Print

Bulimia Nervosa (အဝလွန်ကြောက် စိတ်ရောဂါ)

  26-Oct-2016
Preview Image

Bulimia Nervosa ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတမျိုးဖြစ်သည်။ ဝေဒနာ ခံစားနေရသူများသည် ၎င်းတို့၏ကိုယ်ခန္ဓာကို အရမ်းအလေးပေး ဂရုစိုက်တတ်ကြပြီး ကိုယ့်ကိုယ်ကို ဝနေသည်ဟု ထင်မှတ်ကာ ၎င်းတို့၏ စိတ်ကူးအိပ်မက်ထဲမှ ပုံစံမျိုးရရှိရန် အစားအသောက်၊ အနေအထိုင်ပုံစံများကို လွန်လွန်ကဲကဲ ထိန်းချုပ်တတ်ကြသည်။ သို့သော် ထိုသို့အစားအသောက်ကို ထိန်းချုပ်ရင်း တခါတရံတွင် စိတ်လွတ်ကိုယ်လွတ် ပြန်လည် စားသောက်တတ်သော အလေ့အကျင့် (Binge eating) ရှိပြန်သည်။ ဤအချက်မှာ Anorexia Narvosa ခေါ် အလားတူဝေဒနာရှင်များနှင့် ကွာခြားသော အချက်ဖြစ်သည်။

ထိုသို့ စိတ်လွတ်ပြီး အလွန်အကဲ စားသောက်အပြီးတွင် "ငါ အများကြီး စားမိပြီ... ဝတော့ မှာပဲ..." ဆိုသော အတွေးမျိုးဝင်လာကာ နောင်တရခြင်း၊ အပြစ်လုပ်မိသကဲ့သ့ို ခံစားရခြင်း၊ ဝလာမည်ကို စိုးရိမ်ခြင်း စသည့် စိတ်ခံစားမှုများစွာ ဝင်ရောက်ကာ ၎င်း ပြုလုပ်ခဲ့သည့် အမှားဟု ယူဆသည့်အရာကို ပြုပြင်ရန် ကြိုးစားတတ်ကြပါသည်... စားပြီးသော အစာများ အန်ထုတ်ရန် ပါးစပ်အတွင်း လက်ထိုးအန်ခြင်း၊ လေ့ကျင့်ခန်းများ ပြင်းထန်စွာ ပြုလုပ်ခြင်း၊ ဝမ်းနှုတ်ဆေးများ စားသုံးခြင်း စသည့် စိတ်ကူးရရာ အပြုအမူများကို ပြုလုပ်တတ်ကြသည်... ထိုသို့ ပြုလုပ်ခြင်းကို Purge ဟုခေါ်ပါသည်... 

လက္ခဏာများ
အောက်ဖော်ပြပါ အချက်များ သင့်တွင် ရှိနေလျှင် သင်သည် Bulimia ဝေဒနာကို ခံစားနေရသော သူတစ်ယောက် ဖြစ်နိုင်ပါသည်...

- မိသားစုထဲတွင် အဝလွန်ရောဂါ (သို့) အစားအသောက်ဆိုင်ရာ စိတ်ရောဂါ တစ်ခုခု ခံစားနေရသူများ ရှိခြင်း
- ကိုယ်ခန္ဓာ ပုံရိပ်အပေါ် မှီခိုရသော အလုပ်အကိုင် (သို့) အားကစားနည်းကို ပြုလုပ်နေရသူများ (ဥပမာ- မော်ဒယ်လ်၊ ကိုယ်ကာယ နည်းပြ၊ Ballet ကချေသည်)
- မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာကို တွေ့မြင်နေကျ ရုပ်သံ မီဒီယာထဲမှ သူများကဲ့သို့ ပိန်ပိန်သွယ်သွယ် ဖြစ်သင့်သည်ဟု အတွေးဝင်ကာ ကိုယ့်ကိုယ်ကို အားမရသူများ
- ကိုယ်ခန္ဓာ ပုံစံကို ထိန်းသိမ်းရန် (သို့) ဝိတ်ကျစေရန် မကြာခဏ အစားအသောက်ထိန်းခြင်း၊ လေ့ကျင့်ခန်း ပြင်းထန်စွာ ပြုလုပ်ခြင်း တို့ကို ပြုလုပ်တတ်သူများ
- အကြောင်းအရာ၊ အလုပ်အကိုင် တခုခုကို ကောင်းပါတယ်... တော်လောက်ပါပြီဟု မကျေနပ်တတ်ဘဲ အရာရာ ပြည့်စုံသည်ထက် ပြည့်စုံအောင် ကြိုးစားတတ်သူ (Perfectionist)များ ၊ စိုးရိမ်စိတ် လွန်ကဲတတ်သူများ 
- ဘဝတွင် ကြီးကြီးမားမား စိတ်ဖိစီးမှုဒဏ် ခံစားရဖူးသူများ (ဥပမာ- မြို့ရွာပြောင်းရွှေ့ခြင်း၊ ကျောင်းပြောင်းခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ ချစ်သူရည်းစားနှင့် ပြတ်ခြင်း )

