Print

Meditation

  20-Jun-2018
Preview Image

ယခုအခါ မက်ဒီတေးရှင်း (Meditation) ဟူသော စကားလုံးသည် လူအများနှင့် ယဉ်ပါးနေသော စကားလုံး ဖြစ်ပါသည်။ မက်ဒီတေးရှင်းဆိုသည်မှာ အာရုံတစ်ခုတည်း အပေါ်၌ စိတ်တည်တံ့နေအောင် သတိကပ်ထားသော အလေ့အကျင့်ပင်ဖြစ်သည်။ ဂါထာမန္တန်တစ်ခုကို အာရုံစိုက် ရွတ်ဖတ်နေခြင်း၊ အရာဝတ္ထုတစ်ခုပေါ်သို့ မမှိတ်မသုန် စူးစိုက်ကြည့်နေခြင်းနှင့် မိမိယုံကြည်ကိုးစားရာ အာရုံတစ်ခုခုကို သတိနှင့် မလွတ်တမ်း အာရုံပြုနေခြင်း စသည့် အလေ့အကျင့်များသည် ရှေးအဆက်ဆက်ကတည်းက ပြုလုပ်လေ့ရှိသော မက်ဒီတေးရှင်းပုံစံများ ဖြစ်ကြသည်။ မက်ဒီတေးရှင်းသည် စိတ်သန့်ရှင်းရေးအတွက် အကောင်းဆုံး အချောသပ် နည်းလမ်းကောင်းတစ်ခုဟု ဆိုနိုင်ပါသည်။

 ဤနေရာတွင် လူမျိုးဘာသာ အယူဝါဒမရွေး လူတိုင်းနှင့် သင့်လျော်မည်ဟုယူဆသော မက်ဒီတေးရှင်း နည်းတစ်နည်းကို လက်တွေ့အသုံးချနိုင်ရန် တင်ပြလိုပါသည်။ ဤနည်း၏ ပထမအဆင့်သည် မိမိကိုယ်ကို သန့်စင်သပ်ရပ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ကိုယ်သန့်လျှင်စိတ်သန့်သွားသည်။ ဒုတိယအဆင့်မှာ အေးဆေးငြိမ်သက်သော နေရာတစ်နေရာကို ရွေးချယ်ပြီး မိမိကိုးကွယ်သည့်ဘာသာအလျောက် ဝတ်ပြုရန်ဖြစ်သည်။တတိယအဆင့်သည် ယောက်ျားဆိုလျှင် တင်ပျဉ်ခွေထိုင်ပြီး မိန်းမဆိုလျှင် ပုဆစ်တုပ်ထိုင်ရန်ဖြစ်သည်။ သို့မဟုတ် မိမိခန္ဓာကိုယ်အချိုးအစားနှင့် သင့်လျော်မည့် မည်သည့်နေထိုင်နည်းမျိုးဖြင့်မဆို ထိုင်နိုင်ပါသည်။ လက်နှစ်ဖက်ကို ပေါင်ပေါ်တင် လက်ဖဝါးချင်းထပ်၍ တင်ထားပါ။ ခါးကို အလိုက်သင့် မတ်မတ်ထားပြီး ဦးခေါင်းကိုလည်း ရှေ့တည့်တည့်မျက်နှာမူကာခပ်မတ်မတ်ထားရပါမည်။စတုတ္ထအဆင့်အနေဖြင့် မျက်စိနှစ်လုံးကို မှိတ်ထားပြီး နှာသီးဝ ( အပေါ်နှုတ်ခမ်း အလယ်ကွဲကြောင်း)တွင် သတိကပ် အာရုံစိုက်ထားလိုက်ပါ။

 ထို့နောက် သဘာဝအတိုင်း အသက်ရှုသွင်းလိုက်ခြင်း ( ဝင်လေ ) နှင့် ရှူထုတ်လိုက်ခြင်း ( ထွက်လေ ) ဝင်တိုင်း ထွက်တိုင်း သိနေရပါမည်။ မှတ်နေရပါမည်။ထို့သို့ မှတ်နေစဉ်အတွင်း စိတ်သည် မည်မျှ မငြိမ်မသက်ဖြစ်ကာ မည်မျှအဖမ်းရခက်ကြောင်း တွေ့လာပါလိမ့်မည်။ နှာသီးဝ၌ စိတ်ကို အမြဲမပြတ် သတိကပ်နေရင်းမှ စိတ်သည် ဟိုပြေးချင် ဒီပြေးချင် ဖြစ်နေကြောင်းတွေ့ရပါလိမ့်မည်။ ထို့အတွက် စိတ်ပျက်ရန်မလိုပါ။ သတိမလွတ်ရန်သာ အရေးကြီးပါသည်။ ဝီရီယလည်း မလျှော့ရပါ။ သတိနှင့် ဝီရိယအားကောင်းလာလျှင် မိမိစူးစိုက်မှုလည်း အားကောင်းလာပါမည်။ ထိုအခါ ဟိုပြေးဒီပြေး ပြေးနေသော စိတ်သည် ငြိမ်လာကြောင်း တွေ့ရပါလိမ့်မည်။ကြိုးစားမှု အရှိန်ရလာသည်နှင့်အမျှ စိတ်သည် မိမိထားရာ အာရုံတစ်ခုတည်း၌သာ တည်နေပါလိမ့်မည်။

 ထိုအခါ စိတ်အေးချမ်းမှု ၊ ကြည်နူးမှု ၊ ပေါ့ပါးမှု ၊ ရွှင်လန်းမှုစသည့် သန့်ရှင်းလှပ ချမ်းသာသော စိတ်သဘောကို တွေ့လာပါလိမ့်မည်။ မလျော့သော ဇွဲလုံ့လဖြင့် နေ့စဉ် နာရီဝက် ၊ တစ်နာရီမှစ၍ လေ့ကျင့်သွားလျှင် စိတ်အေးချမ်းသာယာစေမည့် ဆေးကောင်းတစ်လက်အဖြစ် အရေးပေါ် အသုံးချသွားနိုင်ပါလိမ့်မည်။ ဤမက်ဒီတေးရှင်းအလေ့အကျင့်ကို စိတ်ဖိစီးမှုကြောင့်ဖြစ်သော ရောဂါများ ၊ စိုးရိမ်လွန်ရောဂါများ ၊ စိတ်ကျရောဂါများ ၊ အရက်နှင့် မူးယစ်ဆေးစွဲရောဂါများအတွက် အသုံးပြုနေကြပါပြီ။ ဤနည်းသည် ဓာတုဆေးဝါးများကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ၊အန္တရာယ်များ မရစေပါ။ ငွေကြေးကုန်ကျ မရှိပါ။ ဤနည်းကို တစ်ခါမျှ မစဖူးသေးသော လူနာများအနေဖြင့် လေ့ကျင့်အားထုတ်မှု အားကောင်းပြီးသား ကျွမ်းကျင်ပြီးသား ပုဂ္ဂိုလ် (ဆရာ) ထံ၌ ဆည်းကပ် နည်းနာခံ လေ့ကျင့် သင့်ပါတယ်။

 Credit : ဒေါက်တာ ဟန်စိန်

By Dr. May Hnin Phyu ( 7887 Healthcare Call Center )

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18