Print

Lymphoma ( ပြန်ရည်ကြောအဖွဲ့အစည်းကင်ဆာ )

  21-Nov-2016
Preview Image

 

လူခန္ဓာကိုယ်ရှိရောဂါများကို ပြန်လည်တိုက်ခိုက်ပေးသော  ပြန်ရည်ကြောအဖွဲ့အစည်းတွင် ပြန်ရည်ကျိတ်များ၊ ဘေလုံး၊ သိုင်းမတ်စ်ဂလင်းနှင့် ရိုးတွင်းချဉ်ဆီတို့ပါဝင်သည်။ ပြန်ရည်ကြောအဖွဲ့အစည်း ကင်ဆာဖြစ်ပါက ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်္ဂါအစိတ်အပိုင်းများကို ပျံ့နှံ့နိုင်သည်။
Lymphoma ကို


•    Hodgkin’s Lymphoma နှင့်
•    Non-Hodgkin’s Lymphoma ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

 

Hodgkin’s Lymphoma
ပြန်ရည်ကြောအဖွဲ့အစည်းတွင်းရှိ ဆဲလ်များ ပုံမမှန်ကြီးထွားပြီး ပြန်ရည်ကြောအဖွဲ့အစည်း ပြင်ပသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပွားသောရောဂါဖြစ်သည်။ရောဂါအမည်ကို ဖော်ထုတ်နိုင်ပြီး ထိရောက်စွာကုသပါက ပျောက်ကင်းနိုင်သော ကင်ဆာရောဂါမျိုး ဖြစ်သည်။

 

လက္ခဏာများ
လက္ခဏာများအနေဖြင့် 
•    လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့တွင် ပြန်ရည်ကျိတ်များ ကြီးလာခြင်း ( မနာကျင်တတ်ပေ )
•    မောပန်းနွမ်းနယ်ခြင်း
•    ချမ်းတုန်၍ဖျားခြင်း
•    ညဘက်တွင် ချွေးစေးထွက်ခြင်း
•    ရုတ်တရက် ကိုယ်အလေးချိန် အလွန်အမင်းကျသွားခြင်း
•    အစားအသောက်ပျက်ခြင်း
•    ယားယံခြင်း
•    အရက်သောက်ပြီးချိန်တွင် ပြန်ရည်ကျိတ်များလွန်စွာနာကျင်တတ်ခြင်း၊ အရက်ကိုတုန့်ပြန်မှုပို၍ မြန်လာခြင်းတို့ဖြစ်ပေါ်တတ်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ
ဖြစ်ပွားရသောအကြောင်းရင်းကိုသေချာစွာမသိရသေးပေ။ Hodgkin's Lymphomaမှာများသောအားဖြင့် ရောဂါပိုးများကိုတိုက်ခိုက်ပေးသောခုခံဓာတ် B ဆဲလ်တွင် မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းနေမှုကြောင့် ဖြစ်ရသည်ဟု လေ့လာချက်များအရသိရသည်။

 

ဖြစ်နိုင်ချေများသူများ
•    အများအားဖြင့် အသက် ၁၅နှစ်နှင့် ၃ဝအကြားရှိသူများ
•    မိသားစုများတွင် ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်ဖူးသူများ
•    အမျိုးသားများ
•    အက်စတိမ်းဘား (Epstein- Barr) ရောဂါပိုးဝင်ဖူးသူများ
•    HIV /AIDS ရောဂါကဲ့သို့သောကိုယ်ခံအားနည်းနေသူများတွင် အဖြစ်များသည်။

 

