Print

FIBROMYALGIA

  15-Sep-2018
Preview Image

Fibromyalgia ဆိုသည်မှာ ခန္ဓာကိုယ်အနှံ့ကြွက်သားနှင့် အရိုးများ နာကျင်ကိုက်ခဲခြင်းများ ဖြစ်ပြီး ထိုနှင့်အတူ ပင်ပန်းလွယ်ခြင်း၊အိပ်ရေးပျက်ခြင်းနှင့် စိတ်ခံစားမှု အခြေအနေများပါ လိုက်ပါ ပြောင်းလဲလာခြင်းကို ခေါ်သည်။

ရောဂါလက္ခဏာများ

ခန္ဓာကိုယ် အနှံ့အပြား (ခါးအပေါ်နှင့် အောက်ပိုင်း ဘယ်ညာ ၂ဖက်စလုံး)တွင် ၃လ ထက်ကြာအောင် နာကျင်ကိုက်ခဲနေခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အိပ်နေစဉ် ခဏခဏ အသက်ရှူရပ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ဝမ်းဗိုက်အောက်ပိုင်း အောင့်ခြင်းတို့ဖြစ်ပေါ်စေနိုင်ပါသည်။


ဖြစ်ပွားစေသော အကြောင်းရင်းများ

Fibromyalgia သည် မျိုးရိုးဗီဇကြောင့် ဖြစ်ပွားတတ်လေ့ရှိရာ မိဘမျိုးရိုးတွင် ရှိပါက မိမိတွင်လည်း ဖြစ်နိုင်ချေရှိပေသည်။ ထို့ပြင် အချို့သော ရောဂါများကြောင့်လည်း ဖြစ်စေနိုင်ပြီး ထိခိုက်ဒဏ်ရာ ရဖူးသူများတွင်လည်း ထိခိုက်ဒဏ်ရာ၏ နောက်ဆက်တွဲ စိတ်ဖိစီးမှုများကြောင့် အရိုးနှင့်ကြွက်သားများ နာကျင်ခြင်းများ ဖြစ်စေနိုင်ပါသည်။


နောက်ဆက်တွဲ ရောဂါလက္ခဏာများ

 နောက်ဆက်တွဲ အနေဖြင့် Fibromyalgia ကြောင့် နာကျင်ခြင်းနှင့် အိပ်ရေးပျက်ခြင်း၊ ထို့ကြောင့် မိသားစု ပတ်ဝန်းကျင်နှင့် အလုပ်ခွင်တွင် ပေါင်းသင်းဆက်ဆံရေး အဆင်မပြေဖြစ်ကာ စိတ်ကျရောဂါနှင့် စိတ်ပူပန်မှုများခြင်း စသော စိတ်ရောဂါများအထိ ဖြစ်လာနိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

Fibromyalgia ၏ ရောဂါလက္ခဏာများသည် တခြားရောဂါလက္ခဏာများနှင့် ဆင်တူသည့် အတွက် တတ်ကျွမ်းသူ ဆရာဝန်များ(Rheumatologist)နှင့် ပြသသင့်ပါသည်။


စမ်းသပ်မှုများ

 ရောဂါ အခြေအနေအား မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ အပြင် စမ်းသပ်စစ်ဆေးမှုများ အနေဖြင့် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ 


ကုသခြင်း

 Fibromyalgia အား ကုသရာတွင် အဓိက ရည်ရွယ်ချက်မှာ အကိုက်အခဲ သက်သာစေရန်နှင့် ကောင်းကောင်း အိပ်ပျော်ကာ စိတ်အခြေအနေ တိုးတက်လာစေရန် ဖြစ်သည်။ ထို့ကြောင့် အကိုက်အခဲပျောက်ဆေးများ ပေးခြင်း၊ စိတ်ကျသက်သာဆေးများ ပေးခြင်းနှင့် တစ်ခါတစ်ရံ အတက်ရောဂါ ကုသရာတွင် သုံးသော ဆေးများဖြင့်လည်း ကုနိုင်ပါသည်။ ထို့ပြင် လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့် စက်ဘီးစီးခြင်း စသော လေ့ကျင့်ခန်းများ လုပ်ပေးခြင်းဖြင့်လည်း ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်။ 


ကာကွယ်ခြင်း

 Fibromyalgia အား ကာကွယ်ရန် နည်းလမ်းများ မရှိပါ။ သို့သော် အိပ်ရေးဝဝအိပ်ခြင်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ အကြောများအား ဖြေလျှော့ပေးခြင်း၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားပေးခြင်းနှင့် ကဖင်းဓာတ်များသော အစာများ၊ အသင့် ကြော်ထားသော အစာများနှင့် အငန်ဓာတ်များသော အစာများကို ရှောင်ကြဉ်ခြင်းများဖြင့် ရောဂါလက္ခဏာများကို သက်သာစေသည့်အပြင် နောက်တစ်ကြိမ် ထပ်၍ ဖြစ်ခြင်းမှလည်း ကာကွယ်နိုင်ပါသည်။


Paing

Ref; Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18