Print

Illness anxiety disorder (မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်း)

  06-May-2017
Preview Image

မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းဆိုသည်မှာ ကျန်းမာရေးနှင့်ပတ်သက်သော စိတ်ပူပန်မှုဖြစ်ပြီး မိမိ ကျန်းမာရေးထိခိုက်မည်ကို အစိုးရိမ်လွန်နေခြင်းဖြစ်သည်။ လူနာထံတွင် ကြီးမားပြင်းထန်သော ရောဂါလက္ခဏာ မရှိသော်လည်း(သို့မဟုတ် သာမန် နေထိုင်မကောင်းသောလက္ခဏာများအား) အလွန်အမင်း အစိုးရိမ်လွန်နေခြင်းဖြစ်သည်။ ဆရာဝန်မှ သေချာစွာ စမ်းသပ်စစ်ဆေးပြီး ရောဂါ ကြီးကြီးမားမားမရှိကြောင်းပြောထားသော်လည်း လူနာမှ လက်မခံနိုင်ခြင်းမျိုးဖြစ်သည်။အထူးသဖြင့် ယခင်က ရောဂါကြီးကြီးမားမား ခံစားရဖူးသူများတွင်ဖြစ်လေ့ရှိသည်။ ထိုလူနာမျိုးတွင် အမှန်တကယ်ခံစားရသော ရောဂါလက္ခဏာများထက် စိတ်ဖိစီးမှုကြောင့်ရသော လက္ခဏာများက ပိုများတတ်ပြီး စိတ်ထောင်းကိုယ်ကြေဖြစ်တတ်ပါသည်။


မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းသည် နာတာရှည်စိတ်ခံစားမှုတစ်ခုဖြစ်ပြီး ရောဂါအခြေအနေပေါ်တွင် လွှမ်းမိုးမှုရှိနိုင်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ပိုဆိုးလာလေ့ရှိပြီး တစ်ခါတစ်ရံ စိတ်ဖိစီးမှုများပါကလည်း ပိုဆိုးလေ့ရှိပါသည်။ လူနာနှင့် စိတ်ရှည်သည်းခံပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်းဖြင့်လည်း လူနာခံစားနေရသောမကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းကို သက်သာစေနို်င်ပါသည်။


အမေရိကန် စိတ်ရောဂါကုပညာရှင်များအသင်းမှ လေ့လာချက်များအရ မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းအား ၂မျိုး ခွဲနိုင်ပါသည်။

၁) ပြင်းထန်သော ရောဂါလက္ခဏာမရှိဘဲ မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်း

၂) တစ်ခုထက်ပိုသော ပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရခြင်းကြောင့် မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်း တို့ဖြစ်ပါသည်။


လက္ခဏာများ

မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်း ၏ လက္ခဏာများဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းများမှာ 

- ယခင်က ကြီးကြီးမားမား ရောဂါဝေဒနာ ခံစားရခြင်း သို့မဟုတ် ကြီးကြီးမားမား ရောဂါဝေဒနာဖြစ်ဖူးသူများအား တွေ့မြင်ဖူးခြင်း သို့မဟုတ် နီးနီးကပ်ကပ်ပြုစုပေးဖူးခြင်း။

- ခန္ဓာကိုယ်မှ ရောဂါလက္ခဏာအသေးအမွှားများအား အစိုးရိမ်လွန်တတ်ခြင်း။

- ရောဂါနှင့် ပတ်သက်သော စစ်ဆေးမှုများကို ပြုလုပ်ပြီးနောက် ရောဂါမရှိကြောင်းပြောသည်ကို လက်မခံနိုင်ခြင်း။

- မျိုးရိုးလိုက်တတ်သော ရောဂါများ နှင့်ပတ်သတ်ပြီး မိမိတွင်ဖြစ်မည်ကို အလွန်အမင်းကြောက်ရွံ့ခြင်း။

