Print

Chronic Lymphocytic Leukaemia (CLL) သွေးကင်ဆာ

  26-Oct-2016
Preview Image

Chronic lymphocytic leukaemia ရောဂါသည် ပင်မဆဲလ် (Stem cell) မှ အရွယ်မရောက်သေးသော lymphocyte သွေးဖြူဥဆဲလ်များကို အမြောက်အမြားထုတ်သောကြောင့် သွေးနီဥနှင့် သွေးဥမွှားများနည်းလားပြီး သွေးအားနည်းခြင်းကိုဖြစ်စေသည်။ အရွယ်မရောက်သေးသော သွေးဖြူဥများက ရောဂါကို မကာကွယ်နို်င်သောကြောင့် ရောဂါများ ကူးစက်လွယ်စေသည်။ 

ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများ အနေဖြင့်
- ပင်ပန်းလွယ်ခြင်း၊ မောခြင်း
- ကိုယ်အလေးချိန်လျော့ကျသွားခြင်း
- ရောဂါပိုးများဝင်လွယ်ခြင်းကြောင့် နှာစီးချောင်းဆိုး ဖြစ်လွယ်ခြင်း
- အရိုးနှင့် အဆစ်များနာကျင်ခြင်း
- ပြန်ရည်ကြောအကျိတ်များ(Lymph node) ကြီးခြင်း
- အသည်းနှင့် ဘေလုံးများကြီးလာခြင်းကြောင့် ဝမ်းဗိုက်တင်းခြင်း
အထက်ပါ ရောဂါလက္ခဏာများ ဖော်ပြလာပါက ဆရာဝန်နှင့်တိုင်ပင်ကာ အမြန်ဆုံးစစ်ဆေး ကုသမှုခံယူသင့်သည်။
ရောဂါ ပိုမိုဆိုးရွားလာပါက ပင်ပန်းနွမ်းနယ်ခြင်း၊ အရိုးများ နာကျင်ခြင်း၊ ညဘက်တွင် ချေွးထွက်ခြင်း၊ ဖျားခြင်းနှင့် အလွယ်တကူ သွေးချည်ဥခြင်းတို့ ပိုမိုသိသာလာတတ်သည်။

ဖြစ်ပွားရသောအကြောင်းရင်းများ
ဖြစ်ရသောအကြောင်းရင်ကို သေချာစွာမသိနို်င်သေးသော်လည်း 
- မိသားစုထဲတွင် chronic lymphocytic leukaemia ဖြစ်ဖူးသူများ
- ဥရောပ၊ အမေရိကနှင့် သြစတေးလျ လူမျိုးများ
- အဆုတ်ရောင်ရောဂါ၊ ထိပ်ကပ်နာ၊ နာတာရှည် အဆစ်ရောင်ရောဂါ၊ သွေးဆဲလ်များကွဲသောရောဂါ (Autoimmune haemolytic anaemia) စသော ရောဂါဖြစ်သူများ
- HIV/AIDS စသောရောဂါဖြစ်နေသူများ
- ဓာတ်ရောင်ခြည်နှင့်ထိတွေ့ နေရသူများ
- အသက်ကြီးသူများနှင့် အမျိုးသားများတွင် အဖြစ်များသည်ကို တွေ့ရသည်။

နောက်ဆက်တွဲ ပြဿနာများ
- ကိုယ်ခံအားကျဆင်းခြင်းကြောင့် ရောဂါပိုးများဝင်လွယ်ခြင်း
- သွေးဥမွှားအရေအတွက် လျော့နည်းခြင်းကြောင့် အလွယ်တကူ သွေးချည်ဥခြင်း၊ အလွန်ဆိုးရွားပါက ဦးနှောက်တွင်း၊ အဆုတ်တွင်းနှင့် အစာအိမ်တွင်း သွေးယိုခြင်း 
- သွေးဆဲလ်များကွဲသောကြောင့် သွေးအားနည်းခြင်း
- မျိုးမအောင်ခြင်း 
- စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း တို့ဖြစ်နို်င်သည်။