ဖြစ်ပွားရသော အကြောင်းရင်းများ
အခြား အစားအသောက်ဆိုင်ရာ စိတ်ဝေဒနာများကဲ့သို့ပင် ဤရောဂါမှာလည်း အလွန်ရှုပ်ထွေးသော ပြဿနာများစွာ ရှိပါသည်... ယူဆချက်များအရ မိသားစု၊ အသိုင်းအဝိုင်းနှင့် မိမိ၏ ကိုယ်ပိုင် အတွေးအမြင် စသည်တို့ကြောင့် ဝေဒနာ ဖြစ်ပွားရသည်ဟု ယူဆကြသည်... Bulimia ဝေဒနာ အဖြစ်အများဆုံးမှာ ဆယ်ကျော်သက်အရွယ်များနှင့် အမျိုးသမီးများဖြစ်သည်... ဆယ်ကျော်သက်အရွယ်တွင် စဖြစ်တတ်သည်ဟုဆိုသော်လည်း လူလတ်ပိုင်းအရွယ်လောက်ထိ ဝေဒနာ ဆက်ဖြစ်တတ်သော နာတာရှည် ဝေဒနာ တစ်ခုဖြစ်သည်... 

နောက်ဆက်တွဲ ပြဿနာများ
ကုသခြင်း မပြုလုပ်ရသော လူနာများတွင် Binge နှင့် Purge သံသရာလည်နေတတ်ပြီး ကာလရှည်ကြာလာသည်နှင့်အမျှ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာတတ်ကြသည်... မကြာခဏ အန်သည်အတွက် အစာအိမ်ထဲမှ အက်စစ်ဓါတ်များနှင့် ထိတွေ့ရမှုကြောင့် သွားပိုးစားခြင်း၊ သွားဖုံးရောဂါရခြင်း၊ သွားကြွေလွှာများ ပျက်စီးခြင်း စသည့်ဆိုးကျိုးများ ခံစားရတတ်ပါသည်... ထို့အပြင် အရိုးပွလာခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါဖြစ်ခြင်း စသည့် ရောဂါကြီးများပါ ဖြစ်ပေါ်လာတတ်ပြီး အသက်ဆုံးရှုံးနိုင်သည်အထိ ဒုက္ခပေးနိုင်ပါသည်...

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
Bulimia ဝေဒနာ၏ လက္ခဏာများဖြစ်သော 
- ပုံမှန်ထက် ပိုစားတတ်သော အလေ့အကျင့်ရှိခြင်း
- စားပြီးလျှင် အန်ဖို့ ကြိုးစားတတ်ခြင်း၊ 
- လေ့ကျင့်ခန်း အလွန်ပြင်းထန်စွာ ပြုလုပ်တတ်ခြင်း၊ 
- ဝမ်းနှုတ်ဆေး၊ ဆီးဆေး စသည့် ကိုယ်အလေးချိန်ကျစေတတ်သော ဆေးများကို အသုံးပြုတတ်ခြင်း စတဲ့ လက္ခဏာများ ရှိနေခဲ့လျှင် ဆရာဝန်နှင့် ပြသကာ ကုသမှုခံယူရန် လိုအပ်ပါသည်...