- ကပ်ရောဂါများ မိမိတွင်ဖြစ်မည်ကို စိုးရိမ်ခြင်း။

- ရောဂါဖြစ်မည်ကို အစိုးရိမ်လွန်ပြီး ကျန်းမားရေးစစ်ဆေးမှုများ ခဏခဏပြုလုပ်တတ်ခြင်း။

- ရောဂါဖြစ်မည်ကို စိုးရိမ်သဖြင့် လူအများနှင့် တွေ့ဆုံခြင်းကို ရှောင်ခြင်း။ 

- မိမိ၏လူနေမှုဘဝပုံစံနှင့် ဆက်စပ်၍ ဖြစ်နိုင်သော ရောဂါများအား စဉ်းစားနေခြင်း။


ဖြစ်ပွားရသော အကြောင်းရင်းများ

မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းရောဂါ ၏ ဖြစ်ပွားရသော အကြောင်းအရင်းကို ယခုထိ တိတိကျကျ မသိရှိသေးပေ။

ဖြစ်ပွားရသော အကြောင်းရင်းများမှာ-

- ရောဂါလက္ခဏာများကို ကောင်းစွာနားမလည်ခြင်း (သို့မဟုတ်) ရောဂါလက္ခဏာမဟုတ်သည် ကို ရောဂါလက္ခဏာဟုထင်ခြင်း။

- မျိုးရိုးလိုက်တတ်သော ရောဂါများ မိမိ၏ မိသားစုဝင်များတွင်ဖြစ်ပွားဖူးပါက မိမိတွင် ဖြစ်မည်ကို အစိုးရိမ်လွန်ခြင်း။

- ယခင်က ရောဂါဝေဒနာ ကြီးကြီးမားမားခံစားရဖူးခြင်းကြောင့် ရောဂါဝေဒနာဖြစ်မည်ကို ကြောက်ခြင်း တို့ဖြစ်ပါသည်။

- မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းရောဂါသည် လူလတ်ပိုင်းတွင် စတင်ဖြစ်တတ်လေ့ရှိပြီး အသက်ကြီးလာသည်နှင့် အမျှစိတ်ပူပန်မှုပို၍ များလာလေ့ရှိသည်။ အချို့သက်ကြီးရွယ်အိုများတွင်မူ မှတ်ဉာဏ်ချို့ယွင်းမည်(အတိတ်မေ့မည်)ကို စိုးရိမ်ခြင်းကိုခံစားရလေ့ရှိသည်။


ဖြစ်နိုင်ချေများသူများ

- ဘဝတွင် ကြီးမားသောစိတ်ဖိစီးမှု ခံစားရဖူးသူများ

- ပြင်းထန်သောရောဂါ ဝေဒနာ ခံစားရဖူးသူများ

- ကလေးဘဝက နှိပ်စက်ခံရဖူးသူများ

- ကလေးဘဝက ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ဖူးသူများ

- အစိုးရိမ်လွန်တတ်သူများ

- အင်တာနက်မှ ကျန်းမာရေးသတင်းများ အဖတ်များပြီ ကျန်းမာရေးဗဟုသုတများကာ အစိုးရိမ်လွန်နေခြင်း


နောက်ဆက်တွဲ ပြဿနာများ

- အစိုးရိမ်လွန်ခြင်းကြောင့် မိသားစုများ ခင်မင်သူများနှင့် ပြဿနာတက်ခြင်း

- လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းဆောင်နိုင်ခြေ လျော့ကျခြင်း

- မိသားစု နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အခက်အခဲရှိခြင်း

- ကျန်းမာရေး စစ်ဆေးမှုများ မကြာခဏပြုလုပ်ခြင်းကြောင့် ငွေးကြေ အဆင်မပြေဖြစ်ခြင်း

- အခြားစိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားရခြင်း (ဥပမာ- စိတ်ပူပန်လွန်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊ စိတ်မူမမှန်ဖြစ်ခြင်း)


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းရောဂါဖြစ်သည်ဟု သံသယရှိပါက စိတ်ပညာဆိုင်ရာပညာရှင်(သို့) စိတ်ရောဂါအထူးကုဆရာဝန်နှင့် နှစ်သိမ့်ဆွေးနွေးခြင်း ပြုလုပ်သင့်ပါသည်။

