Print

Nuchal ache / Neck pain ( ဇက်ကြောတောင့်ခြင်း / ဇက်ကြောနာခြင်း )

  06-May-2017
Preview Image

-  ဇက်ကြောနာခြင်းသည် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်သည်။ လည်ပင်းအနေအထား မမှန်ခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းမှ ဖြစ်လေ့ရှိသည်။

   Osteoarthritis ဟုခေါ်သည့် အရိုးအဆစ်များ တိုက်စားပြီး ရောင်ရမ်းခြင်းသည်လည်း  ဇက်ကြောနာခြင်းတွင် အတွေ့ရများသော အကြောင်းရင်းတစ်ခုဖြစ်သည်။

- တစ်ခါတစ်ရံ  ဇက်ကြောနာခြင်းသည် ပိုမိုပြင်းထန်သောရောဂါများ၏ လက္ခဏာလည်းဖြစ်နိုင်သည်။ 

  ဇက်ကြောနာခြင်းအပြင် ထုံကျင်ခြင်း၊ ခြေလက်များလေးခြင်း၊ ပုခုံးနှင့်လက်မောင်းများထိ နာကျင်လာလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။


လက္ခဏာများ

- လည်ပင်းအနေအထားကို တစ်နေရာတည်းကြာကြာထားလျှင် နာလာခြင်း( ဥပမာ - ကားအကြာကြီးမောင်းခြင်း၊ ကွန်ပျူတာရှေ ့တွင် ကြာရှည်စွာ ထိုင်ခြင်း )

- ကြွက်သားတောင့်တင်းခြင်း ၊ အကြောတက်ခြင်း

- ခေါင်းကို လှုပ်ရှားနိုင်စွမ်း နည်းလာခြင်း

- ခေါင်းကိုက်ခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ

- ကြွက်သားများကို ကြာရှည်စွာ  အသုံးပြုခြင်း (ဥပမာ- ကားအကြာကြီးမောင်းခြင်း၊ ကွန်ပျုတာရှေ့တွင် ကြာရှည်စွာထိုင်ခြင်း၊ အိပ်ရာထဲတွင် စာဖတ်ခြင်း၊ သွားကျိတ်ခြင်း )

- Worn joints အဆစ်နာခြင်း (လည်ပင်းဆစ်သည် ခန္ဓာကိုယ်မှ အခြားအဆစ်များကဲ့သို့ အသက်ကြီးလာသည်နှင့်အမျှ ပွန်းပဲ့လာသည်

  Osteoarthritis ဟုခေါ်သည့် အရိုးအဆစ်များ ရောင်ရမ်းခြင်းသည် ကျောရိုးဆစ် (vertebra) တစ်ခုနှင့်တစ်ခုကြားရှိ အရိုးနု(cartilage)ကို ပျက်စီးစေသည်။ ထို့နောက် အတက်များထွက်ကာ အဆစ်လှုပ်ရှားရာတွင် နာကျင်စေသည်။

- အာရုံကြောပိခြင်း (လည်ပင်းမှကျောရိုးဆစ် ကျွံခြင်း၊ အရိုးအတက်ထွက်ခြင်းတို့သည် အာရုံကြောမကြီးမှထွက်သော အာရုံကြောများကို ဖိမိခြင်း)

- ထိခိုက်မိခြင်း ( ဥပမာ - ကားမတော်တဆဖြစ်ခြင်းတွင် ဦးခေါင်းသည် နောက်မှရှေ့သို့လှုပ်ရမ်းရာမှ လည်ပင်းကို နာကျင်စေခြင်း)

- အချို ့ရောဂါများ ( ဥပမာ - သွေးလေးဖက်နာ၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ကင်ဆာ စသဖြင့်ရောဂါများ)


ဖြစ်နိုင်ချေ များသူများ

- အသက်ကြီးသူများ

- ခရီးသွားခြင်း သို့ ကွန်ပျုတာရှေ့တွင် အလုပ်လုပ်ခြင်းကဲ့သို့ ကြာရှည်စွာ ထိုင်ရခြင်းများ

- ခန္ဓာကိုယ်အနေအထား မမှန်ကန်သူများ

- ဆေးလိပ်သောက်သူများ


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

-  ဇက်ကြောနာခြင်း အများစုမှာ အိမ်တွင်းကုသမှုများဖြင့် သက်သာလေ့ရှိသည်။ မသက်သာပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

-  ဇက်ကြောနာခြင်းမှာ အောက်ပါအတိုင်း ဖြစ်လာလျှင်လည်း ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

   - အရမ်းနာကျင်လာလျှင်

   - ရက်အတန်ကြာသည်အထိ မသက်သာဘဲ ပိုမိုဆိုးလာလျှင်

   - လက်မောင်းနှင့် ခြေထောက်အထိ နာကျင်လာလျှင်

   - နာခြင်းအပြင် ခေါင်းကိုက်ခြင်း၊ ထုံကျင်ခြင်း၊ ကြွက်သားများ အားနည်းခြင်း စသည်တို့ပါဖြစ်လာလျှင်

