Print

စိတ်ဖိစီးမှုကြောင့် သင့်ကျန်းမာရေးအပေါ်သက်ရောက်မှုများ

  20-May-2018
Preview Image

အခုတလော စိတ်ဖိစီးမှုများလိုက်တာ၊ စိတ်ဖိစီးမှုများလို့ အလုပ်တွေလုပ်ရတာ စိတ်ကုန်လာပြီ၊ စိတ်ဖိစီးမှုတွေ များလွန်းလို့ ရူးချင်လာပြီဆိုတဲ့ စကားတွေကို အလုပ်ထဲမှာ၊ မိသားစုတွင်းမှာ၊ အပေါင်းအသင်း သူငယ်ချင်းတွေထဲမှာ ကြားနေရပါတယ်။ စိတ်ဖိစီးမှုက လူတိုင်းနဲ့မကင်းတဲ့အရာပါ။ စိတ်ဖိစီးမှုလို့ ဆရာတို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ အသုံးအနှုန်းကို ဆေးပညာအခေါ်အဝေါ်အရ၊ စိတ်ကျန်းမာရေးပညာအခေါ်အဝေါ်အရ “Stress” လို့ သုံးနှုန်းလေ့ရှိကြပါတယ်။ 


 ဒီနေရာမှာ “Stress” လိုပဲ နားလည်ထားရမယ့် နောက်စကားလုံးတစ်ခုကတော့ “Homeostasis” ပါ။ သက်ရှိသတ္တဝါတိုင်းရဲ့ ဇီဝကမ္မဖြစ်ပျက် ဖြစ်စဉ်ကြီးတစ်ခုလုံး ကစဉ့်ကလျား၊ ဖရိုဖရဲ ဖြစ်မသွားအောင် ခန္ဓာကိုယ်မှာရှိတဲ့ ဇီဝကမ္မစနစ်တွေတိုင်းက အလိုက်သင့်အပြောင်းအလဲ လိုက်လုပ်ပေးရပါတယ်။ ဒါကို “Equilibrium” ဖြစ်အောင်လုပ်တယ်လို့ ခေါ်ပါတယ်။ မျှမျှတတဖြစ်နေတဲ့ အခြေအနေ “မျှခြေ” ပေါ့။ အဲဒီလို “မျှခြေ” ရအောင် လုပ်နေတဲ့ Process ဖြစ်စဉ်ကြီးကို “Homeostasis” လို့ ခေါ်တာပါ။ ၁၉၂၆ ခုနှစ်မှာ Walter Canon ဆိုသူက စတင်ပြောခဲ့တာကတော့ အဲဒီ “Homeostasis” ကို ပျက်ပြားစေတဲ့ အကြောင်းရင်းမှန်သမျှဟာ “Stress” (စိတ်ဖိစီးမှု) တွေချည်းပါပဲတဲ့။


စိတ်ဖိစီးမှုက ကျန်းမာရေးနဲ့ ဘယ်လိုများဆက်စပ်မှုရိနေပါသလဲ ဆရာ။

စိတ်ဖိစီးမှုတစ်ခုခံစားရပြီဆိုရင် ခန္ဓာကိုယ်က တုံ့ပြန်တဲ့အနေနဲ့ ဟော်မုန်းတွေထွက်ပါတယ်။ ရေတိုကာလအတွက် အဲဒီဟော်မုန်းတွေက ကောင်းတဲ့အပြောင်းအလဲတွေ ဖြစ်စေပေမယ့် ကာလကြာလာတာနဲ့အမျှ အဲဒီဟော်မုန်းပမာဏတွေ ခန္ဓာကိုယ်ထဲမှာများလာပြီဆိုရင်တော့ သွေးတိုးလာမည်။ ကြွက်သားတွေပျက်စီးမယ်၊ ဖွံ့ဖြိုးမှုနည်းသွားမယ်၊ ကိုယ်ခံစွမ်းအား ကျဆင်းသွားပြီးတော့ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်လွယ်မယ်၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုတွေ ဖြစ်လာပါလိမ့်မယ်။


စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါသလဲဆရာ။

 စိတ်ဖိစီးမှုခံစားရပြီဆိုရင် ခန္ဓာကိုယ်က ပထမဦးဆုံးတုံ့ပြန်တဲ့ တုန့်ပြန်မှု (Response) ကတော့ “Fight and Flight Response” ပါ။ Sympathetic Nervous System လို့ခေါ်တဲ့ အာရုံကြောအဖွဲ့အစည်းက နိုးကြားလာတာနဲ့ စတင်ပါတယ်။ တစ်ဆက်တည်းပဲ Stress Hormone လို့ခေါ်တဲ့ ကော်တီစော (Cortisol) တွေလည်း အမြောက်အများထွက်လာပြီး သွေးတွင်းအချိုဓာတ်တက်လာမယ်။ 