စစ်ဆေးမှုများ
- ရောဂါလက္ခဏာများကို စစ်ဆေးခြင်း
- သွေးစစ်ခြင်း- အရွယ်မရောက်သေးသော သွေးဖြူဥ အရေအတွက်အလွန်များနေသည်ကို တွေ့ရှိပါက သွေးရောဂါအထူးကုနှင့် တိုင်ပင်ကာ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုိ်င်သည်။
- ရိုးတွင်းချဉ်ဆီကို ဓာတ်ခွဲစမ်းသတ်ခြင်း (Bone Marrow Biopsy)
- မျိုးရိုးဗီဇ စစ်ဆေးခြင်း (Genatic test)
- Immunophenotyping
- Polymerase chain reaction
- ပြန်ရည်ကြော အကျိတ်များကို အသားစယူ စစ်ဆေးခြင်း (lymph node biopsy)
- ဓာတ်မှန် (X-ray)၊ တီဗွီဓာတ်မှန် (Ultrasound)၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း (CT)
- ခါးရိုးဆစ်မှတဆင့် ဦးနှောက်အတွင်း အရည်များကို ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture) တို့ပြုလုပ်နိုင်သည်။

ကုသခြင်း
Chronic lymphocytic leukaemia ကို ပျောက်ကင်းအောင် မကုသနိုင်သော်လည်း ဆေးများဂရုတစိုက် ကုသခြင်းဖြင့် ရောဂါလက္ခဏာများ ကင်းဝေးသည့် အခြေအနေ (remission) အဆင့်သို့ရောက်ရှိနိုင်ပါသည်။
ကုသမှုနည်းလမ်းများမှာ ရောဂါအခြေအနေ၊ လူနာ၏ အသက်နှင့် ဆေးကုသမှုကို ခံနိုင်ရည်ရှိမရှိ အပေါ် မူတည်၍ ကွဲပြားခြားနားသည်။
ရောဂါအခြေအနေကို
၁.အဆင့် A - ခန္ဓာကိုယ်တွင် သုံးနေရာနှင့် အောက် ပြန်ရည်ကြောအကျိတ်များ ကြီးခြင်းနှင့် သွေးဖြူဥ အရေအတွက်များခြင်း
၂.အဆင့် B - ခန္ဓာကိုယ်တွင် သုံးနေရာနှင့် အထက် ပြန်ရည်ကြော အကျိတ်များကြီးခြင်းနှင် သွေးဖြူဥ အရေအတွက်များခြင်း
၃.အဆင့် C - ပြန်ရည်ကြောအကျိတ်များနှင့် ဘေလုံးကြီးခြင်း (spleen enlargement) ၊ သွေးဖြူဥအရေအတွက် များခြင်း၊ သွေးနီဥနှင့် သွေးဥမွှားအရေအတွက်နည်းခြင်း ဟူ၍ သုံးဆင့်ခွဲခြားနိုင်သည်။
နာတာရှည်သွေးဖြူဥကင်ဆာ ( chronic lymphocytic leukaemia) ရောဂါဖြစ်နေသူများသည် ရောဂါလက္ခဏာများ ပြင်းထန်စွာ ပြလေ့မရှိပါ။ ထို့ကြောင့် ဆေးသွင်းခြင်း၏ ဘေးထွက်ဆိုးကျိုးများကို မကြုံတွေ့စေရန် လက္ခဏာများ မဆိုးရွားမီ ဆေးကုသခြင်းမပြုသေးဘဲ ပုံမှန်စောင့်ကြည့်လေ့ရှိသည်။
အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ပိ်န်သွားခြင်း၊ ပြန်ရည်ကြောအဖုများ ကြီးလာခြင်း၊ lymphocytes အရေအတွက် ရုတ်တရက်များလာခြင်းစသော လက္ခဏာများ ပေါ်ပေါက်လာမှသာ ကင်ဆာဆေးများသွင်းခြင်း၊ ပြန်ရည်ကြော အဖုများသေးသွားစေရန် ဓာတ်ကင်ခြင်း တို့ဖြင့် ကုသနိုင်သည်။
ရောဂါလက္ခဏာများသက်သာစေရန် Rituximib ဆေးများပေးခြင်း၊ ပင်မဆဲလ် (stem cell) များ အစားထိုးခြင်းတို့ဖြင့် ကုသနိုင်ပါသည်။

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18