Print

Non-allergic rhinitis ( ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သောနှာစေးနှာချေရောဂါ...

  06-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

 ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သောနှာစေးနှာချေရောဂါသည် အကြောင်းရင်းမရှိဘဲ နှာစေးခြင်း၊နှာချေခြင်း၊ နှာရည်များဆက်တိုက်ကျနေခြင်းတို့ဖြစ်စေသည်။ရောဂါလက္ခဏာမှာ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သောနှာစေးရောဂါ(hay fever (allergic rhinitis)) နှင့်ဆင်တူသော်လည်း ဓာတ်မတည့်ခြင်းအကြောင်းရင်းဟုမရှိတတ်ပါ။


ဖြစ်စေနိုင်သောအကြောင်းမှာ လူတစ်ဦးနှင့်တစ်ဦး မတူညီကြပေ။အများအားဖြင့် ဖုန်၊ အမှုန်၊ အနံ့၊ အချို့သောဆေးများ၊ အချို့အစားအစာများ၊ ကြာရှည်နေထိုင်မကောင်းဖြစ်မှုများကြောင့် ဖြစ်ကြသည်။


ရောဂါရှာဖွေဖော်ထုတ်ရေးအနေဖြင့် ဓာတ်တည့်မှုကြောင့်ဖြစ်ပွားခြင်းမဟုတ်သည်ကို သက်သေပြနိုင်မှသာ  ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သောနှာစေးနှာချေရောဂါ ဟုဆိုနိုင်သည်။ထိုအခါ အရေပြားတွင် ဓာတ်မတည့်မှုစစ်ဆေးခြင်း(allergy skin test) (သို့) သွေးစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။ ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သောနှာစေးနှာချေရောဂါသည် ကလေးများနှင့် လူငယ်လူရွယ်များတွင်ဖြစ်စေတတ်သည်။သို့သော် အသက်၂ဝနောက်ပိုင်းတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။


လက္ခဏာများ

-  ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သော နှာစေးနှာချေရောဂါသည် အများအားဖြင့် တစ်နှစ်ပတ်လုံးဖြစ်ပွားလေ့ရှိသည်။ရောဂါလက္ခဏာတူသည်ဖြစ်စေ၊ ခံစားရချိန်တူသည်ဖြစ်စေ ဖြစ်နိုင်သည်။လက္ခဏာများအနေဖြင့်

(၁) နှာခေါင်းပိတ်ခြင်း

(၂) နှာရည်ယိုခြင်း

(၃) နှာချေခြင်း

(၄) လည်ပင်းထဲတွင် ချွဲတစ်ခြင်း (postnasal drip)

(၅) ချောင်းဆိုးခြင်း

(၆) အနံ့အာရုံလျော့ကျလာခြင်း 


>>>>>>> ရှားရှားပါးပါးအနေဖြင့် နှာခေါင်းထဲတွင် အဖတ်ခြောက်များ(Crust)ဖြစ်လာကာ အနံ့ဆိုးဆိုးများထွက်စေတတ်ပြီး ထိုအဖတ်ခြောက်ကို ခွာမိပါက သွေးများထွက်လာစေတတ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားရသော အကြောင်းရင်းအတိအကျ မသိရသေးပေ။သို့သော် သုံးသပ်ချက်များအရ နှာခေါင်းထဲရှိ သွေးကြောများကျယ်လာသောကြောင့်ဖြစ်သည်ဟု ခန့်မှန်းကြသည်။ထိုနှာခေါင်းယောင်ခြင်း၊သွေးကြောကျယ်ခြင်းနှင့် ပတ်သက်၍ ဖြစ်စေသောအကြောင်းရင်းများစွာရှိသည်။အဖြစ်နိုင်ဆုံးမှာ နှာခေါင်းထဲရှိ အာရုံကြောသည် ပုံမှန်ထက် တုန့်ပြန်မှုလွန်ကဲခြင်းဖြစ်နိုင်သည် ဟုဆိုကြသည်။