ဒါတွေခန္ဓာကိုယ်ထဲမှာ ဘာကြောင့်ဖြစ်လာတာလဲဆိုတော့ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုကို ပြန်လည်တုန့်ပြန်တဲ့ နေရာမှာ စွမ်းအင် Energy လုံလုံလောက်လောက်ရှိနေရမှာဖြစ်ပြီး လိုအပ်ရင် လှုပ်လှုပ်ရှားရှား၊ ပြေးပြေးလွှားလွှား ရင်ဆိုင်နိုင်ဖို့ပါ။ ဒါကြောင့်လည်း ဒီတုံ့ပြန်မှုကို “Fight and Flight Response” လို့ အမည်ပေးခဲ့တာပါ။ အဲဒီအချိန်မှာ ကြွက်သားတွေကိုသွားတဲ့ သွေးကြောတွေထဲမှာ သွေးလွတ်အား ပိုကောင်းလာတယ်။ 


နှလုံးခုန်နှုန်းပိုမြန်လာတယ်။ သွေးခဲနှုန်း ပိုမြန်နေတတ်တယ်။ ကြွက်သားတွေ ပိုပြီးတောင့်တင်းသန်မာနေတတ်တယ်။ မျက်လုံးသူငယ်အိမ်ပိုကျယ်လာတယ်။ ချွေးထွက်ပိုများလာတယ်။ ဒါတွေက ရေတိုတုံ့ပြန်မှုပါ။ ရေရှည်မှာဆိုရင်တော့ သွေးတိုးလာခြင်း၊ သွေးတွင်းအချိုဓာတ်များလာတာနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကြီး တစ်ခုလုံးကျဆင်းသွားတာတွေ ဖြစ်စေပါတယ်။


စိတ်ဖိစီးမှုများရင် နုပျိုမှုတွေ ပျောက်ကွယ်ပြီး အရွယ်အိုမင်းစေတယ်လို့ အများက သိရှိလက်ခံထားကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးလည်း ရှင်းပြပေးပါဆရာ။


 စိတ်ဖိစီးမှုများရင် နောက်ထပ်ဖြစ်တာတစ်ခုက ခန္ဓာကိုယ်ထဲမှာ Oxidation Process လို့ခေါ်တဲ့ ဖြစ်စဉ်တွေ ပုံမှန်ထက် ပိုများလာပါတယ်။ ဓာတ်တိုးဖြစ်စဉ်ပေါ့။ အဲဒီကမှ Free Radicals တွေ အလုံးအရင်းနဲ့ ထွက်ပါတယ်။ အဲဒီ Free Radicals တွေက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို အချိန်မတိုင်မီ သေဆုံးစေပါတယ်။ Cells တွေ အချိန်မတိုင်မီ သေတာများရင် အရွယ်အိုမင်းရင့်ရော်မှုကို မြန်စေပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုများတဲ့ သူတွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေတတ်ပါတယ်။စိတ်ဖိစီးမှုူ လျော့ကျစေရန် အောက်ပါ အတိုင်း နေထိုင်မှူပုံစံ ပြောင်းလဲခြင်းနှင့်အတူ စိတ်ကို ပြင်ဆင်ခြင်းတို့ဖြင့် လိုက်နာဆောင်ရွက်နိုင်သည်။


(၁) နေထိုင်မှုဘဝပြောင်းလဲခြင်း

• လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

• အိပ်ရေးဝဝအိပ်ပါ။

• အပန်းဖြေပါ။

• တရားထိုင်ပါ။

• ယောဂကျင့်စဉ်ကျင့်ပါ။

• ဝါသနာပါတဲ့ ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်ပေးပါ။


(၂) စိတ်ကိုပြင်ဆင်ခြင်း

• Negative Thinking လို့ဆိုတဲ့ အဆိုးမြင်တတ်တဲ့ အကျင့်ကို ဖျောက်ပစ်ပါ။ 

• ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေအတွက် စိုးရိမ်ပူပန်မှုဖြစ်မနေပါနဲ့။

• ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာ မွန်မြတ်ကောင်းမွန်တဲ့ရည်မှန်းချက်။ တိတိကျကျရှိပါစေ။ တစ်စိုက်မတ်မတ် ပုံဖော်တည်ဆောက်ယူပါ။ 

• ဟာသဉာဏ်ရှိပါစေ၊ ပေါ့ပေါ့ပါးပါးတွေးတတ်ပါစေ၊

• ယုံကြည်စိတ်ချရတဲ့ သူတွေကို ချစ်ခင်တတ်တဲ့ စိတ်ကောင်းမွေးမြူပါ။

•  ပြောရဲ၊ ဆိုရဲရှိပါစေ၊။ ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။


Credit:မေးမြန်းသူ- ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

          ဖြေဆိုသူ- သမားတော် ဒေါက်တာ ဟိန်းရာဇာအောင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18