Print

အမျိုးသားအင်္ဂါကင်ဆာအကြောင်း

  04-Jul-2018
Preview Image


          မကြာမီကာလတစ်ခုက စာဖတ်ပရိသတ်ပါဟု ဆိုလာသူ ကိုခင်မောင်ဝင်း သို့မဟုတ် အဝင်း ၄၂ နှစ်က ဖုန်းဆက်မေးရာ အဝင်းဟာ GAY တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ စာပေဝါသနာပါသူတစ်ဦးဖြစ်ပြီး ဂျာနယ်တွေကိုလည်း ဝယ်ယူဖတ်ရှုလေ့ရှိပါတယ်။ စာအုပ်တွေကို သိမ်းဆည်းထားလေ့ ရှိပေမယ့် ဂျာနယ်တွေကတော့ များလာရင် ပိဿချိန်နဲ့ ထုတ်ရောင်းလေ့ရှိပါတယ်။ ဒီတော့ တစ်နေ့မှာ ဂျာနယ်အဟောင်းတွေကို ရှင်းလင်းစဉ် သူမဖတ်မိလိုက်တဲ့ သတင်းတစ်ခုကို ဂျာနယ်တစ်ခုမှာ သွားတွေ့ပါတယ်။ အဲဒီသတင်းက ဘာလဲဆိုတော့ နိုင်ငံခြား GAY တစ်ဦးရှိတယ်။

          GAY က မိန်းမစိတ်ဆိုတော့ အမျိုးသားလိင်အင်္ဂါကြီး သူ့ဆီမှာ ရှိနေတာ သူ့အဖို့ ကြီးစွာသော စိတ်ဒုက္ခကို ဖြစ်စေပါတယ်။ ခွဲစိတ် လိင်ပြောင်းရန်လည်း ငွေကြေး မတတ်နိုင်လား ဘာလားတော့ သေသေချာချာ မသိသေးဘူး။ GAY ဟာ လိင်တံကို ပလာစတာနဲ့ ဝမ်းဗိုက်မှာ အမြဲကပ်ထားတော့ လိင်အင်္ဂါ မရှိသလို ဖြစ်နေပါတယ်။ သို့သော် ကြာတော့ အဲဒီလိင်တံက ကင်ဆာဖြစ်သွားလို့ ဆရာဝန်တွေက ဖြတ်တောက်ပေးတဲ့ သတင်းပါ။ အဝင်းရဲ့ အဆိုအရ သူဟာလည်း သူ့ရဲ့လိင်တံကို တစ်ခါတစ်ရံ ဝမ်းဗိုက်မှာ ပလာစတာနဲ့ ကပ်မိတယ်လို့ ဆိုပါတယ်။

          အမှန်ကတော့ အကောင်းဆုံးအဖြေကတော့ လိင်တူလက်ထပ်ခွင့်တော့၊ တရားဝင် လိင်ပြောင်းခွင့်တို့ ရှိတဲ့နိုင်ငံမှာ လိင်အင်္ဂါမလိုချင်ရင် လိင်ပြောင်းတာ GAY အတွက် စိတ်အချမ်းသာဆုံး အဖြေပါ။ ဒါပေမဲ့ GAY တို့ကို အသိအမှတ် မပြုတဲ့ ဒေသမှာတော့ ဒီလိုအဖြေမျိုးဆို ခက်တယ်။ ကျားမျိုးပွား အင်္ဂါရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းများရေး ရှုထောင့်က အဖြေရရင်တော့ ဒီလိုလုပ်တာ မကောင်းပါဘူး။ မျိုးပွားအင်္ဂါ သွေးလှည့်လှည် စီးဆင်းမှုကို အဟန့်အတားဖြစ်ပါတယ်။ GAY ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကိစ္စမှာတော့ သူတို့ဘက်ကလည်း ဒီလိုလုပ်ချင်မှာပါ။ ဒါ့ကြောင့် GAY ရဲ့ စိတ်ပိုင်းဆိုင်ရာ တောင့်တချက် ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာကို Test လုပ်ပြီးမှ အဖြေပေးလို့ရပါမယ်။

          လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျန်းမာရေး သတင်းတစ်ပုဒ်ကို ဖတ်ဖူးတာကတော့ ဘွားဘွားကြီး တစ်ယောက်ဟာ အံကပ်သွားတုကို ဆယ်စုနှစ်တစ်နှစ်ကျော် ဖြုတ်ပြီး မဆေးလို့ သွားဖုံးကင်ဆာ ဖြစ်သွားပါတယ်။ အမျိုးသားအင်္ဂါကို ဆက်တိုက်ကြီး ဝမ်းဗိုက်မှာ တပ်ထားတာဆိုရင်တော့ မကောင်းပါဘူး။ တစ်ရက်တလေ ကပ်မိတာကတော့ အန္တရာယ် မရှိလောက်ပါဘူး။