- ထိခိုက်မိရာမှ ဖြစ်ပေါ်လာသော ဇက်ကြောနာခြင်းဖြစ်ပါက (ဥပမာ- ကားမတော်တဆမှုမှ ၊ရေကူးရာမှ ၊ပြုတ်ကျရာမှ) ဆရာဝန်နှင့် အရေးပေါ်ကုသသင့်သည်။


စစ်ဆေးမှုများ

- ဆရာဝန်သည် ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်း အကြာင်းရင်း ပိုမိုတိကျစွာ သိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို လုပ်ရန် ညွှန်ကြားနိုင်ပါသည်။

(၁) X ray ဓာတ်မှန် - လည်ပင်းမှကျောရိုးဆစ် ကျွံခြင်း၊ အရိုးအတက်ထွက်ခြင်းတို့ကြောင့် အာရုံကြောမကြီးမှထွက်သော အာရုံကြောများကို ဖိမိခြင်းတို့ကို သိနိုင်သည်။

(၂) CT scan ကွန်ပျူတာဓာတ်မှန် -  X ray ဓာတ်မှန်ထက်ပို၍ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများကို ဘက်ပေါင်းစုံမှ ပိုမိုတိကျစွာ သိနိုင်သည်။

(၃) MRI သံလိုက်ဓာတ်မှန် - ရေဒီယိုလှိုင်းနှင့် သံလိုက်ကွင်းများကို အသုံးပြု၍ အရိုးနှင့်ကြွက်သားများ၊ အာရုံကြောများကိုပါ တိကျစွာ သိနိုင်သည်။

ရောဂါလက္ခဏာ မပြဘဲနှင့်လည်း X ray သို့မဟုတ် MRI တို့မှ ရောဂါဖြစ်ပွားနေမှုကို သိရှိနိုင်သည်။

စက်ပစ္စည်းများဖြင့် စစ်ဆေးမှုသည် ဆရာဝန်နှင့် ရောဂါရာဇဝင်ကို တိုင်ပင်ခြင်း၊ ရောဂါကို စမ်းသပ်ခြင်းများကို များစွာအထောက်အကူပြုသည်။


- အခြားစစ်ဆေးမှုများမှာ

   - Electromyography (EMG) လျှပ်စစ်လှိုင်းဖြင့် စစ်ဆေးခြင်း - အာရုံကြော ဖိမိသည်ဟု ထင်ပါလျှင် ဆရာဝန်၏ညွှန်ကြားချက်ဖြင့် စစ်ဆေးနိုင်သည်။

     ကြွက်သားထဲသို့ အရေပြားမှတဆင့် အပ်ဖြင့်ထိုးကာ စစ်ဆေးခြင်းဖြစ်သည်။ အာရုံကြောတွင် လျှပ်စီးနှုန်းအမြန်နှုန်းကို တိုင်းတာခြင်းဖြင့် မည်သည့်အာရုံကြော ထိခိုက်နေသည်ကို သိရှိနိုင်သည်။

   - Blood tests သွေးစစ်ခြင်း - ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်းကို ဖြစ်စေသော ရောင်ရမ်းခြင်းရောဂါများ၊ ကူးစက်ရောဂါများကို သွေးစစ်ခြင်းမှသိနိုင်သည်။


ကုသခြင်း

- မပြင်းထန်သော ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်းများမှာ ၂ပတ်မှ ၃ပတ်အတွင်း အိမ်တွင်းကုသနည်းများဖြင့်ပင် ပျောက်ကင်းလေ့ရှိသည်။

   အကယ်၍ ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်းသည် ကြာရှည်နေပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ကုသမှု ခံယူနိုင်သည်။

- ကုသနည်းများမှာ

     - Physical therapy ကုထုံးများဖြင့် ကုသခြင်း - ခန္ဓာကိုယ်အနေအထား၊ တည့်မတ်မှု၊ လည်ပင်းကြံ့ခိုင်ခြင်းများကို မှန်ကန်စေသည်။

       အပူ၊ အအေး၊ လျှပ်စစ်နှင့်အခြားနည်းများဖြင့် နာကျင်မှုကို သက်သာစေသည်။ နောက်တစ်ခေါက် ပြန်မဖြစ်ရန် ကာကွယ်ပေးသည်။

     - Transcutaneous electrical nerve stimulation (TENS) - နာကျင်သောနေရာတစ်ဝိုက်ရှိ အရေပြားပေါ်တွင် လျှပ်စစ်ဖု electrodesများအား ထားခြင်းဖြင့် လျှပ်စစ်ဓာတ်များကို ပို့လွှတ်ခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေသည်။

     - Traction အလေးဆွဲခြင်း - အလေး၊ဘီး တို့ကို အသုံးပြု၍ လည်ပင်းကို တဖြည်းဖြည်းဆွဲခြင်းဖြင့် တချို့အကြောင်းများကြောင့်ဖြစ်သော ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းများကို သက်သာစေသည်။

        အထူးသဖြင့် Nerve irritation အာရုံကြော မူမမှန်လှုံ့ဆွခြင်းကြောင့်ဖြစ်သော ဇက်ကြောတောင့်ခြင်း / ဇက်ကြောနာခြင်းများကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့် ပြုလုပ်နိုင်သည်။

