Print

အသည်းအဆီဖုံးခြင်း

  15-May-2018
Preview Image

ဒီနေ့ခေတ်မှာ အသက် ၅၀ ကျော်အရွယ် လူကြီးတွေ တီဗွီဓာတ်မှန်ရိုက်တဲ့အခါ အသည်းမှာအဆီဖုံးနေတာ တွေ့ရပါတယ်။ ဒါဟာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာလည်း အသည်းအဆီဖုံးသူ ကိုးရာခိုင်နှုန်း ၃၈ ရာခိုင်နှုန်းထိ ရှိနေပါတယ်။ လူသုံးယောက်မှာ တစ်ယောက် တွေ့ရတဲ့ သဘောမျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အဝလွန်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသည်းအဆီဖုံး လေ့ရှိတယ်။ တကယ်တော့ အသည်းအဆီဖုံးတာ ပြဿနာမဟုတ်သေးဘူး။ အဲဒီအဆင့်ကနေ အသည်းရောင်လာရင်တော့ သတိထားသင့်ပါပြီ။ ဆေးပညာအရ Steatohrpatitis လို့ ခေါ်ပါတယ်။ အသည်းရောင်ရမ်းမှုက ရေရှည်မှာ အသည်းခြောက်တာ၊ အသည်းကင်ဆာထိ ဆက်ဖြစ်လာနိုင်တယ်။


 အသည်းအဆီဖုံးခြင်းဟာ အရက်ကြောင့် ဖြစ်နိုင်သလို အရက်မသောက်ဘဲလဲ ဖြစ်တတ်တယ်။ အရက်ကြောင့် အသည်းအဆီဖုံးတာကို Alcoholic Fatty Liver disease (AFLD) လို့ ခေါ်ပါတယ်။ အရက်သောက်သူရဲ့ ၅၀-၉၀ နီးပါးမှာ တွေ့နေရတယ်။ သို့သော် မြန်မာလူမျိုး အများစုဖြစ်တာက အရက်နဲ့ မဆိုင်တဲ့ Non-alcoholic Fatty Liver disease (NAFLD) ပါ။ အစားအသောက် အနေအထိုင်နှင့် ဆက်စပ်နေတယ်။ အဆိုးဆုံးက အဝလွန်ရောဂါပါ။ အဝလွန်သူရဲ့ ၉၅ ရာခိုင်နှုန်းလောက်က အသည်းအဆီဖုံးတာ တွေ့ရတယ်။ အသည်းဆိုတာ ဝမ်းဗိုက်ညာဘက် ခြမ်းမှာရှိတဲ့ ခန္ဓာကိုယ်တွင်း အကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် သုံးပေါင်ခွဲနီးပါးရှိပြီး လုပ်ငန်းဆောင်တာတွေက များတယ်။ အဓိက တာဝန်က အဆိပ်အတောက် ဖယ်ရှားပေးတာ ဖြစ်ပါတယ်။ ဥပမာ အရက်သောက်ရင် အရက်ရဲ့ အာနိသင်ကို အသည်းချေဖျက်ပေးတယ်။ ဆေးဝါး၊ ဆိုးဆေး စတာတွေလည်း အတူတူပဲ၊ သွေးကိုလည်း သန့်စင်စေတယ်။


 တခြား တာဝန်တွေလည်း အများကြီးရှိပါတယ်။ အဆီခြေဖျက်ရာမှာ အသုံးဝင်တဲ့ သည်းခြေရည်ကို အသည်းက ထုတ်ပေးတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တွက် လိုအပ်တဲ့ သကြားဓာတ်၊ သံဓာတ်နဲ့ တခြား ဗီတာမင်တွေကို အသည်းက သိမ်းဆည်းပေးတယ်။ လိုအပ်လာတော့ စွမ်းအင်အဖြစ် ထုတ်ပေးတယ်။ ဒါတင်မကသေးဘူး။ သွေးခဲတဲ့ ဓာတ်ကိုလည်း အသည်းကပဲ ထုတ်ပေးတာ။ ဟေမိုဂလိုဘင်နဲ့ တခြားဟော်မုန်းတွေကိုလည်း ဖျက်ဆီးပေးတယ်။ သွေးနီဥဖျက်ဆီးရာက ထွက်ပေါ်လာတဲ့ နောက်ဆက် ပစ္စည်းက ဝမ်းအရောင်ကို ဖြစ်စေတယ်။ အသည်းရောဂါသည်အချို့မှာ ဝမ်းရောင်ဖျော့ပြီး ဆီးရောင်ရင့်နေတာ အသည်းလုပ်ဆောင်မှု မကောင်းလို့ ဖြစ်နိုင်တယ်။


