Print

Undescended Testicle (ဝှေးစေ့ ကပ်ပယ်အိတ်တွင်း မရှိခြင်း)

  21-Nov-2016
Preview Image


ပုံမှန်အားဖြင့် ကလေးများတွင် မမွေးဖွားမီအချိန်ကပင် ဝှေးစေ့သည် ဝမ်းဗိုက်တွင်းမှ ကပ်ပယ်အိတ်အတွင်းသို့ ဆင်းလေ့ရှိသည်။ ထိုသို့မဆင်းခြင်းကို ဝှေးစေ့ကပ်ပယ်အိတ်တွင်းမရှိခြင်း (Undescended testicle) ဟုခေါ်သည်။အများအားဖြင့် တစ်ဖက်တည်းသာ ဖြစ်တတ်ပြီး ၁ဝရာခိုင်နှုန်းခန့်မှာ နှစ်ဖက်စလုံးတွင် ဖြစ်နိုင်သည်။


လက္ခဏာများ
ရောဂါလက္ခဏာအနေဖြင့် ကပ်ပယ်အိတ်အတွင်းတွင် ဝှေးစေ့ကိုစမ်းသပ်၍ မမိခြင်း၊ မရှိခြင်းဖြင့် သိနိုင်သည်။ 


ဖြစ်ပွားရသောအကြောင်းရင်းများ
ဖြစ်ပွားရသောအကြောင်းရင်းကိုသေချာစွာမသိရသေးပေ။ မျိုးရိုးဗီဇ၊ မိခင်၏ ကျန်းမာရေးနှင့် ဟော်မုန်းတို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်ကလေးငယ်၏ ဝမ်းဗိုက်အတွင်းမှ ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့ဆင်းရာတွင် နှောင့်နှေးခြင်းဖြစ်သည်ဟု ယူဆထားကြသည်။



ဖြစ်နိုင်ချေများသူများ
• ပေါင်မပြည့်၊ လမစေ့သောကလေးငယ်များ
• မျိုးရိုးထဲတွင် အလားတူအခြေအနေ ဖြစ်ဖူးသူများ
• Down Syndrome ကလေးငယ်များ
• ကိုယ်ဝန်ဆောင်စဉ်တွင် အရက်သောက်၊ ဆေးလိပ်သောက်သောမိခင်မှ မွေးသောကလေးငယ်များ။
• ဆီးချိုသွေးချိုရှိသူနှင့် အဝလွန်သော ကိုယ်ဝန်ဆောင်မိခင်မှ မွေးသောကလေးများ။
• ကိုယ်ဝန်ဆောင်စဉ် ပိုးသတ်ဆေးများနှင့် ထိတွေ့မှုရှိသောမိခင်များ၏ ကလေးငယ်များတွင် အဖြစ်များသည်။


နောက်ဆက်တွဲ ပြဿနာများ
ဝှေးစေ့သည် သုက်ပိုးများကောင်းစွာထုတ်လုပ်နိုင်ရန် ခန္ဓာကိုယ်အပူချိန်ထက် ပိုအေးသောအပြင်ဘက်တွင် ရှိရန်လိုအပ်သည်။ သို့ဖြစ်ရာ ကပ်ပယ်အိတ်အတွင်းမဆင်းဘဲ ဝမ်းဗိုက်အတွင်းတွင် ကျန်ရှိနေပါက နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် 
• သုက်ပိုးထုတ်လုပ်မှုအားနည်းခြင်း၊ သုက်ပိုးမကျန်းမာခြင်းတို့ကြောင့် မျိုးမအောင်နိုင်ခြင်း
• ဝှေးစေ့ကင်ဆာဖြစ်ခြင်း
• ဝမ်းဗိုက်အတွင်း ကျန်ရှိနေသောနေရာကိုလိုက်၍ ဝှေးညှာလိမ်ခြင်း၊ ထို့နောက် သွေးမရခြင်းကြောင့် လွန်စွာနာကျင်ခြင်း
• ပေါင်ခြံတွင်းတွင်ရှိနေပါက ထိခိုက်မိခြင်းနှင့်
• အူကျခြင်းတို့ကို ကြုံတွေ့ရတတ်သည်။



ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
• ကလေးငယ်အချို့တွင် ဝှေးစေ့မှာမွေးဖွားပြီးချိန်မှ ကပ်ပယ်အိတ်အတွင်းသို့ ဆင်းလာသည်များလည်းရှိရာ အသက်လေးလထိစောင့်ကြည့်ရန် လိုအပ်သည်။ အသက်လေးလအရွယ်ထိ မဆင်းလာပါက ကလေးအထူးကုဆရာဝန်နှင့် သွားရောက်ပြသရန် လိုအပ်သည်။
• ကပ်ပယ်အိတ်ကြွက်သားများ ကျုံ့ခြင်းကြောင့် ဝှေးစေ့ အပေါ်သို့ပြန်တက်သွားခြင်း၊ လိင်အင်္ဂါတွင် တစ်စုံတစ်ရာပြောင်းလဲခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့်သွားရောက်ပြသကာ လိုအပ်သောကုသမှုများ ခံယူရန်လိုအပ်သည်။



စစ်ဆေးမှုများ
ဆရာဝန်နှင့်တိုင်ပင်ကာ ဝမ်းဗိုက်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Laproscopy)၊ ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။



ကုသခြင်း

အများအားဖြင့် ခွဲစိတ်ကုသရန်လိုအပ်သည်။ မှန်ပြောင်းအကူအညီဖြင့် ခွဲစိတ်ခြင်း၊ ရိုးရိုးခွဲစိတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ကလေးငယ်၏အသက် ၆လကျော်ပြီးအသက် ၁၂နှစ်မတိုင်မီတွင် ခွဲစိတ်ရန်လိုအပ်သည်။ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ရန် ခွဲစိတ်ကုသမှုကို စောစီးစွာခံယူသင့်ပါသည်။


ဝှေးစေ့ကပ်ပယ်အိတ်အတွင်းသို့ ဆင်းခြင်းကို ကူညီနိုင်ရန် Human chorionic gonadotrophin ဟော်မုန်းထိုးခြင်းကိုလည်း ပြုလုပ်နိုင်သည်။ သို့သော် ဟော်မုန်းဆေးထိုးခြင်းမှာ ခွဲစိတ်ခြင်းထက် များစွာအကျိုးသက်ရောက်မှုနည်းသဖြင့် အသုံးပြုမှုနည်းပါးပါသည်။
ထို့ပြင် မိမိကလေးငယ်၏ ဝှေးစေ့ကပ်ပယ်အိတ်တွင်းရှိမရှိကို ရေချိုးပေးချိန်၊ Diaper လဲပေးချိန်တွင် စစ်ဆေးပေးသင့်သည်။
ထိုအခြေအနေဖြစ်ဖူးသော ကလေးငယ် အရွယ်ရောက်လာချိန်တွင်လည်း ဖြစ်နိုင်သောလက္ခဏာများကိုသေချာစွာရှင်းပြပေးခြင်း၊ ဝှေးစေ့ကင်ဆာ၏ လက္ခဏာများကိုစစ်ဆေးစေခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။



Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18