Print

Oral Candidiasis ( မက်ကရု )

  11-May-2017
Preview Image

ပါးစပ်တွင်း မက်ကရုပေါက်ခြင်းသည် မှိုရောဂါတမျိုးဖြစ်ပြီး Candida albicans ဆိုသောရောဂါဖြစ်စေသော မှိုပိုးတမျိုးကြောင့်ဖြစ်သည်။ ထိုမှိုပိုးသည် ပါးစပ်တွင်းတွင် ပုံမှန်ရှိနေတတ်ပြီး အန္တရာယ်မပေးတတ်ပါ။ တခါတရံတွင် ထိုပိုးပေါက်ပွားမှုများပြီး ရောဂါလက္ခဏာများပြနိုင်သည်။


လက္ခဏာများ

ကလေးများနှင့် လူကြီးများ

- နို့နှစ်ကဲ့သို့ အဖြူရောင်အဖတ်များကို လျှာ၊ ပါးစောင်၊ အာခေါင်၊ သွားဖုံးနှင့် အာသီးတွင်   တွေ့ရတတ်သည်။

- ရောင်ခြင်း၊ ရဲခြင်းများဖြစ်လာပါက အစာစားရာတွင်လည်းကောင်း၊ အစာမျိုချရာတွင်လည်းကောင်း   ခက်ခဲနိုင်သည်။

- ထိုအဖြူဖတ်များကို ပွတ်မိပါက သွေးထွက်နိုင်သည်။

- ပါးစပ်တွင် ဝါဂွမ်းဖတ်များရှိနေသကဲ့သို့ ခံစားရတတ်ပြီး အရသာခံနိုင်မှုအား နည်းလာသည်။

- ပါးစပ်ထောင့်တွင် အက်ကွဲခြင်း၊ နီရဲခြင်းများဖြစ်နိုင်သည်။

- ရောဂါအခြေအနေပို၍ဆိုးလာပါက ပါးစပ်ကတဆင့် အစာမျိုပြွန်ထိရောဂါပျံ့နှံ့နို်င်ပြီး   အစာမျိုချ၍မရနို်င်သည်အထိဖြစ်နို်င်သည်။

  

နို့စို့ကလေးငယ်များနှင့် နို့တိုက်မိခင်များ

- နို့စို့ကလေးငယ်များတွင် မက်ကရုဖြစ်ပါက ကလေးငယ်၏ပါးစပ်မှတဆင့် မိခင်၏ရင်သားဆီကို   ရောဂါကူးစက်နိုင်သည်။ ရောဂါကို ပျောက်ကင်းအောင်မကုသပါက ကလေးငယ်၏ပါးစပ်မှ   မိခင်၏ရင်သား၊ မိခင်ရင်သားမှ ကလေးငယ်ဆီသို့ အပြန်အလှန်ကူးစက်နိုင်သည်။

- နို့တိုက်မိခင်များတွင် ရောဂါကူးစက်ပါက အောက်ပါရောဂါလက္ခဏာများ ခံစားရတတ်သည်။

- နို့သီးခေါင်း ရဲခြင်း၊ နို့သီးခေါင်း အက်ခြင်း၊ ကွဲခြင်း၊ ယားယံခြင်း

- နို့သီးခေါင်းနားတဝိုက်တွင် အရေပြားလန်ခြင်း

- နို့တိုက်၍ မရနိုင်အောင် နာကျင်ခြင်း

- ရင်သားအောင့်ခြင်


ဖြစ်ပွားရသော အကြောင်းရင်းများ

- မက်ကရုနှင့် ခန္ဓာကိုယ်တွင် မှိုရောဂါပိုးစွဲကပ်ခြင်းသည် ခန္ဓာကိုယ်၏ခုခံအားစနစ်ကျဆင်းနေချိန် သို့   ခုခံအားစနစ်ကို ကျဆင်းစေသော ဆေးများ (ဥပမာ - စတီးရွိုက်ဆေးများ၊ စပ်ဆေးများ)   အလွန်အကျွံသုံးစွဲသောအခါတွင် ဖြစ်နိုင်သည်။