 အသည်းအဆီဖုံးခြင်းက အသည်းထဲ အဆီတွေ အစားထိုးဝင်ရောက်လာလို့ ဖြစ်ပါတယ်။ ထရိုင်ဂလစ်စရိုက် အဆီတွေ များလာရကနေ အသည်းဆဲလ်ထဲစုပုံပြီး အသည်းမှာ အဆီဖုံးလာတယ်။ အဆီက အသည်းဆဲလ်တွေမက တခြားနေရာတွေမှာလည်း များနေနိုင်တယ်။ အထူးသဖြင့် နှလုံး၊ သွေးကြောစတဲ့ နေရာတွေမှာ အဆီဖုံးရင်တော့ ဂရုစိုက်ရပါပြီ။ နှလုံး၊ သွေးတိုးနဲ့ လေဖြတ်နိုင်ချေကို မြင့်တက်လာစေတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသည်းလုပ်ဆောင်မှုကို ထိခိုက်စေတာ အသည်းအဆီဖုံးခြင်းကြောင့်ဆိုတာ တွေ့ရတယ်။ အခုနောက်ပိုင်းမှာ လူငယ်လူရွယ်တွေမှာလည်း တွေ့လာရပါပြီ။


 အသည်းအဆီဖုံးသူအများစုဟာ ဘာလက္ခဏာမှ ပြလေ့မရှိပါဘူး။ ဗိုက်ကို တီဗွီဓာတ်မှန် (အာလ်ထရာဆောင်း) ရိုက်ရာက မတော်တဆ သိလာတာ များတယ်။ အသည်းအဆီဖုံးမက အသည်းပါရောင်လာရင်တော့ မျက်လုံးဝါ၊ ဗိုက်နာ၊ အားယုတ်၊ နုံးချည့်တာမျိုး စတင်ခံစားလာရတယ်။ ဒီ လက္ခဏာတွေက ရောဂါကိုသတိပြုဖို့ လိုအပ်လာပြီဆိုတာ ဖော်ပြတာပါ။ ဘာကြောင့်လည်းဆိုတော့ အသည်းရောင်တာကို ဂရုမစိုက်ဘဲထားရင် နောက်ပိုင်း အသည်းခြောက်၊ အသည်းကင်ဆာအထိ ဖြစ်လာနိုင်လို့ပါ။ 


အသည်းပျက်စီးမှုကို Liver Function test ခေါ်တဲ့ သွေးအဖြေကြည့်ပြီး သိရှိနိုင်တယ်။ အသည်းပျက်စီးတာနဲ့ တစ်ပြိုင်နက် သွေးထဲကို အသည်း အင်ဇိုင်းတွေ ထုတ်ပေးတယ်။ သို့သော် အသည်းအင်ဇိုင်းများတိုင်းအသည်းရောင်တာ ဟုတ်ချင်မှ ဟုတ်မယ်။ တခြားအကြောင်းအရာတွေကလည်း ဖြစ်နိုင်ပါတယ်။ အသည်းရောင်သူကို စမ်းကြည့်ရင် ဝမ်းဗိုက်ညာဘက် နံရိုးအောက်မှာ အသည်းကြီး နေတာကို စမ်းမိတတ်တယ်။ အသည်းပါခြောက်လာရင် ဝမ်းဗိုက် ညာဘက်ခြမ်း ဘယ်ဘက်ခြမ်း ဘေလုံးပါ ကြီးလာလိမ့်မယ်။ ရေဖျဉ်းစွဲတာ၊ ခြေလက်ဖောရောင်တာ ရှိရင်တော့ အသည်းခြောက်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ စနစ်တကျကုသရမယ်။


 အရက်ကြောင့် အသည်းအဆီဖုံးတွေအတွက် ရှင်းတယ်။ အရက်ဖြတ်ပြီး အစားအသောက် မျှတအောင်စားရင် ပြန်ကောင်းနိုင်တယ်။ အရက်ကြောင့်မဟုတ်ပဘဲ တခြားရောဂါ (အဝလွန်၊ ဆီးချို) ကြောင့် ဆိုရင်တော့ ဖြစ်စေတဲ့ အကြောင်းရင်းကို ကုရမှာပါ။ တစ်ခါတစ်ရံ အသည်းအားဆေးတွေလိုတယ်။ ဒီနောက်ပိုင်း ဆီးချိုဆေးတစ်မျိုးဖြစ်တဲ့ Pioglitazone ကိုလည်း စမ်းသပ်လာကြတယ်။ အသည်းအဆီဖုံးခြင်းဟာ ကြောက်စရာ အခြေအနေမျိုး၊ မဟုတ်ပါဘူး။ လေ့လာစမ်းသပ်မှုတွေအရ နှစ် ၂၀ အတွင်းအသည်းခြောက်နိုင်ချေက နှစ်ရာထိုင်နှုန်းထိ မရှိဘူး။ သို့သော် အသည်းရောင်ရင်တော့ သတိထားရမယ်။ အသည်းရောင်ရမ်းမှုကြောင့် ၁၀ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်။ ဒါဟာ ရက်သောက်ပြီး အသည်းခြောက်တဲ့နှုန်းနဲ့ အတူတူပဲဖြစ်တယ်။ 


