Print

ကုပ်ကျီးပေါင်းတက်ခြင်း

  24-May-2018
Preview Image

မွေးကင်းစကလေးတစ်ယောက်မှာ အရိုးပေါင်း ၂၇၀ လောက်ရှိပါတယ်။ အသက်အရွယ်တဖြည်းဖြည်း ရလာတော့ အရိုးတွေတစ်ခုနဲ့ တစ်ခုပေါင်းစပ်လာပြီး နောက်ဆုံးမှာ ၂၀၆ ရိုးလောက်ပဲ ကျန်တော့တယ်။ ဒီအထဲမှာမှ လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထောက်ပံ့ပေးထားတဲ့ အဓိကအရိုးကတော့ ကျောရိုးဆစ်မကြီး Spinal column ပဲဖြစ်ပါတယ်။ ကျောရိုးဆစ်ဆိုတာ အရိုးဆစ်ပေါင်း ၃၃ ခုနဲ့ တွယ်ဆက်ထားပြီးကုပ်ကနေ မြီးညောင့်ရိုးအထိ ၂၈ လက်လောက် ရှည်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် အရေးကြီးတဲ့အရိုးဖြစ်သလို ဒုက္ခအပေးနိုင်ဆုံး အရိုးလည်းဖြစ်ပါတယ်။ 


ခန္ဓာဗေဒကို လေ့လာကြည့်ရင် အရိုးတွေဟာ အုတ်ခဲတွေ စီထားသလို တစ်ခုနဲ့တစ်ခု ထပ်နေတယ်။ ကြားထဲမှာ အင်္ဂတေလိုမျိုးကြားခံ intervertebral disc တွေခံထားပေးရတယ်။ ကူရှင်သဘောဖိအားကို အလိုက်သင့် ထိန်းပေးဖို့ ဖြစ်ပါတယ်။ အရိုးတွေကို တည်ငြိမ်နေအောင်၊ မြဲမြံနေအောင် တွယ်ဆက်ပေးရတာက  အရွတ်တွေဖြစ်ပါတယ်။ အဆစ်ကတော့ လှုပ်ရှားနိုင်အောင် ပြုလုပ်ပေးသလို လှုပ်ရှားမှုကိုလည်း ကန့်သတ်ပေးတယ်။ ကြွက်သားတွေကတော့ အရိုးအဆစ်တွေရဲ့ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။


 ကျောရိုးဆစ်တွေရဲ့ အလယ်မှာ spinal cord ခေါ်တဲ့ အာရုံကြောမကြီး တစ်ချောင်းက ဖြတ်သွားတယ်။ အဲဒီကျောရိုးမရဲ့ တစ်ဖက်တစ်ချက်စီက ထွက်လာတဲ့အာရုံကြော သေးသေးလေးတွေက ခံစားမှုနဲ့ လှုပ်ရှားမှုဖြစ်စေတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့အခါ အရိုးတွေကြားမှာ ရှိတဲ့ intervertebral disc ကြားခံလွှာက ကျွတ်ဆတ်လာမယ်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံထားရတာကြောင့် ကြားခံလွှာက ပြားချပ်လာပါတယ်။ ရလဒ်ကတော့ အဆစ်တွေကျွံပြီး အထဲမှာရှိတဲ့ ကျောရိုးမ သို့မဟုတ်ကျောရိုးက ထွက်လာတဲ့ အာရုံကြောတွေကို သွားဖိပြီးကျီးပေါင်းရဲ့ လက္ခဏာတွေ ခံစားလာရတယ်။


ကုပ်မှာဖြစ်ရင် ကုပ်ကျီးပေါင်းလို့ Cervical spondylosis လို့ခေါ်ပါတယ်။ ကျီးပေါင်းကြောင့် လက်ပြင်အောင့်သလို တင်းပြီးနာကျင်နေတတ်တယ်။ ပခုံးကနေ လက်ချောင်းတွေအထဲ အပ်နဲ့ထိုးသလို တစစ်စစ်ထုံကျင်နေတာလည်း ရှိတယ်။ ဘယ်ဘက်လက်မှာဖြစ်ရင် နှလုံးရောဂါနဲ့ မှားတတ်တယ်။ ကုပ်ကျီးပေါင်းကနေ အာရုံကြောမ spinal cord ကိုသွားထိရင် cervical myelopathy ဆိုတာဖြစ်လာပါတယ်။ ရောဂါက ပိုဆိုးလာမယ်၊ ကျောရိုးအထက် အာရုံကြောအရင်းပိုင်းကို ထိခိုက်လို့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အားနည်းလာတယ်။ 


