Print

သန္ဓေသားကို ဦးခေါင်းစိုက်အနေအထားသို့အပြင်မှလှည့်ပေးခြင်း

  16-Jun-2018
Preview Image


သန္ဓေသားမှာ တင်ပါးဆုံဖြင့် ဦးတိုက်နေခြင်းမှာ ကိုယ်ဝန်လစေ့တွင် ၄ ရာခိုင်နှုန်းမျှဖြစ်ပွားလေ့ရှိတယ်။ အချင်းရှေ့ရောက်ခြင်း၊ အမြွာကိုယ်ဝန်၊ မွေးရာပါ သားအိမ်နဲ့သန္ဓေသားချို့ယွင်းချက်များ၊ ကိုယ်ဝန်လမစေ့ခြင်း၊ လျော့ရဲရဲဖြစ်နေသော သားအိမ်ကြွက်သားများ၊ တင်ဆုံရိုးခွေကျဉ်းနေခြင်း၊ တင်ဆုံရိုးအတွင်း အဖုအလုံးများရှိနေခြင်းတို့နဲ့ ဆက်စပ်မှုရှိနေတတ်ပါတယ်။ သန္ဓေသားအား တင်ပါးဆုံပြ Breech မှ ဦးခေါင်းထိပ်ပြ Vertex အဖြစ်သို့အပြင်မှ လှည့်ပေးခြင်းကို External Cephalic Version ဟုခေါ်ပါတယ်။

အများဆုံးသော ကလေးများသည် မမွေးဖွားမီ ဦးခေါင်းအောက်အနေအထားတွင် မိခင်၏သားအိမ်အတွင်း တည်ရှိနေကြပါတယ်။ တစ်ခါတစ်ရံ ကလေးသည် ဦးခေါင်းအောက်အနေအထားတွင်မရှိပဲ တင်ပါးဆုံအောက် သို့မဟုတ် ခြေဖဝါးများအောက် ဖြစ်နေတတ်ပါတယ်။ ကိုယ်ဝန်အစောပိုင်းတွင် ကလေးအများစုဟာ တင်ပါးဆုံ ဖြစ်နေတတ်ကြပါတယ်။  သို့သော်  ကိုယ်ဝန်အဆုံးသတ်တွင် ဦးခေါင်းစိုက်အနေအထားသို့ လှည့်သွားပါတယ်။

ယောနိ (မွေးလမ်းကြောင်းမှ) အချို့သောတင်ပါးဆုံကလေးများကို မွေးဖွားပေးနိုင်ပါတယ်။ အလားတူ ကလေးဟာ တင်ပါးဆုံဖြစ်နေမယ်ဆိုရင် အလွန်သေးငယ်ခြင်း၊ သို့မဟုတ် မွေးရာပါ ချို့ယွင်းချက်များ ပါရှိနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်များဟာ များသောအားဖြင့် တင်ပါးဆုံကလေးများကို ဗိုက်ခွဲ မွေးဖွားပေးကြပါတယ်။

ကိုယ်ဝန်ဆောင်ထားချိန်မှာ အမျိုးသမီးတိုင်းဟာ ဆရာဝန်ထံ မှန်မှန်သွားရောက် ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရန် အလွန်အရေးကြီးပါတယ်။ အပြင်မှ ဦးခေါင်းအဖြစ်သို့လှည့်ပေးခြင်း ECV သည် အပြင်က ဗိုက်ပေါ်မှ ကလေးကို လှည့်ပေးခြင်းဖြင့် ဦးခေါင်းအောက် အနေအထားသို့ရောက်ရှိသွားခြင်း ဖြစ်တယ်။ ဆရာဝန်ဟာ သူရဲ့လက်တွေကို အသုံးပြုပြီး ဗိုက်အပြင်ဘက်မှ ကလေးကို ကြိုးစားလှည့်ပေးတာဖြစ်ပါတယ်။ 