- အစိုးရိမ်လွန်ခြင်းကြောင့် စိတ်ဖိစီးမှုများစေပါသည်။ တစ်ခါတစ်ရံတွင် နှစ်သိမ့်ဆွေးနွေးခြင်း ဖြင့် မသက်သာနို်င်ပါ။ ထိုအခါမျိုးတွင် ချစ်ခင်ရသူ တစ်ယောက်ယောက်မှ နှစ်သိမ့်ပေးခြင်းဖြင့် အစိုးရိမ်လွန်ခြင်းသက်သာနိုင်ပါသည်။


စစ်ဆေးမှုများ

- ဆရာဝန်မှ စိတ်ကျန်းမာရေးဆိုင်ရာ မေးခွန်းများမေးခြင်း၊ လိုအပ်သော စမ်းသပ်မှုများပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ပါလိမ့်မည်။

- သင်အရက်သောက်မသောက်၊ ပုံမှန်စွဲသောက်နေသော ဆေးများရှိမရှိ၊ စိတ်ဖိစီးမှုရှိမရှိ၊ မိသားစုအခြေအနေများ နှင့် အခြားစိတ်ထိခိုက်ဖွယ်ရာ အခြေအနေများရှိမရှိ မေးပါလိမ့်မည်။


အမေရိကန် စိတ်ရောဂါကုပညာရှင်များအသင်းမှ ချမှတ်ထားသော မကျန်းမာမည်ကိုအစိုးရိမ်လွန်ခြင်းရောဂါ ၏ လက္ခဏာများမှာ-

- ယခင်က ပြင်းထန်သော ကျန်းမာရေးဆိုင်ရာပြသာနာများရှိဖူးခြင်း

- မိမိ၏ကျန်းမာရေးအား အလွန်ဂရုစိုက်တတ်ခြင်း

- သိသာထင်ရှားသော ရောဂါလ္ခဏာများမရှိခြင်း

- မိသားစုအတွင်း မျိုးရိုးလိုက်တတ်သောရောဂါရှိခြင်း၊ ထိုရောဂါရှိမည်ကို အလွန်အမင်းစိတ်ပူခြင်း

- ကျန်းမာရေးစစ်ဆေးမှုများ လိုအပ်သည်ထက်ပို၍ မကြာခဏပြုလုပ်ခြင်း၊ သို့မဟုတ် ရောဂါတွေ့မည်စိုးသဖြင့်လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန်ကြောက်ခြင်း

- လွန်ခဲ့သော ၆လအတွင်းက ခံစားခဲ့ရသော ရောဂါလက္ခဏာများ ပျောက်ကင်းသွားသော်လည်း မပျောက်ကင်းသေးဟု ခံစားရခြင်း

- ရောဂါဝေဒနာ ခံစားနေရသည်ဟုထင်သော်လည်း သင့်တော်သော ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီးနောက် ရောဂါ မည်မည်ရရမရှိခြင်း


ကုသခြင်း

မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းရောဂါအား  နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ထိခို်က်မှုမရှိစေရန် စိတ်ကုထုံး သို့မဟုတ် နေ့စဉ်လူနေမှုပုံစံအား ပြောင်းလဲခြင်းဖြင့် ကုသလေ့ရှိသည်။ တစ်ချို့သောလူနာများတွင်မူ ဆေးပေးရန်လိုအပ်လေ့ရှိသည်။


စိတ်ကုထုံး

- ခန္ဓာကိုယ်တွင် ရောဂါလက္ခဏာများ ခံစားနေရခြင်းသည် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများနှင့် တိုက်ရိုက်ပတ်သတ်နေသောကြောင့် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးခြင်းဖြင့် ခန္ဓာကိုယ်တွင် ခံစားနေရသော ရောဂါလက္ခဏာများ သက်သာစေနိုင်ပါသည်။ အထူးသဖြင့် စိတ်ဖိစီးမှုများ လျော့ကျစေရန် စကားပြောပေးခြင်းသည် လည်း ထိရောက်သော ကုသမှုတစ်ခုဖြစ်ပါသည်။ နေ့စဉ်လူနေမှုပုံစံအား ပြောင်းလဲခြင်းဖြင့်လည်း လူနာတွင်ခံစားနေရသော မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းအား သက်သာစေနိုင်ပါသည်။