အထူးသဖြင့် ကျောရိုးကထောက်ပံ့တဲ့ ခြေထောက်ရဲ့ လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်။ ခြေထောက် အားယုတ်လာသလိုဖြစ်ပြီး အကြောတွေတောင့်တင်း လေးလံလာတယ်။ လမ်းလျှောက်ပုံမမှန်ဘဲ ယိမ်းယိုင်နေတယ်၊ ဖြစ်တဲ့ပုံစံက ဒူးအဆစ်ရောင်တာနဲ့လည်း မှားတတ်တယ်။ ညဘက် ဆီးမကြာခဏသွားတာ၊ ကျောမှာရှိတဲ့ အာရုံကြောမကြီးပေါ် သက်ရောက်မှုရှိတာကြောင့် ဖြစ်ပါတယ်။ မကုပဲထားရင် နောက်ပိုင်းမှာ ဆီး၊ ဝမ်းမထိန်းနိုင်တာ မျိုးတွေထိ ဖြစ်လာတတ်တယ်။


ကုသနည်းတွေက ရောဂါလက္ခဏာပေါ် မူတည်ပြီးကွဲပြားသွားတယ်။ အများစုက ရောဂါပိုဆိုးမလာအောင်နဲ့ ဝေဒနာကို ယာယီသက်သာစေဖို့သာ ဖြစ်ပါတယ်။ ဒီအတွက်ဘာလုပ်ကြလာသလဲ။ လေ့ကျင့်ခန်းလုပ်ခိုင်းတယ်။ အလွယ်တကူအိမ်မှာတင် ဇက်လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။ ခေါင်းလှည့်လေ့ကျင့်ခန်း တစ်နေ့သုံးကြိမ် ငါးမိနစ်စာလောက်လုပ်ပါ။ တင်းနေတဲ့ကုပ်ကို ရေနွေးအိတ်သုံးပြီး အပူကပ်ပေးနိုင်တယ်။ ဆရာဝန်ဆီသွားရင် အကိုက်အခဲပျောက်ဆေး၊ အကြောလျှော့ဆေးမျိုးပေးတတ်တယ်။ သိပ်မဆိုးရင် cervical collar လည်ထောက်ကို နေ့တစ်ဝက်လောက်တပ်ခိုင်းပြီး သက်သာလာစေတယ်။


ဒါမှမသက်သာသေးရင် physiotherapist တွေဆီသွားပြီး လေ့ကျင့်ခန်းလုပ်တာ၊ အပူပေးပြီးနှိပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ အဆစ်ထဲကို စတီးရွိုက်ထိုးပြီး ကုသတဲ့နည်းလည်း ရှိတယ်။ ဘေးထွက်ဆိုးကျိုးတော့များတယ်။ ဝေဒနာကို ယာယီသက်သာစေရုံသာဖြစ်မယ်။ ရောဂါတော့ အရှင်းမပျောက်ကင်းစေနိုင်ပါ။ မသက်သာသေးရင် နောက်ဆုံးပိတ်နည်းကတော့ အရိုးအဆစ်ခွဲစိတ်ပြုပြင်နည်းဖြစ်ပါတယ်။ ခွဲစိတ်နည်းအမျုးိမျိုးရှိပါတယ်။ အဆစ်နေရာကို ခွဲစိတ်ပြီး ပျက်ဆီးနေတဲ့ အပိုင်းတွေကို ရှင်းလင်းဖြတ်တောက်ရတယ်။ ပျက်စီးတဲ့အရိုးနေရာမှာ ကြားခံ bone implant တစ်ခုနဲ့ အစားထိုးထည့်ထားရပါတယ်။ တချို့က မလှုပ်နိုင်အောင် metallic plate သတ္တုပြားတစ်ခုနဲ့ အုပ်ပြီး ချန်ထားခဲ့တယ်။ အများစုက ခွဲစိတ်ပြီး ခြောက်လကနေ ကိုးလအတွင်း အလုပ်တွေပြန်လုပ်နိုင်ကြတယ်။