မည်သို့ပင်ဖြစ်စေ နှာခေါင်းထဲရှိအမြှေးပါးရောင်ပြီး နှာစေးခြင်းဖြစ်စေသည်။


အောက်ပါတို့သည် ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သောနှာစေးနှာချေရောဂါကို ပိုမိုဖြစ်စေသောအချက်များဖြစ်သည်။

(၁) ပတ်ဝန်းကျင်နှင့်အလုပ်ထဲရှိ ဖုန်၊ အမှုန်၊  အနံ့ပြင်းပြင်းများ၊ ဆေးလိပ်ငွေ့များ၊ ကြာရှည်နေထိုင်မကောင်းဖြစ်မှုများ၊ အလုပ်ထဲရှိ ဓာတုဗေဒ ဓာတ်ငွေ့များ

(၂) ရာသီဥတုအခြေအနေ ( ပူ၍စိုစွတ်သောအခြေအနေသည် နှာခေါင်းထဲရှိ အမြှေးပါးကို ပိုရောင်စေကာ ရောဂါကိုပိုမိုဖြစ်ပွားစေသည်။ )

(၃)ရောဂါပိုးဝင်ခြင်း ( ဖြစ်လေ့ရှိသောအကြောင်းရင်းဖြစ်သည်။အများအားဖြင့် အအေးမိ တုတ်ကွေးကဲ့သို့ virus ဗိုင်းရက်စ် ရောဂါပိုးကူးစက်ခြင်းကြောင့်ဖြစ်သည်။ )

(၄) အချို့အစားအစာများ ( အထူးသဖြင့် ပူသော စပ်သော အစားအစာများ၊ အရက်သောက်ခြင်း )

(၅) အချို့သောဆေးများ ( ဥပမာအားဖြင့် Aspirin အက်စ်စပရင် , Ibuprofen အိုင်ဗြူပရိုဖန် , Beta blocker အုပ်စုဝင် သွေးပေါင်ကျဆေး၊ သန္ဓေတားဆေး၊အိပ်ဆေး၊နှာစေးပျောက်နှာခေါင်းဖျန်းဆေးရည်အသုံးများပါကလည်း ဖြစ်စေနိုင်သည်။ )

(၆) ဟော်မုန်းအပြောင်းအလဲချိန် ( ဥပမာ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ သန္ဓေတားဆေးသောက်ခြင်း၊ သိုင်းရွက်ဂလင်းအလုပ်မလုပ်သောရောဂါ Hypothyroid )


ဖြစ်နိုင်ချေများသူများ

-(၁) ဖုန်၊ အမှုန်၊  အနံ့ပြင်းပြင်းများ၊ ဆေးလိပ်ငွေ့များမတည့်သောအရာများနှင့် ခဏခဏထိတွေ့ရသူများ

(၂) အသက် ၂၀ ထက်ကြီးသူများ

(၃) နှာစေးပျောက်သော နှာခေါင်းဖျန်းဆေးရည် အသုံးများသူများ(rebound congestion)

(၄) အလုပ်ထဲရှိ ဓာတုဗေဒဓာတ်ငွေ့များ၊ ဖုန်၊ အမှုန်၊  အနံ့ပြင်းပြင်းများ၊ အရည်များ၊မီးရှို့ရာမှထွက်လာသော အမှုန်များ (occupational rhinitis)

(၅) ၊ ကြာရှည်နေထိုင်မကောင်းဖြစ်မှုများ( ဥပမာ - သိုင်းရွက်ဂလင်းအလုပ်မလုပ်သောရောဂါ Hypothyroid ၊ ကြာရှည် ပင်ပန်းညောင်းညာခြင်းဖြစ်သောရောဂါစု )


နောက်ဆက်တွဲ ပြဿနာများ

(၁) နှာခေါင်းထဲတွင် အသားပိုဖြစ်ခြင်း - နှာခေါင်းနံရံတွင်ဖြစ်သော နှာခေါင်းအကန့်များတွင်ဖြစ်သော ကင်ဆာမဟုတ်သော ပျော့သော အသားပိုဖြစ်သည်။အရွယ်အစားသေးသော အသားပိုမှာ အန္တရာယ်မရှိသော်လည်း ကြီးပါက နှာခေါင်းတွင်ပိတ်နေကာ အသက်ရှူရခက်ခဲနိုင်သည်။