          အမျိုးသားအင်္ဂါကပ်တာနဲ့ ပတ်သက်လို့ နည်းနည်းရှင်းရရင်တော့ အဖြစ်များတာကတော့ လိင်တံအရေပြား ရှည်ထွက်နေပြီး ငုံနေသလိုဖြစ်နေရင် အန္တရာယ်ရှိလို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အဲဒီလို ငုံနေလို့ ဖြစ်တဲ့ကင်ဆာကတော့ ပေါတယ်။ ယခုကိစ္စလို မျိုးပွားအင်္ဂါကို ဝမ်းဗိုက်မှာ ကပ်လို့ ကင်ဆာဖြစ်တာကတော့ ရှားလွန်းပါတယ်။

          နောက်တစ်ခု တင်ပြချင်တာကတော့ လိင်တံကင်ဆာက GAY မှာဖြစ်တော့ ဆရာဝန်တွေက ဖြတ်ပေးတော့ GAY ကလည်း အဲဒါကို မလိုချင်တာနဲ့ အံကိုက်ဘဲဆိုပြီး အားကျတာမျိုး မဖြစ်စေချင်ပါဘူး။ ကင်ဆာဖြစ်လို့ ဖြတ်ပေးတဲ့ ကိစ္စကတော့ ကင်ဆာကို ကုတဲအနေနဲ့ တစ်ပိုင်းတစ်စပဲ ဖြတ်ပေးတာ။ မိန်းမဘဝကို လုံးလုံးပြောင်းသွားတဲ့အထိ ခွဲပေးတာ မဟုတ်ဘူးဆိုရင်တော့ GAY ရဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုအတွက်တော့ မထူးပါဘူး။ နောက်ပြီး ကင်ဆာဖြစ်လို့ ဖြတ်တယ်ဆိုတာ နုနယ်တုန်းတော့ ဖြစ်နိုင်ပါတယ်။ အသိနောက်ကျလို့ ကင်ဆာဆဲလ်တွေ ခန္ဓာကိုယ်အတွင်းကို ပြန့်သွားပြီဆိုရင် ဖြတ်လည်း အလကားပါပဲ။

          ဒါကြောင့် GAY ပဲ ဖြစ်ဖြစ်၊ ယောကျ်ားစစ်စစ်ပဲဖြစ်ဖြစ် ပန်းငုံနေရင် ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ်။ လိင်တံအင်္ဂါမှာ အနာဖြစ်ရင်လည်း ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ်။ အမှန်ကတော့ GAY တစ်ဦးဟာ ကျားမျိုးပွားအင်္ဂါကို မလိုချင်ဘူးဆိုရင် အဲဒီကိစ္စက ဆေးပညာ၊ ဥပဒေ၊ လူမှုရေး သုံးပွင့်ဆိုင်ရာ ပြဿနာကြီး ဖြစ်နေဖို့ ရှင်းရခက်တယ်။ တချို့ ဥပဒေအနောက်နိုင်ငံကြီးတွေမှာတော့ ဥပဒေကလည်း ခွင့်ပြု၊ လူမှုရေးအရလည်း GAY ကို အထင်မသေးဘူးဆိုရင် ဆေးပညာပိုင်းက လိင်ပြောင်းလိုက်ရတာ ပြဿနာမရှိဘူး။ တချို့နိုင်ငံက ဒီလိုကိစ္စကို လုံးလုံးလက်မခံတော့ လိင်ပြောင်းခွဲစိတ်မှုဟာ တကယ်လို့ တရားမဝင်ဘူးလို့ တစ်ဦးဦးကပြောလာရင် ပြဿနာရှိနိုင်ပါတယ်။

          GAY ကို အသိအမှတ်မပြုတဲ့ ဒေသမှာ GAY ရဲ့ ဖိုအင်္ဂါမှာ ကင်ဆာဖြစ်ရင်တော့ ကင်ဆာကို ကုတဲ့အနေနဲ့ ရောဂါအပိုင်းကို ဖြတ်ရုံပဲ ဖြတ်ပေးပြီး လုံးလုံးလျားလျား မိန်းမလိုဖြစ်သွားအောင်တော့ ဆောင်ရွက်ပေးမယ် မထင်ပါဘူးရယ်လို့ပဲ တင်ပြချင်ပါတယ်။

 

Credit: ဒေါက်တာထွန်းဝင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18