သားဦးတွင် ကိုယ်ဝန် ၃၂ ပတ်နှင့် သားနှောင်းတွင် ကိုယ်ဝန် ၃၄ ပတ်တွင် ပြုလုပ်ပေးပါတယ်။ ယောနိမှသွေးဆင်းနေခြင်း၊ အချင်းသည် သားအိမ်ဝင်ပေါက်ရှိနေသည့် နေရာအနီးတွင် တွယ်နေခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်း၊ မူမမှန်သေးငယ်နေသောကလေး၊ ကလေးအား ဝန်းရံထားပြီး  အကာအကွယ်ပေးနေသော ရေမြွာအိတ်အတွင်း အရည်မျက်နှာပြင်နိမ့်ကျနေခြင်း၊ မူမမှန် သန္ဓေသား နှလုံးခုန်သံနှင့် နှလုံးခုန်နှုန်း၊ အချိန်မတိုင်မီ ရေမြွာအမြေးပေါက်ကွဲသွားခြင်း၊ အမြွာသားန္ဓေတည်ခြင်းများ၊ သားအိမ်ပေါ်တွင် အမာရွတ်ရှိနေခြင်း၊ သားဖွားခြင်းရာဇဝင်အကြောင်းမကောင်းသူများတွင် မပြုလုပ်ပေးရပါ။

ဦးခေါင်းစိုက်အနေအထားသို့ အပြင်မှလှည့်ခြင်းဟာ အချင်းကွာခြင်း၊ လမစေ့မီမွေးဖွားခြင်း၊ အချိန်မတိုင်မီ ရေမြွာအမြေးပေါက်ကွဲသွားခြင်း၊ သန္ဓေသားဒုက္ခရောက်ခြင်းကြောင့် အရေးပေါ်ဗိုက်ခွဲစိတ်မွေးဖွားရခြင်း၊ မိခင် သို့မဟုတ် ကလေးတွင် အနည်းငယ်သော သွေးဆုံးရှုံးမှုဖြစ်ခြင်း၊ ချက်ကြိုးအခက်အခဲများ တွေ့စေခြင်းတို့ ရှိလာနိုင်ပါတယ်။

ဗိုက်အဆီဖြိုးခြင်း၊ အမျိုးသမီးက ဗိုက်ကိုလျှော့မထားခြင်း၊ တင်ပါးဆုံသည် တင်ပါးဆုံရိုးခွေ အတွင်းသို့ တင်းကျပ်စွာစိုက်ဝင်နေခြင်း၊ ခြေထောက်ဆန့်နေသော တင်ပါးဆုံ ဖြစ်နေခြင်းတို့ဟာ ဦးခေါင်းစိုက်အနေအထားသို့ အပြင်မှလှည့်ပေးရာမှာ အခက်အခဲရှိနိုင်ပါတယ်။

ယင်းလုပ်ထုံးလုပ်နည်းကို ပြီးဆုံးတိုင်အောင်ပြုလုပ်ပြီး သားန္ဓေသား နှလုံးခုန်သံနှင့် နှလုံးခုန်နှုန်းကို စစ်ဆေးရပါမယ်။ ဦးခေါင်းစိုက်အနေအထားသို့ အပြင်မှလှည့်ပေးခြင်း အောင်မြင်မှုနှုန်းဟာ မွေးဖွားမည့်ရက်နှင့် မည်မျှကပ်နေခြင်း၊ ကလေးတဝိုက်တွင် အရည်မည်မျှရှိခြင်း၊ သန္ဓေတည်ဖူးသော အကြိမ်မည်မျှရှိခြင်း၊ ကလေး၏ ကိုယ်အလေးချိန် မည်မျှရှိခြင်း၊ အချင်းအနေအထားမှာ မည်သို့ရှိနေခြင်း၊ ကလေး၏ အနေအထားမှာမည်သို့ရှိနေခြင်း တို့ပေါ်မူတည်ပါတယ်။

 

Credit: ဒေါက်တာလဲ့လဲ့ဝင်း MBBS(Ygn),D(Obst),RCOG(Lond)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18