 အသည်းအဆီဖုံးသူ တစ်ယောက်ဟာ အနေအထိုင် အစားအသောက် အစားအသောက်ဆင်ခြင်နိုင်ရန် သုံးလမှ ခြောက်လအတွင်း သက်သာပျော်ကင်းနိုင်ပါတယ်။ အနေအထိုင်ဆိုတဲ့အထဲမှာ လေ့ကျင့်ခန်းလည်းပါးပါတယ်။ အသည်းအဆီဖုံးသူတစ်ယောက်အတွက် အရေးကြီးဆုံး အကြံပြုချက်က လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ပါ။ တစ်ရက်ကို အနည်းဆုံး နာရီဝက်ကနေ တစ်နာရီထိ လေ့ကျင်ခန်းလုပ်ပေးရမယ်။ အစားသောက်ထဲမှာ အဆီအဆိမ့်၊ အအီ၊ အရက်၊ အချိုရည် စတာတွေ ရှောင်သင့်တယ်။ ခါးတာတွေ တည့်ပြီး အသီးအရွက်ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ ပြောစရာတစ်ခုရှိတာက ဆေးဝါးပါ။ ပုံမှန်အားဖြင့် အသည်းအဆီဖုံးသူတွေကို ဆေးပေးဖို့ မလိုအပ်ပါဘူး။ အစားအသောက်အနေအထိုင် ဆင်ခြင်ရုံနဲ့ သက်သာပျောက်ကင်းနိုင်တယ်။ သို့သော် အသည်းလုပ်ဆောင်မှုအတွက် ဟာဗယ်လ်ဆေးတွေ ပေးလေ့ရှိပါတယ်။


အသည်းအဆီဖုံးသူအတွက် အကြံပြုချက်


၁။ ဝိတ်ချပါ


 ဝိတ်ချပါဆိုတဲ့ သဘောက အဝလွန်သူရဲ့ ၆၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းဟာ အသည်း အဆီဖုံးနေကြသူတွေ ဖြစ်လို့ပါ။ သို့သော် တစ်ပတ်ကို တစ်ပေါင်ထက်ပို မချသင့်တာ သတိပြုပါ။


၂။ အစားအသောက် ရွေးစားပါ


 အဆီအဆိမ့်နဲ့ ဆိုးဆေးပါတာတွေ ရှောင်ပါ။ မစားသင့်ဘူး။ ဆီးချို တတ်နိုင်သလောက် ထိန်းပါ။ နောက်တစ်ချက်က အစာငတ်ခံတာလည်း အသည်းအဆီဖုံးတတ်ပြန်တယ်။ ဒါကြောင့် ဝိတ်ချသူတွေ သတိထားသင့်တယ်။ သင့်တင့်မျှတရုံတော့ စားပါ။ အသီးအရွက်ကို အားပြုစားတာ အကောင်းဆုံးဖြစ်ပါတယ်။ 


၃။ လေ့ကျင့်ခန်း လှုပ်ရှားမှု များများလုပ်ပါ


 တစ်ရက်ကို အနည်းဆုံး ၄၅ မိနစ်ကြာ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်တာထက် ပြေးတာက ပိုကောင်းတယ်။ အသက်ရှူလေ့ကျင့်ခန်း နေ့စဉ်ပုံမှန် လုပ်ပါ။ သွေးတွင်းအဆီဓာတ်ကို တတ်နိုင်သမျှ လျှော့ချပါ။ အသည်းအဆီဖုံးသူတိုင်း ခြောက်လတစ်ကြိမ် ဆေးစစ်ကြည့်ဖို့ လိုပါတယ်။ အစားအသောက်နဲ့ အနေအထိုင်ကို ဂရုတစိုက်ပြုလုပ်နိုင်ရင် ခြောက်လအတွင်း သက်သာလာတယ်။


Credit: ဒေါက်တာအေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18