     - Short-term immobilization လည်ပင်းကို ယာယီမလှုပ်ဘဲထားခြင်း - လည်ပင်းပတ်လည်တွင် soft collor ကော်လံကို တပ်ဆင်ခြင်းဖြင့် လည်ပင်းရှိအစိတ်အပိုင်းများဖိနေခြင်းမှ ကာကွယ်ပေးကာ နာကျင်မှုကိုပါ ကာကွယ်ပေးသည်။သို့သော် ၁ပတ်၂ပတ်ထပ် ပို၍ (သို့ )တစ်ကြိမ်လျှင် ၃နာရီထပ်ပို၍သုံးလျှင် ကောင်းခြင်းထက် ဆိုးခြင်းကို ပိုမိုဖြစ်စေနိုင်သည်။

- ခွဲစိတ်ကုသခြင်းနှင့် အခြားနည်းလမ်းများမှာ

     - Steroid injections ဆေးထိုးခြင်း - ဆရာဝန်နှင့် ကုသ၍ လည်ပင်းဆစ်ရိုးထဲသိုု့( သို့ )လည်ပင်းကြွက်သားထဲသို့ ဆေးထိုးခြင်းဖြင့်နာကျင်မှုကိုလျှော့ကျစေနိုင်သည်။ ထုံဆေးကို အသုံးပြု၍လည်း ကုသလေ့ရှိသည်။

     - Surgery ခွဲစိတ်ကုသခြင်း - ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းများအတွက် လိုအပ်လေ့မရှိပေ။အာရုံကြောဖိမိခြင်းအတွက်သာ စဉ်းစားလေ့ရှိကြသည်။


ကာကွယ်ခြင်း

- ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းအများစုသည် ခန္ဓာကိုယ်အနေအထားအဆင်မပြေမှုနှင့်အသက်ကြီးခြင်းတို့မှ ပျက်စီးတိုက်စားရာမှဖြစ်လေ့ရှိသည်။ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းမှကာကွယ်ရန် ခါးအနေအထားကို မှန်ကန်စွာနေရန်လိုအပ်သည်။နေ့စဉ်ပုံမှန်ပြုပြင်ခြင်းအားဖြင့်လည်းကာကွယ်နိုင်သည်။

(၁) ခန္ဓာကိုယ်အနေအထားမှန်ကန်ခြင်း - ထိုင်သည်ဖြစ်စဉ် မတ်တပ်ဖြစ်စေ ပုခုံးသည် နား ၊ တင်ပါးတို့နှင့် တစ်တန်းတည်းရှိသင့်သည်။

(၂) ခရီးသွားခြင်း သို့ ကွန်ပျူတာရှေ့တွင် အလုပ်လုပ်ခြင်းကဲ့သို့ ကြာရှည်စွာ ထိုင်ရလျှင် ခဏတစ်ဖြုတ်ဖြစ်စေ ခါးနှင့်လည်ပင်း ပုခုံးတို့ကို လျှော့ချပေးရန်လိုအပ်ပါသည်။

(၃) ကွန်ပျူတာရှေ့တွင် အလုပ်လုပ်ရလျှင် ကွန်ပျူတာ screen ကို မျက်စိနှင့် တစ်တန်းတည်းထားပေးပါ။ဒူးခေါင်းသည် တင်ပါးထက် ပိုလျှောကျပြီးထိုင်ပေးပါ။လက်တင်ထိုင်ခုံနှင့်ထိုင်ပါ။

(၄) တယ်လီဖုန်းပြောသောအခါ ခေါင်းစောင်းပြီး နားနှင့်ပုခုံးတို့ကြားတွင်ညှပ်ပြီးမပြောပါနှင့်။ ထိုအစား နားကျပ်ကြိုးဖြင့်ပြောခြင်း သို့ စပီကာဖွင့်ပြီးပြောခြင်းတို့ကို လုပ်ပေးပါ။

(၅) ဆေးလိပ်သောက်ပါက ဖြတ်ပေးပါ။ဆေးလိပ်သောက်ခြင်းသည် ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းကို ပိုမိုဆိုးစေသည်။

(၆) ပုခုံးတွင် လေးသော ပစ္စည်းများ အိတ်များ မသယ်ပါနှင့်။

(၇) အိပ်သောအခါ ခန္ဓာကိုယ်အနေအထားမှန်မှန်ကန်ကန်ဖြင့် အိပ်ပါ။ခေါင်းနှင့်လည်ပင်းကို ခန္ဓာကိုယ်နှင့်တစ်တန်းတည်းထားပါ။လည်ပင်းအောက်တွင် ခေါင်းအုံးအပါးတစ်ခုကိုခံပါ။ ခါးအောက်တွင်လည်း ခေါင်းအုံးခံခြင်းဖြင့် ခါးနှင့်ပေါင်ကို ခေါင်းထက်ပိုမိုမြင့်ပြီးခါးကြွက်သားများကို လျှော့ချကာအိပ်တတ်နိုင်အောင် ကြိုးစားပါ။


Ref: Mayo clinic

Credit -  Dr.YadanarPhooWaiAung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18