(၂) နှာခေါင်းအနောက်ရှိ အကန့်များယောင်ခြင်း 

(၃) နား၏ အလယ်အကန့်တွင် ပိုးဝင်ပြီး ယောင်ခြင်း 

(၄) တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ထိခိုက်စေခြင်း 


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

(၁) ရောဂါလက္ခဏာပိုဆိုးလာပါက

(၂) အိမ်တွင်းကုသမှုဖြင့် မသက်သာပါက

(၃) ပုံမှန်နှာစေးနှာချေပျောက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးဒဏ်ကို မခံနိုင်ပါက


စစ်ဆေးမှုများ

ရောဂါရှာဖွေဖော်ထုတ်ရေးအနေဖြင့် ရောဂါလက္ခဏာကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းအပြင် ဓာတ်တည့်မှုကြောင့်ဖြစ်ပွားခြင်းမဟုတ်သည်ကို သက်သေပြနိုင်မှသာ  ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သော နှာစေးနှာချေရောဂါ ဟုဆိုနိုင်သည်။


ဓာတ်တည့်မှုကြောင့်ဖြစ်ပွားခြင်းမဟုတ်သည်ကို သက်သေပြခြင်းအနေဖြင့် 

(၁) အရေပြားတွင် ဓာတ်မတည့်မှုစစ်ဆေးခြင်း(allergy skin test) - တစ်မျိုးစီစမ်းသပ်ပြီး ဓာတ်မတည့်ပါက အနီဖုပေါ်လာသည်ကိုတွေ့မှာဖြစ်သည်။

(၂) သွေးစစ်ဆေးခြင်း - ရောဂါပိုးကို တုန့်ပြန်သည့် သွေးထဲရှိ immunoglobulin E (IgE) antibodies များကို တိုင်းတာခြင်းဖြင့် သိနိုင်သည်။

တစ်ချို့အခြေအနေများတွင် ဓာတ်မတည့်မှုနှင့် ဓာတ်တည့်မှုရောနေသည်လည်းရှိတတ်သည်။


နှာချေး၊ နှာချေခြင်းသည် နှာခေါင်းအနောက်ရှိအကန့်များယောင်ခြင်းကြောင့် မဟုတ်ကြောင်းသေချာစေရန် အောက်ပါစစ်ဆေးမှုများပြုလုပ်နိုင်သည်။

(၁) Nasal endoscopy နှာခေါင်းထဲမှတစ်ဆင့်မှန်ပြောင်းကြည့်ခြင်း ( သေးငယ်သောမှန်ပြောင်းကို နှာခေါင်းမှတစ်ဆင့်ဖြတ်သန်း၍ နှာခေါင်းလမ်းကြောင်းတစ်လျှောက်နှင့် နှာခေါင်းအနောက်ရှိ အကန့်များကိုပါ ကြည့်နိုင်သည်။)

(၂) Computerized tomography (CT) scan ကွန်ပြူတာဓာတ်မှန်


ကုသခြင်း

ကုသခြင်းမှာ သင်ခံစားနေရသော ရောဂါပမာဏပေါ်မူတည်၍ ကွဲပြားသည်။ အရမ်းမပြင်းထန်ပါက အိမ်တွင်ကုသခြင်းနှင့် ဖြစ်ပေါ်စေသည့်အကြောင်းအရာများကို ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ပိုမိုပြင်းထန်သော အခြေအနေများတွင်မူ အောက်ပါအတိုင်းကုသနိုင်သည်။

(၁) Saline nasal sprays (နှာခေါင်းဖျန်းဆေး) - အပြင်ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီး အိမ်တွင်လည်းဆားရည်ဖျော်ကာ အသုံးပြုနိုင်သည်။နှာခေါင်းထဲရှိ ကသိကအောက်ဖြစ်စေသောအရာများကို ဆေးကြောပေးပြီး နှာခေါင်းအမြှေးပါးကို ကျန်းမာစေကာ အချွဲကိုလည်းပျော်ကျစေနိုင်သည်။