- နေ့စဉ်လူနေမှုပုံစံအား ပြောင်းလဲခြင်း ကုထုံးကို အသင်းအဖွဲ့ဖြင့် ပြုလုပ်လေ့ရှိပြီး  လူနာ၏စိတ်ထဲတွင် ခံစားရမည်ဟု ထင်နေသော ဝေဒနာအား ရှာဖွေဖော်ထုတ်ခြင်း

- စိတ်ဖိစီးမှုများပါက ခန္ဓာကိုယ်တွင် ရောဂါဖြစ်ပွားမှုများ တတ်သဖြင့် စိတ်ဖိစီးမှုနည်းအောင်နေခြင်း

- ခန္ဓာကိုယ်တွင် ပုံမမှန်သော ရောဂါလက္ခဏာ များတွေ့ပါက အစိုးရိမ်မလွန်ပဲ မှန်ကန်သော ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း

- မလိုအပ်ပဲ ကျန်းမာရေးစစ်ဆေးမှုများအား မကြာခဏပြုလုပ်ခြင်းအား ရှောင်ကြဉ်ခြင်း

- မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းရောဂါအတွက် ကုသရန်ဆေးဝါးများကိုမူ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ သောက်ရပါမည်။


ကာကွယ်ခြင်း

- အကယ်၍ စိတ်ဖိစီးမှုများခြင်း ၊စိတ်ပူပန်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ ပြသနာများရှိသည်ဟုထင်ပါက ကျွမ်းကျင်သူ စိတ်ရောဂါ ပညာရှင်များနှင့် တိုင်ပင်ပြီး ကုသမှုခံယူပါ။

- စိတ်ဖိစီးမှုများပါက ထိုစိတ်ဖိစီးမှုများအား ဖြေရှင်းနို်င်ရန် နည်းလမ်းရှာပါ။

- မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းရောဂါဖြစ်ပါက ပြန်မဖြစ်စေရန် သေချာစွာ ကုသမှုခံယူပါ။


လူနေမှုပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

- မကျန်းမာမည်ကို အစိုးရိမ်လွန်ခြင်းရောဂါဖြစ်ပါက ဆရာဝန်နှင့် သေချာစွာ ကုသမှုခံယူပါ။ ဆရာဝန်နှင့် ပုံမှန်ပြသပြီး မိမိ၏ ပြသာနာများကို တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန် တစ်ယောက်ပြီးတစ်ယောက်နှင့် ကုသမှုယူခြင်းကို ရှောင်ကြဉ်ပါ။

- စိတ်ဖိစီးမှုများကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရန်ကြိုးစားပါ။ စိတ်ဖိစီးမှုနည်းအောင် နေပါ။

- စိတ်ဖိစီးမှုများ လျော့ကျစေရန် ကိုယ်လက်လေ့ကျင့်ခန်းများလုပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကိုယ်ခန္ဓာကိုယ် ကျန်းမာစေသည့်အပြင်  စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါသည်။

- မိသားစုများနှင့် ချစ်ချစ်ခင်ခင်နေပါ။ အလုပ်တွင်လည်း လုပ်ဖော်ကိုင်ဖက်များနှင့် သင့်တင့်အောင်နေပါ။

- အရက်သောက်ခြင်းကို ရှောင်ပါ။ စိတ်ငြိမ်ဆေး စိတ်ကြွဆေးများကို လုံးဝမသုံးပါနှင့်။ 

- မိမိခံစားနေရသော ရောဂါလက္ခဏာများအား အင်တာနက်တွင်ရှာပြီး ဖြစ်နိုင်သော ရောဂါများအား ခန့်မှန်းနေခြင်းကို ရှောင်ပါ။


Dr. Aye Myat Myintmo

Ref: Mayo Clinic




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18