စစ်ဆေးမှုများ
အထက်တွင် ဖော်ပြခဲ့သကဲ့သို့ Bulimia များမှာ Anorexia ဝေဒနာရှင်များနှင့် စားသောက်ပုံ အလေ့အကျင့် ကွာခြားကြသည်... Anorexia များက အစားအသောက် အလွန်နည်းသည့်အတွက် ပိန်ချုံးနေတတ်ပြီး Bulimia များက ကိုယ်ခန္ဓာ ပုံမှန်ဖြစ်နေတတ်ကြသည်... ကိုယ်ခန္ဓာ ပုံမှန်၊ ၎င်းတို့၏ Binge နှင့် Purge ဖြစ်စဉ်များကိုလည်း လူမသိအောင် ပြုလုပ်နေထိုင်တတ်ခြင်းကြောင့် Bulimia ဝေဒနာရှင်များကို ရောဂါရှိမှန်း သိနိုင်ရန် မလွယ်ကူလှချေ... သင့် ပတ်ဝန်းကျင်တွင် Bulimia ဝေဒနာ ခံစားနေရသောသူ ဖြစ်နိုင်သည်ဟု သံသယရှိခဲ့လျှင် စောင့်ကြည့်နိုင်သော လက္ခဏာများမှာ-
- အစာ စားပြီးချိန်တွင် သန့်စင်ခန်းသို့ တန်းသွားတတ်ခြင်း
- လူအများကြားတွင် အစားမစားတတ်ခြင်း၊ အစားအစာ များကို ဖုံးကွယ် သိမ်းဆည်းထားတတ်ခြင်း
- လေ့ကျင့်ခန်း ပြင်းထန်စွာ ပြုလုပ်ခြင်း (သို့) အချိန်ကြာမြင့်စွာ ပြုလုပ်ခြင်း (နေမကောင်း ဖြစ်နေလျှင်ပင် လေ့ကျင့်ခန်း မလုပ်ဘဲ မနေခြင်း )
- Diet, Weight နှင့် ကိုယ်ခန္ဓာ လှပခြင်း ဆိုင်ရာများကို မကြာခဏ ပြောတတ်ခြင်း
- ဝမ်းနှုတ်ဆေး၊ ဆီးဆေး အစရှိသည်များကို သောက်သုံးတတ်ခြင်း

- လက်ဖမိုးတွင် သွားရာ ပုံစံ အမာရွတ်ရှိခြင်း၊ ပါးများ မေးရိုးများ ယောင်ယမ်းနေခြင်း (မကြာခဏ လက်ထိုးအန်ခြင်းကြောင့်) စသည်တို့ ဖြစ်ကြသည်...

ကုသခြင်း
Bulimia ဝေဒနာရှင်များကို ဆေးဝါးဖြင့် ကုသမှုပေးနိုင်ပါသည်... နှစ်သိမ့်ဆွေးနွေးပေးခြင်းမှာလည်း ဤဝေဒနာကို သက်သာစေနိုင်သည်... စောစောစီးစီး ရောဂါသိရှိ၍ စောစီးစွာကုသလေ ရောဂါပျောက်ကင်းဖို့ လွယ်လေဖြစ်သည်... 
ဤဝေဒနာကို အခြား စိတ်ရောဂါများနှင့်လည်း တွဲ၍ တွေ့ရတတ်သည်... ထိုအခြေအနေမျိုးတွင် ကုသမှုမှာ ပိုမိုရှုပ်ထွေးတတ်ပါသည်... ထို့ကြောင့် ရောဂါ ရှိသည်ဟု သံသယရှိခဲ့လျှင် မိမိဘာသာ ဖြေရှင်းရန် မကြိုးစားဘဲ စိတ်ရောဂါ အထူးကု ဆရာဝန်နှင့် ပြသပြီး အကြံဉာဏ်ရယူကာ ကုသသင့်သည်... 

ခြုံငုံပြောရလျှင် Eating Disorder တစ်ခုဖြစ်သော Bulimia ဝေဒနာမှာ အသက်သေဆုံးစေနိုင်သည် အထိ ပြဿနာကြီးသော်လည်း ရောဂါကိုသိပြီး ကုသလျှင် သက်သာပျောက်ကင်းနိုင်သည့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ တစ်ခု ဖြစ်သည်... ထို့ကြောင့် သင်ကိုယ်တိုင်ဖြစ်စေ၊ သင့် ပတ်ဝန်းကျင်မှ သင် အလေးထားရသော သူတစ်ဦးတစ်ယောက်တွင် ထို ဝေဒနာခံစားနေခဲ့ရလျှင်ဖြစ်စေ စိတ်ဓါတ်မကျရန်၊ ဆရာဝန်နှင့် ပြသရန်၊ မိမိ၏ ခံစားချက်များကို သိုဝှက်မထားဘဲ စိတ်သက်သာရာရအောင် ပြောပေးနိုင်သော သူများကို ဖွင့်ဟတိုင်ပင်ရန် အားပေးတိုက်တွန်းသင့်ပါသည်...

Ref: WebMD



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18