(၂) Corticosteroid nasal sprays (ကော်တီကိုစတီးရိုက်ပါသော နှာခေါင်းဖျန်းဆေး) - သောက်ဆေး၊ ရိုးရိုးနှာခေါင်းဖျန်းဆေးတို့နှင့်မသက်သာပါက ဆရာဝန်၏ညွှန်ကြားချက်အတိုင်း သုံးနိုင်သည်။ဘေးထွက်ဆိုးကျိုးအနေဖြင့် ခေါင်းကိုက်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ နှာခေါင်းခြောက်ခြင်း၊ လည်ပင်းခြောက်ခြင်းတို့ ခံစားရနိုင်သည်။

(၃) Antihistamine nasal sprays (ဟစ်စ်တမင်းအားဆန့်ကျင်သည့်ဓာတ်ပါသော နှာခေါင်းဖျန်းဆေး)

(၄) Anti-drip anticholinergic nasal sprays - နှာရည်တရွှဲရွှဲနှင့် နှာစေးနေပါက ဆရာဝန်၏ညွှန်ကြားချက်အတိုင်း သုံးနိုင်သည်။ဘေးထွက်ဆိုးကျိုးအနေဖြင့် နှာခေါင်းသွေးယိုခြင်း၊ နှာခေါင်းခြောက်ခြင်း တို့ ခံစားရနိုင်သည်။

(၅) Oral decongestants သောက်ဆေး - ဘေးထွက်ဆိုးကျိုးအနေဖြင့် သွေးတိုးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်းတို့ခံစားရနိုင်သည်။

(၆) ခွဲစိတ်ကုသခြင်း - ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သော နှာစေးနှာချေရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ(ဥပမာ - နှာခေါင်းတွင်း ပိုင်းခြားထားသောအကန့် စောင်းသွားခြင်း၊ နှာခေါင်းအသားပိုရှိနေခြင်း)တို့ခံစားရပါက ခွဲစိတ်ကုသနိုင်သည်။


အိမ်တွင်ဂရုုစိုက်ကုသနည်းများ

(၁) နှာခေါင်းလမ်းကြောင်းကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးပါ။

(၂) နှာခေါင်းတွင်းမှ လေပြင်းပြင်းမှုတ်ထုတ်ပေးပါ။

(၃) အိမ်တွင် ရေငွေ့ပေးသောစက်ကိုထားပါ။


ကာကွယ်ခြင်း

ရောဂါမဖြစ်အောင် သိသိသာသာ ကာကွယ်ပေးသောနည်းလမ်းဟူ၍ မရှိသော်လည်း လေ့လာချက်များအရ ကလေးများအနက် အဆီပါသောငါး နှင့် မပြည့်ဝဆီ(Unsaturated fatty acids)တို့ကို စားပေးသော ကလေးများတွင် ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သောနှာစေးနှာချေရောဂါ ဖြစ်နှုန်းနည်းပါးလာကြောင်းတွေ့ရှိရသည်။ငါးကွမ်းရှပ်နှင့် ဆယ်လ်မွန်ငါးတို့ကို တစ်ပတ်လျှင်တစ်ရက်စားပေးခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။


အကယ်၍ ဓာတ်မတည့်ခြင်းကြောင့်မဟုတ်သောနှာစေးနှာချေရောဂါရှိသူဖြစ်ပါက နောက်တစ်ကြိမ်မဖြစ်အောင် အောက်ပါနည်းလမ်းများဖြင့်ကာကွယ်နိုင်သည်။

- ရောဂါကို ဖြစ်စေသော(သို့)ပိုဆိုးစေသောအရာများကိုရှောင်ကြဉ်ပါ။

- နှာစေးပျောက်ဆေးများကို အရမ်းမသုံးပါနှင့်။

- အိမ်တွင်ကုသနိုင်သောနည်းလမ်းများဖြင့် မသက်သာပါက ဆရာဝန်နှင့်သွားရောက်တိုင်ပင်ပါ။


Ref: Mayo clinic , NHS choices

Credit: Dr.YadanarPhooWaiAung




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18