Print

အပေါက်အပေါက်နဲ့ ကြောက်စရာ

  09-Jul-2018
Preview Image


သင့်အနေနဲ့ အပေါက်သေးသေးလေးတွေ စုနေတာကိုမြင်တဲ့အခါ စိတ်ထဲက မနေနိုင်မထိုင်နိုင်အောင် ကြောက်လန့်သွားတာမျိုး ဖြစ်ဖူးပါသလား။ ဒီလို အပေါက်တွေကို စိတ်နေအောင်မြင်လိုက်ရတဲ့အခါ ရုတ်တရက် ဘာလုပ်ရမှန်းမသိအောင်ကို တစ်ကိုယ်လုံးတွန့်သွားတာမျိုး ဖြစ်ပါသလား။ ဒါဆိုရင်တော့ မိတ်ဆွေမှာ trypophobia လို့ခေါ်တဲ့ အပေါက်တွေကို ကြောက်တဲ့အခြေအနေ ရှိနေတာဖြစ်နိုင်ပါတယ်။

Trypophobia ဆိုတာ အပေါက်အပေါက်တွေကို မြင်တဲ့အခါ မနေနိုင်မထိုင်နိုင် ကြောက်တဲ့အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ အထူးသဖြင့် မျက်နှာပြင်တစ်ခုမှာ အပေါက်တွေ ဗြုတ်ထနေအောင် ပြည့်နေရင်ပိုဆိုးပါတယ် ဥပမာ လက်မှာ၊ မျက်နှာမှာ ရောဂါတစ်ခုုခုကြောင့် အပေါက်တွေဖြစ်ကျန်ခဲ့တာမျိုးပါ။ Trypophobia ရှိတဲ့သူတွေဆို ဒါမျိုးမြင်လိုက်တာနဲ့ မျက်နှာလွှဲပစ်တဲ့အထိပါပဲ။ တစ်ခုရှိတာက ဒီလို ကြောက်လန့်တတ်တဲ့ စိတ်အခြေအနေကို သေချာလေ့လာထားခြင်းမျိုးတော့ မရှိပါဘူး၊ ကြောက်လန့်တတ်တဲ့ phobia စိတ်အခြေအနေဆိုပေမဲ့ တစ်ခြားကြောက်လန့်လွန်ရောဂါတွေလောက် မဆိုးလို့လည်းပါပါလိမ့်မယ်။

 

Trypophobia ရှိတဲ့သူတွေက များသောအားဖြင့်အောက်ပါအရာတွေကိုမြင်ရင် ထိတ်လန့်တတ်ကြပါတယ်

- အစေ့ထုတ်ထားသောကြာခွက်

- ပျားအုံ

- စတော်ဘယ်ရီ

- တလဲသီး

- ရေမြှုပ်များ

- အလူမီနီယံကို အသေးစိတ်မြင်တွေ့ရသောပုံ စတာတွေကို မြင်ရင်သူတို့စိတ်က ကြောက်ရွံ့စိတ်လေး ပေါ်လာတတ်ပါတယ်။

 

Trypophobia ရှိတဲ့ လူအများစုကတော့ မြင်မြင်ခြင်းကြောက်လန့်တတ်သွားတာ၊ ကြက်သီးထတာ၊ နေမထိ ထိုင်မသာ ဖြစ်တာကနေ မျက်လုံးကိုက်လာတာ၊ ကိုယ်ပေါ်တစ်ကောင်ကောင်တက်လာသလို ခံစားရတာတွေအထိ ဖြစ်တတ်ပါတယ်။ အစကတည်းက နည်းနည်းစိတ်လှုပ်ရှားလွယ်သူဆို ဒီလိုပုံစံတွေ မြင်လိုက်တာနဲ့ အရမ်းကို ကြောက်လန့်သွားပြီး ကတုန်ကရင်ဖြစ်တာ၊ ဇောချွေးတွေပြန်လာတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်သူငယ်ချင်း တစ်ယောက်ယောက်မှာ ဒီလို ကြောက်တတ်တဲ့ အခြေအနေရှိရင် မစပါနဲ့။ နောက်ဆက်တွဲ ပြဿနာဆိုတာ ပြောလို့ရတာမဟုတ်ပါဘူး။