- အောက်ပါရောဂါများရှိပါက မက်ကရုဖြစ်နိုင်ချေပိုများသည်။

   - HIV/AIDS ခုခံအားကျဆင်းမှုရောဂါခံစားနေရသူများ

   - ကင်ဆာရောဂါခံစားနေရသူများ

   - ဆီးချိုရောဂါဝေဒနာရှင်များ

   - မိန်းမကိုယ်မွေးလမ်းကြောင်းတွင် မှိုရောဂါပိုးရိိှသူများ


ဖြစ်နိုင်ချေများသူများ

- နို့စို့အရွယ်ကလေးများ

- အသက်အရွယ်ကြီးသူများ

- ခုခံအားကျဆင်းနေသူများ

- အံကပ်တတ်ထားသူများ

- ရောဂါအခံတခုခုရှိသူများ (ဆီးချို၊ ကင်ဆာ စသောရောဂါများ)

- စတီးရွိုက်ဆေးများ၊ ပိုးသတ်ဆေးများကို ရေရှည်စွဲသောက်နေသူများ

- ကင်ဆာရောဂါအတွက် ဆေးသွင်း၊ ရောင်ခြည်ပြ၍ ကုသမှုခံယူနေရသူများ


နောက်ဆက်တွဲ ပြဿနာများ

- ရောဂါကို ထိရောက်စွာကုသမှုမခံယူပါက နောက်ဆက်တွဲပြဿနာများဖြစ်လာနိုင်သည်။

  - အစာမျိုပြွန်လမ်းကြောင်းကို ကူးစက်နိုင်ခြင်း

  - အစာချေလမ်းကြောင်း၊ အဆုတ်၊ အသည်းနှင့် နှလုံးအဆို့ရှင်များကို ကူးစက်နိုင်ခြင်း

  - အူလမ်းကြောင်းကို ကူးစက်ပါက လိုအပ်သောအာဟာရကို စုပ်ယူနိုင်မှုအားလျော့နည်းသွားနိုင်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

သင် သို့မဟုတ် သင့်ကလေးငယ်၏ပါးစပ်တွင် အဖြူဖတ်များတွေ့ပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်ပြသပြီး ဆေးကုသမှုခံယူသင့်ပါသည်။


စစ်ဆေးမှုများ

- မြင်တွေ့ရုံဖြင့် မက်ကရုကို ခွဲခြားနိုင်သည်။

- ကလေးကြီးများနှင့် ဆယ်ကျော်သက်များတွင် ဖြစ်ပါက ရောဂါအခံတခုခု ရှိ၊ မရှိကို   သေချာစမ်းသပ်စစ်ဆေးမှုခံယူသင့်ပါသည်။      

- အစာမျိုပြွန်တွင် ရောဂါဖြစ်ပါက လည်ချောင်းမှအချျွဲကိုယူပြီး ပိုးမွေးခြင်း၊   အစာမျိုပြွန်မှန်ပြောင်းကြည့်ခြင်းစသည်တို့ ပြုလုပ်နိုင်သည်။

        

ကုသခြင်း

- သင်၏ဆရာဝန်မှ သင့်လျော်သော မှိုပိုးသတ်ဆေးအမျိုးအစားကို ညွှန်ကြားပေးမည်။

- ကလေးငယ်များတွင် ရောဂါဖြစ်ပါက ပြင်းအားပျော့သော မှိုပိုးသတ်ဆေး (ဥပမာ - လိမ်းဆေး)ကို   ညွှန်းပေးမည်။

- ရောဂါတခုခုကြောင့်ဖြစ်သော မက်ကရုဖြစ်လျှင် ထိုရောဂါကိုလည်း ထိထိရောက်ရောက်ကုသရန်   လိုအပ်သည်။

- တကိုယ်ရည်သန့်ရှင်းမှုသည်လည်း ရောဂါကုသရာတွင် အရေးကြီးသောအချက်ဖြစ်သည်။


ကာကွယ်ခြင်း

- သွားနှင့်ခံတွင်းသန့်ရှင်းရေးကို အထူးဂရုပြုပါ။

- စတီးရွိုက်ရှူဆေးများအသုံးပြုပါက အသုံးပြုပြီးတိုင်း ပါးစပ်ကို ပလုတ်ကျင်းပေးပါ။

- တနေ့ နှစ်ခါ သွားကို နေ့စဉ်တိုက်ပါ။

- သွားရောဂါကုဆရာဝန်နှင့် ၆လတခါပြသပါ။

- ဆီးချိုရောဂါရှိပါက သွေးတွင်းအချိုဓာတ်ကို ပုံမှန်ပမာဏတွင်ထိန်းနိုင်အောင် ကြိုးစားပါ။

- မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ယားယံခြင်းဖြစ်ပါက ကုသမှုခံယူပါ။


Dr.Khine.W.Y.San

Ref: Mayo clinic





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18