Print

အူမကြီးကင်ဆာ ဖြစ်စေနိုင်သော အကြောင်းရင်းခြောက်မျိုး

  24-Jul-2018
Preview Image


၂၀၁၁ ခုနှစ် အမေရိကန်နိုင်ငံမှာ အူမကြီး ကင်ဆာဖြစ်သူ အသစ်ပေါင်း တစ်သိန်းတစ်ထောင်ရှိပြီး ငါးသောင်းခန့်ဟာ အူမကြီးကင်ဆာနဲ့ သေဆုံးကြတယ်လို့ သိရပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းတွေကို သိနိုင်အောင်
ရေးသားလိုက်ရပါတယ်။

(၁) လိင်အမျိုးအစား
အမျိုးသားတွေက အမျိုးသမီးတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ အနည်းငယ်မြင့်တက်မှု ရှိပါတယ်။ ဘဝတစ်လျှောက် အူမကြီးကင်ဆာ ဒါမှမဟုတ် အစာဟောင်းအိမ် ကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်က အမျိုးသားတွေမှာဆိုရင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ဆိုရင် ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။

(၂) အသက်အရွယ်
အူမကြီးကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်က အသက်ကြီးလာလေလေ၊ ဖြစ်နှုန်း သိသိသာသာ မြင့်တက်လာလေလေပါပဲ။ အူမကြီး ကင်ဆာဖြစ်သူ ၉၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၅၀ ကျော်သူတွေ ဖြစ်နေကြပါတယ်။ အသက် ၅၀ အရွယ်မှာ တစ်နှစ်ကို လူ ၂၀၀၀ မှာ တစ်ဦးဟာ အူမကြီးကင်ဆာ ဖြစ်နေကြပါတယ်။ အသက် ၆၅ နှစ် အရွယ်
မှာဆိုရင် လူတစ်ထောင်မှာ တစ်ဦး ဖြစ်တတ်ပါတယ်။

(၃) လူမျိုး
အာဖရိကန် အမေရိကန် လူမျိုးတွေက တခြားလူမျိုးတွေထက် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ ပိုမြင့်တက်နေပါတယ်။ အာရှနဲ့ လက်တင်အမေရိကန်နိုင်ငံသားတွေက အသားဖြူ လူမျိုးတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ အနည်းငယ် လျော့နည်း နေတတ်ပါတယ်။

(၄) မျိုးရိုး
အူမကြီး ကင်ဆာ ၂၀-၂၅ ရာခိုင်နှုန်းခန့်ဟာ ရောဂါမျိုးရိုး ရှိသူတွေမှာဖြစ်တတ်ပါတယ်။ အသက် ၆၀ မတိုင်ခင် မျိုးရိုးထဲမှာ ရောဂါရှိပါက အူမကြီးကင်ဆာရောဂါဖြစ်နိုင်တဲ့ အန္တရာယ်က ပိုမြင့်တက်နေတာကို တွေ့ရပါတယ်။

(၅) ဘဝနေထိုင် စားသောက်မှုပုံစံ
အဆီများတဲ့ အစာစားတာ၊ အဝလွန်တာ၊ ဆေးလိပ်သောက်တာနဲ့ အရက်အလွန်အမင်း သောက်တာစတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထ ရှိရင် အူမကြီးကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေပါတယ်။ ဒီလို ဘဝနေထိုင်
စားသောက်မှုဆိုင်ရာ အလေ့အထတွေကို ကျင့်သုံးလေလေ၊ အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားလေလေပဲ ဖြစ်ပါတယ်။

(၆) အူရောင်ရမ်းသော ရောဂါများ
အူရောင်ရမ်းတဲ့ ရောဂါရှိသူတွေနဲ့ အူမကြီးကင်ဆာမျိုးရိုး ရှိသူတွေက အူရောင်ရမ်းတဲ့ ရောဂါမရှိသူ၊ မျိုးရိုးမရှိသူတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ငါးဆပိုများပါတယ်။ ဒါ့အပြင် အူမကြီး အသားလုံးရှိတဲ့သူ၊ ဆီးချိုသွေးချို ရောဂါရှိသူနဲ့
နှလုံးရောဂါ ရှိသူတွေဟာလည်း အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်နေပါတယ်။ 

Healthcare.com.mm

Ref: ဇွန်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18