ကျီးပေါင်းဆိုတာ အရိုးအဆစ်တွေ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပျက်စီးမှုက နှေးတာနဲ့ မြန်တာပဲကွာခြားတယ်။ ပျက်စီးနေတဲ့ အဆစ်အမြစ်က အာရုံခံကြောတွေကို ဖိမိတဲ့အခါ ကျီးပေါင်းလက္ခဏာတွေ စတင်ခံစားလာရတယ်။ ဘယ်အချိန်မှာ စတင်ခံစားရလဲ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူး။ အသက်အရွယ်၊ အလုပ်အကိုင်၊ နေထိုင်မှုပုံစံ ပေါ်လည်းမူတည်တယ်။ တချို့က သိပ်မဆိုးပေမဲ့ တချို့ကတော့ မခံနိုင်အောင် နာကျင်တတ်တယ်။ တူညီတာက တစ်ချိန်ချိန်မှာ ရောဂါပိုဆိုးလာတာပဲဖြစ်တယ်။ 


ဒီအတွက် ဘာတွေကြိုတင်ပြင်ဆင်သင့်လဲ။ 

အနေအထိုင်ဆင်ခြင်ပါ။ ထိုင်တဲ့ပုံစံ၊ အိပ်တဲ့ပုံစံမှန်ကန်ဖို့လိုအပ်တယ်။ ဥပမာ - ထိုင်တဲ့အခါ ခါးမတ်မတ်ထား၊ ရှေ့တည့်တည့်ရှုပြီးထိုင်ပါ။ အိပ်တဲ့အခါ ခေါင်းအုံးတစ်လုံးထပ် မပိုသင့်ပါဘူး။ ကျီးပေါင်းအတွက်သီးသန်ထုတ်တဲ့ အလယ်ကအချိုင့်ပါတဲ့ခေါင်းအုံး မျိုးနဲ့အိပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ဇက်လေ့ကျင့်ခန်းသာမက ခါးလေ့ကျင့်ခန်းပါ လုပ်ကြည့်ပါ။ ရေကူးသလို ခြေ၊ လက်လေ့ကျင့်ခန်းမျိုးလည်း ကောင်းတယ်။ 


ဒါပေမဲ့လေ့ကျင့်ခန်းကို အလွန်အကျွံဖြစ်အောင် မလုပ်သင့်ပါဘူး။ နှေးနှေးနဲ့ မှန်မှန်သာလုပ်ပါ။ ဝိတ်တတ်နိုင်သမျှ ထိန်းပါ။ ဒေါက်မြင့်ဖိနပ်၊ ခွာမြင့်ဖိနပ် မစီးသင့်ပါဘူး။ ကျီးပေါင်းထတဲ့ အချိန်တွေမှာ မျက်စိအာရုံစိုက်ရတဲ့ အလုပ်တွေတတ်နိုင်သမျှ ရှောင်ထားသင့်တယ်။ တီဗွီ၊ ဖုန်း၊ ကွန်ပြူတာ၊ စာအုပ် မဖတ်ပါနဲ့။ ရေအေးမကိုင်ပါနဲ့။ ပန်းကန်ဆေး၊ အဝတ်လျှော်၊ မီးပူတိုက် အလုပ်တွေမလုပ်ပါနဲ့။ အဲယားကွန်း၊ ပန်ကာလေက ပိုဆိုးတတ်တယ်။


 ရေချိုးတဲ့အခါ ရေပူကိုသာသုံးပါ။ ယောဂကျင့်တာလည်း လေ့ကျင့်ခန်း တစ်မျိုးဖြစ်လို့ ကျီးပေါင်းအတွက်သုံးပါတယ်။ တရုတ်အပ်စိုက်ကုထုံးကတည်း အကျိုးရှိနိုင်တယ်။ ဗမာဆေးဆိုတာလည်း စမ်းလို့ရပါတယ်။ ဆေးပညာက အသိအမှတ်မပြုပေမယ့် ကောင်းတဲ့နည်းတွေလည်း ရှိနိုင်ပါတယ်။ ရောဂါအပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်မှုတွေတော့ ကွာခြားနိုင်တယ်။


Dr. Oliver

Ref: ဒေါက်တာအေးမင်းထူး

Health for ALL / No.129 / Oct. 2017



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18