Trypophobia ကို ဆေးပညာအရကော၊ သိပ္ပံပညာကပါ အကြောက်လွန်ရောဂါ တစ်ခုရယ်လို့ မသတ်မှတ်ထားတာကြောင့် ဒီလိုစိတ်အခြေအနေရှိသူတွေကို မှတ်တမ်းတင်ရတာ၊ သေချာအောင်လုပ်ရတာ သိပ်မလွယ်ကူပါဘူး။ ရှိတယ်ဆိုတာ သေချာခဲ့ရင်တော့  ဒီကြောက်လန့်စေတဲ့ အရာတွေကို ရဲရဲကြည့်ရဲသွားအောင် ပြုလုပ်ပေးတဲ့နည်းနဲ့ ကုသပါတယ်။ မြင်လိုက်ရင်ကြောက်လန့်စေတဲ့ ဒီရုပ်ပုံတွေကို တဖြည်းဖြည်းချင်း အာရုံစူးစိုက်ပြီး ကြည့်စေပါတယ်။ ကြည့်တဲ့အခါ အပေါက်တွေကို အာရုံသိပ်မစိုက်စေပဲ ပုံထဲက အရောင်တွေ၊ ပစ္စည်းတွေကို သေချာကြည့်စေတယ်၊ ပြီးတော့မှ ကိုယ်ကြောက်တဲ့ အပေါက်တွေကို ရဲရဲကြည့်စေတယ်။ လေ့ကျင့်တာ ကြာလာတာနဲ့အမျှ ပြဿနာပြေလည်သွားတာကို တွေ့ရပါတယ်။

တချို့သူတွေကျတော့လည်း သူများထပ်ပိုပြီး အကြောက်လွန်တဲ့ အခြေအနေရှိတယ်။ သူတို့ကိုတော့ စိတ်ကျန်းမာရေးအထူးကုနဲ့ ပြောဆိုဆွေးနွေးစေတာ၊ စိတ်ငြိမ်ဆေးတွေပေးတာ၊ စိတ်ကိုတည်ငြိမ်စေတဲ့ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ နည်းလမ်းတွေဖြစ်တဲ့ အားကစားပြုလုပ်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်း စတဲ့နည်းတွေပါ ပေါင်းပြီး ဒီကြောက်စိတ်ကို ဖြေဖျောက်ပေးပါတယ်။ ဒါ့အပြင် ဒီလိုကုသနေတုန်း အိပ်ရေးဝဝအိပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ပေးတာ၊ ကော်ဖီလို ကဖိမ်းဓာတ်ပါတဲ့ သောက်စရာတွေကို ရှောင်ကျဉ်တာ မျိုးတွေပါလုပ်ပေးရင် ဒီအကြောက်လွန်တဲ့ အခြေအနေကို ကျော်လွှားရာမှာ ပိုအဆင်ပြေစေမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောချင်တာကတော့ ဒီ trypophobia ဆိုတာ စိတ်ရောဂါတစ်ခု မဟုတ်ပါဘူး၊ လူအတော်များများလည်း ဒီလိုအပေါက်တွေ ဗြုတ်ထနေတာမြင်ရင် နည်းနည်းတော့ အသည်းယားသလို ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်လာရင်ကိုယ့်ဖာသာ အရင်ကုစားနိုင်တဲ့ နည်းကတော့ ဒီပုံတွေကို ရဲရဲသာကြည့်လို်က်ပါ၊ စစလုပ်ခြင်းတော့ မရဲမဝံ့ဖြစ်နိုင်ပေမဲ့ နောက်ပိုင်းမှာတော့ ကြောက်စိတ်နည်းသထပ် နည်းလာပြီး ကြည့်ရဲလာမှာပါလို့ ပြောရင်းနိဂုံးချုပ်လိုက်ရပါတယ်။

 

Dr. Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18