Print

Barrett's esophagus

  26-Oct-2016
Preview Image

အစာအိမ်တွင်းမှ အက်ဆစ်များအထက်သို့ ပြန်တတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ အစာရေမျိုအောက်ပိုင်းရှိ တစ်သျှူးများ ပျက်စီးကာအူလမ်းကြောင်းရှိ တစ်သျှူးများနှင့် သဏ္႑ာန်တူသွားခြင်းကို Barrett's esophagusဟုခေါ်သည်။ ယင်းမှတဆင့် ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။


လက္ခဏာများ
အစာအိမ်တွင်းမှ အက်ဆစ်များအထက်သို့ ပြန်တက်သည့်အခါတွင် ဖြစ်တတ်သောလက္ခဏာများအနေဖြင့်
- ရင်ပူခြင်း
- အစာမျိုချရခက်ခြင်း
- တခါတရံ ရင်ဘတ်အောင့်ခြင်းတို့ကို ကြုံတွေ့ရတတ်သည်။
တစ်သျှူးများပြောင်းလဲခြင်းကြောင့်မူ ထူးထူးခြားခြား လက္ခဏာများကို မတွေ့ရတတ်ပေ။

ဖြစ်ပွားရသော အကြောင်းရင်းများ
- ဖြစ်ပွားရသောအကြောင်းရင်းကိုသေချာစွာမသိရသေးသော်လည်းအများအားဖြင့် အစာအိမ်တွင်းရှိအက်ဆစ်များအထက်သို့ ပြန်တက်သည့်ရောဂါကိုအချိန်ကြာမြင့်စွာခံစားနေရသူများတွင် တွေ့ရလေ့ရှိသည်။

ဖြစ်နိုင်ချေများသူများ
- အသက်အရွယ်မရွေးတွင် တွေ့ရသော်လည်း အသက်ကြီးသူများတွင် ပို၍အဖြစ်များသည်။
- အမျိုးသားများ
- ကိုယ်အလေးချိန်များသူများနှင့်
- ဆေးလိပ်သောက်သူများတွင် အဖြစ်များသည်။

နောက်ဆက်တွဲ ပြဿနာများ
နောက်ဆက်တွဲအနေဖြင့် အစာရေမျိုကင်ဆာအဖြစ်သို့ ပြောင်းလဲတတ်သည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
• အစာအိမ်တွင်းမှ အက်ဆစ်များအထက်သို့ပြန်တက်သောလက္ခဏာများကိုငါးနှစ်နှင့်အထက် ကြုံတွေ့နေရပါက Barrett’s oesophagus ဖြစ်နိုင်ချေများသဖြင့် ဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်သောစစ်ဆေးမှုများကို ပြုလုပ်သင့်သည်။
• ရင်ဘတ်အောင့်ခြင်း၊ အစာမျိုချရခက်ခြင်း၊ ကော်ဖီရောင် သို့မဟုတ် သွေးရောင်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်းတို့ ဖြစ်ပွားပါကနီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွားရောက်ကာကုသမှုများကိုခံယူသင့်သည်။

စစ်ဆေးမှုများ
- Barrett’s Oesophagus ဖြစ်၊ မဖြစ်သိနိုင်ရန် အစာရေမျိုတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း
- ကင်ဆာအဖြစ်ပြောင်းလဲခြင်းရှိ၊ မရှိသိနိုင်ရန် အသားစယူ၍ စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

ကုသခြင်း
ကုသရာတွင် ကင်ဆာအဖြစ်ပြောင်းလဲခြင်းရှိမရှိနှင့် လူနာ၏ ကျန်းမာရေးအခြေအနေတို့ပေါ်တွင် မူတည်၍ ကုသမှုများကွာခြားနိုင်ပါသည်။
ကင်ဆာမဖြစ်မီသို့မဟုတ် ကင်ဆာအစောပိုင်းဖြစ်ပါက -
• ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲခြင်းသို့မဟုတ် ပို၍များလာခြင်းကိုသိနို်င်ရန် တစ်နှစ်လျှင်တစ်ကြိမ် မှန်ပြောင်းကြည့်ကာအသားစယူစစ်ဆေးသင့်သည်။ ထူးခြားသောပြောင်းလဲမှုမရှိပါက သုံးနှစ်ကြာလျှင် တစ်ကြိမ် ပြန်လည်စစ်ဆေးသင့်ပြီး ပြောင်းလဲမှုရှိပါက ခြောက်လကြာလျှင် ပြန်လည်စစ်ဆေးသင့်သည်။
• အက်ဆစ်များအထက်သို့ ပြန်တက်ခြင်းကို သက်သာစေရန် ဆေးများသောက်ခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
• လိုအပ်ပါက အစာအိမ်အထက်ပိုင်း ရှုံ့ကြွက်သားကိုခွဲစိတ်ပြုပြင်၍ လုံအောင်ပြုလုပ်နိုင်ပါသည်။

High-grade ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားပါက
- အစာအိမ်လမ်းကြောင်းကြည့်မှန်ပြောင်းကိုအသုံးပြုကာကင်ဆာဆဲလ်များကို ဖြတ်ထုတ်ခြင်း
- ဓာတ်ရောင်ခြည်သုံး၍ ကင်ဆာဆဲလ််များကိုဖယ်ရှားခြင်း
- ကင်ဆာဆဲလ်များကိုအေးခဲစေသောနည်းဖြင့် ဖယ်ရှားခြင်း (Cryotherapy)
- အလင်းသုံး၍ ကုသခြင်း (Photodynamic therapy)
- ပျက်စီးသွားသော အစာရေမျိုအပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ခြင်းတို့ဖြင့် ကုသနိုင်သည်။


ကာကွယ်ခြင်း
အဝမလွန်စေရန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
- ဝမ်းဗိုက်ကိုတင်းကျပ်စေကာ အက်ဆစ်အထက်သို့ ပြန်တက်စေသော အဝတ်အစားကျပ်ကျပ်များကို ဝတ်ဆင်ခြင်းမှရှောင်ကျဉ်ခြင်း
- အစာအိမ်တွင်းအက်ဆစ်ဓာတ်များစေသည့် ကော်ဖီကဲ့သို့သောအစားအသောက်များကိုရှောင်ကျဉ်ခြင်း
- ဆေးလိပ်သောက်ခြင်းကိုရှောင်ခြင်း
- အစာစားပြီးချိန်တွင် ကိုယ်ကိုဖြောင့်ဖြောင့်မတ်မတ်ထားခြင်း
- အစာစားပြီးပြီးချင်းလှဲခြင်းကိုရှောင်ခြင်း
- အိပ်ရာတွင် ဦးခေါင်းပိုင်းကိုအနည်းငယ်မြှင့်၍ အိပ်ခြင်းတို့ဖြင့် အက်ဆစ်ဓာတ် အထက်သို့တက်ခြင်းကိုကာကွယ်နိုင်ပါသည်။

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18