စွဲသောက်ရန် လိုအပ်သည်။ ဆေးသောက်နေစဉ်အတွင်း ဆေးယဉ်ပါးမှု ရှိမရှိသိစေရန် ဆရာဝန်ထံတွင် ပုံမှန် စစ်ဆေးမှု ခံယူရန်လိုအပ်သည်။ တစ်ချို့သောလူနာများတွင် ပိုးသတ်ဆေးကို ထိုးဆေး ထိုးရမည်ဖြစ်သည်။ ထို့ပြင် အာဟာရချို့တဲ့မှုများ ဖြစ်နိုင်သည့်အတွက် ဗီတာမင်နှင့် သတ္တုဓာတ် အားဆေးများသောက်ပေးရမည်။ Whipple’s Diseaseရောဂါသည် ပြန်ပြန်ဖြစ်နိုင်သည့်အတွက် ပုံမှန်စစ်ဆေးမှု ခံယူရန် လိုအပ်သည်။




Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18