Print

မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါနှင့်ကလေးငယ်

  14-Sep-2018
Preview Image

မေး - ကလေးတစ်ယောက်ဟာ ခြင်ကျားတစ်ခါ ကိုက်ခံရတာနဲ့ သွေးလွန်တုပ်ကွေးဖြစ်စေနိုင်ပါသလား။

ဖြေ - ခြင်ကျားဟာ မိုးတွင်းကာလမှာ ပေါက်ဖွားတာများပြီး အခုလို ရာသီဥတုက ပူလိုက်၊ အေးလိုက်၊ မိုးရွာလိုက်၊ ခြောက်သွားလိုက်ဖြစ်တဲ့ ရာသီဥတုစိုထိုင်းတာကို ပိုပြီး ကြိုက်ပါတယ်။ အထူးသဖြင့် ခြင်ကျားဟာ နေ့မှာကိုက်တတ်ပါတယ်။ ညမှာကိုက်တဲ့ ခြင် အနောဖလိ (Anopheles gambiae)က ငှက်ဖျားရောဂါကို ဖြစ်စေပါတယ်။ ခြင်ကျားတစ်ခါကိုက်ရုံနဲ့ ဖြစ်သလားဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်စွမ်းရည်ကို လိုက်ပြီး ဆန့်ကျင်မှုပိုများတဲ့ ကလေးဆိုရင် တစ်ကြိမ်တစ်ခါကိုက်မိရုံနဲ့လည်း သွေးလွန်တုပ်ကွေးဖြစ်နိုင်ပါတယ်။ ခြင်ကျားကိုက်တဲ့နေရာက အဝတ်အစားလွတ်နေတဲ့ လက်ဖမိုး၊ ခြေဖမိုးအဲ့ဒီလိုနေရာမျိုးတွေမှာ အများဆုံး ကိုက်တတ်ပါတယ်။ အထူးသဖြင့် ငြိမ်ငြိမ်လေးနေတဲ့ ကလေးတွေကို ခြင်ကပိုကိုက်တတ်ပါတယ်။ ကျောင်းမှာဆိုရင် ကလေးက ငြိမ်ငြိမ်လေး စာသင်နေရတယ်။ အဲဒီအခါ ခြင်က လွတ်နေတဲ့နေရာတွေကို ကိုက်တတ်ပါတယ်။ တစ်ကြိမ်တည်းကိုက်ရုံနဲ့ သူက ဗိုင်းရပ်စ်ကို အများကြီးလွှတ်နိုင်တဲ့အတွက်ကြောင့်တစ်ကြိမ်တည်း ကိုက်မိရင်ဖြစ်နိုင်သလို များသောအားဖြင့် တစ်ကြိမ်ထပ်လည်း ပိုပြီးများနိုင်ပါတယ်။


မေး - ခြင်ကျားကို သာမန် မျက်စိနဲ့ ခွဲခြားလို့ မသိနိုင်ဘူးဆို ဆရာ။

ဖြေ - နေ့ဘက်မှာ ကိုက်တဲ့ခြင်ကျားက ကြည့်လိုက်မယ်ဆိုရင် ခြင်ရဲ့ ခြေထောက်မှာ အဖြူလေးနဲ့ အမည်းလေးကျားထားပါတယ်။ ဒါပေမယ့် ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ကြည့်နေကျမဟုတ်တဲ့သူဟာ ခြင်ကျားလားဆိုတာကို သေချာသိနိုင်ဖို့ မလွယ်ပါဘူး။ ကြည့်နေကျလူတောင် ခြင်နားနေတာမျိုး၊ ခြင်ကို မိတဲ့အခါမျိုးမှာ သေချာမှန်ဘီလူးနဲ့ ကြည့်မှ ခြင်ကျားဟုတ်မဟုတ် သေချာခွဲခြားလို့ရပါတယ်။ ဒီအတိုင်းဆိုရင်တော့ သေချာခွဲခြားဖို့ မလွယ်ကူပါဘူး။


မေး - သွေးလွန်တုပ်ကွေးက ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်စေပါသလား။ 

ဖြေ - ကလေးတစ်ယောက်နဲ့ တစ်ယောက်ဟာ အတူတူထိုင်နေပေမယ့် မကူးပါဘူး။ အတူတူစား၊ အတူတူအိပ်လည်း မကူးပါဘူး။ ကူးစေတာကတော့ ခြင်ကျားက တစ်ဆင့်ကူးစေပါတယ်။ ဆိုလိုတာက သွေးလွန်တုပ်ကွေး ဖြစ်နေတဲ့ကလေးကို ခြင်ကျားက ကိုက်မယ်။ ဒါမှမဟုတ်ခြင်ကျားက အပြင်က သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးကို ကိုက်ပြီး ခြင်ကျားမှာ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ပိုးတွေပါလာပြီဆိုရင် အဲ့ဒီခြင်က ကလေးကို ကိုက်တဲ့နေရာမှာ ကလေးကို ရွေးပြီး ကိုက်တာမဟုတ်ပါဘူး။ သူကိုက်လို့ရတဲ့ကလေးကို ရွေးကိုက်သွားတာပါ။ ဒါကြောင့် ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ကူးတယ်ဆိုတာ ခြင်ကျားကနေတစ်ဆင့် ကူးတာပါ။


ကိုးကား - မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါနှင့်ကလေးငယ် ( ကလေးနှလုံးရောဂါနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာလှမြင့်ထွန်းနှင့် တွေ့ဆုံခြင်း )


Credit :  Arogyam 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18