စစ်ဆေးမှုများ
•    ဆရာဝန်နှင့်တိုင်ပင်ကာ ပြန်ရည်ကျိတ်များကြီးမကြီးစမ်းသပ်စစ်ဆေးခြင်း
•    သွေးစစ်ခြင်း
•    ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
•    ပြန်ရည်ကျိတ်ကိုခွဲစိတ်၍ အသားစယူစစ်ဆေးခြင်း
•    ရိုးတွင်းချဉ်ဆီယူ၍ စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း
Hodgkin's Lymphoma ကိုအဆင့်လေးဆင့် ခွဲခြားနိုင်သည်။
ရောဂါ၏ အဆင့်ကိုလိုက်၍ ကုသပုံများကွာခြားနိုင်သည်။
•    ကင်ဆာဆေးများသွင်း၍ ကုသခြင်း
•    ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
•    ရိုးတွင်းချဉ်ဆီအစားထိုးခြင်းတို့ဖြင့် ကုသနိုင်သည်။
ဤကင်ဆာအမျိုးအစားမှာ ရောဂါရှာဖွေတွေ့ရှိပြီး ထိရောက်စွာကုသပါက ပျောက်ကင်းနိုင်သည်။ အသက်ငယ်ရွယ်သူများတွင် ပျောက်ကင်းနိုင်ချေ ပိုများသည်။

 

Non-Hodgkin's Lymphoma
ပြန်ရည်ကြော အဖွဲ့အစည်းတွင်းရှိ Lymphocytesများမှ အလုံးဖြစ်ကာ ကင်ဆာဖြစ်လာခြင်း ဖြစ်သည်။ Non-Hodgkin's Lymphoma သည် Hodgkin's Lymphoma ထက် ပို၍ အဖြစ်များသည်။

 

လက္ခဏာများ
ရောဂါလက္ခဏာများအနေဖြင့်
•    လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် ပြန်ရည်ကျိတ်များတည်ခြင်း
•    ဗိုက်အောင့်ခြင်း၊ ဗိုက်တွင် အလုံးများပေါ်ခြင်း
•    ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း
•    မောပန်းနွမ်းနယ်ခြင်း
•    ဖျားခြင်း
•    ညဘက်တွင် ချွေးစေးများ ပြန်ခြင်း
•    ကိုယ်အလေးချိန်ကျခြင်းတို့ကိုတွေ့ရတတ်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ
ဖြစ်ပွားစေသောအကြောင်းရင်းကို သေချာစွာမသိရသေးပေ။ Lymphocytes သွေးဖြူဥများပုံမမှန် ပွားများခြင်းကြောင့် ဖြစ်ရသည်ဟုလေ့လာချက်များအရသိရသည်။

 

အဖြစ်များသူများ
•    ကိုယ်ခံအားစနစ်ကိုလျှော့ချပေးသောဆေးများ
•    HIV နှင့် အက်စတိန်းဘားပိုးရှိသူများ
•    ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့် ထိတွေ့မှုရှိသူများ
•    အသက် ၆ဝနှင့် အထက်ရှိသူများတွင် အဖြစ်များသည်။

 

စစ်ဆေးခြင်း
•    ဆရာဝန်နှင့် ပြသ၍ ပြန်ရည်ကျိတ်များ၊ အသည်းနှင့် ဘေလုံးတို့ ကြီး၊ မကြီးစမ်းသပ်ခြင်း
•    သွေးနှင့် ဆီးတို့ကိုစစ်ဆေးခြင်း
•    ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
•    အသားစယူ၍ စစ်ဆေးခြင်း
•    ရိုးတွင်းချဉ်ဆီယူ၍ စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း
ရောဂါလက္ခဏာများ ပြရန်ကြာသော (Indolent type) အမျိုးအစားဖြစ်ပါကကုသမှုများခံယူရန်မလိုအပ်ဘဲစောင့်ကြည့်ရန်သာလိုအပ်သည်။
ရောဂါလက္ခဏာများပေါ်ပေါက်လာပါကဆရာဝန်၏ ညွှန်ကြားချက်အတိုင်း
•    ကင်ဆာဆေးများသွင်းခြင်း
•    ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
•    ရိုးတွင်းချဉ်ဆီဆဲလ် အစားထိုးခြင်း
•    ကင်ဆာကို ပြန်လည်တိုက်ခိုက်ရန် ကိုယ်ခံအားကို မြှင့်တင်ပေးသောဆေးများအသုံးပြုခြင်းဖြင့် ကုသနိုင်သည်။

 

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18