Print

အသည်းရောင်ခြင်းအသားဝါရောဂါ ကူးစက်မှုများ

  14-Aug-2018
Preview Image

အသည်းရောင်ခြင်းကို hepatits လု့ိခေါ်ပြီး အသည်းရောဂါပိုး ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ အေပိုးတွေကြောင့်ဖြစ်တတ်ပါတယ်။ အသည်းရောင်အသားဝါ အေပိုးကူးစက်ခံရရင် အစာအိမ်နဲ့ဆိုင်တဲ့ လက္ခဏာတွေပြတာများမယ်။ ဘီပိုးနဲ့ စီပိုးကျတော့ပိုဆိုးဝါးတယ်။ အချိန်မှီမကုခဲ့ရင် အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးက အသည်းခြောက်တာ၊ အသည်းကင်ဆာတွေအထိဖြစ်သွားတတ်ပါတယ်။

အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ပိုးက ရောဂါပိုးရှိသူရဲ့ မစင်နဲ့ ညစ်ညမ်းနေတဲ့ အစားအစာတွေ ၊ သောက်စရာတွေကို မတော်တဆ စားသုံးလိုက်ခြင်းကနေ အဓိကကူးစက်ပါတယ်။ နောက်ပြီး ရောဂါရှိတဲ့သူနဲ့ လိင်ဆက်ဆံမိတာလည်းကူးစက်ပါတယ်။ ဒါ့ကြောင့် အသည်းရောင်အသားဝါ အေပိုးက တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းပြီး ညစ်ညမ်းတဲ့ပတ်ဝန်းကျင်တွေမှာပိုအဖြစ်များတာကို တွေ့ရပါတယ်။ ရေရှားပါးတဲ့ဒေသတွေမှာ မြစ်ရေ၊ ချောင်းရေကို အဓိကသုံးစွဲရတဲ့ ဒေသတွေဆိုလည်းပိုဖြစ်တတ်တာကိုတွေ့ရတယ်။

ဒါ့ကြောင့် ကိုယ့်အနေနဲ့ ဖွံ့ဖြိုးမှုမရှိတဲ့နေရာဒေသတွေ သွားရောက်လည်ပတ်မယ်ဆိုရင် ပိုသတိထားပြီး စားသောက်ဖို့လိုအပ်တယ်။ နောက်ပြီး အခွံမာရေသတ္တဝါတွေကိုလည်းသတိထားစားသောက်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခွံမာရေသတ္တဝါတွေဖြစ်တဲ့ ဂုံးတို့၊ ကမာတို့ကိုလူအများစုက အစိမ်းစားသောက်တတ်ကြတာကြောင့် ရောဂါပိုးတွေပါဝင်နိုင်ခြေများပါတယ်။ ဒါ့ကြောင့် ဒီအစားအစာတွေကို သေချာချက်ပြုတ်ပြီးမှ စားသောက်ဖို့သင့်ပါတယ်။

အသည်းရောင်အသားဝါ အေပိုးကလူ့ခန္ဓာကိုယ်ပြင်ပမှာလနဲ့ချီအောင် နေထိုင်နိုင်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကလည်း ထည့်သွင်းစဉ်းစဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခဏလက်ဆေးပေးပါ၊ လက်မဆေးဖြစ်ရင်တောင် လက်သန့်ဆေးရည်ဆောင်ထားပါ။ အစာမစားခင်နဲ့ စားသောက်ပြီးတိုုင်း လက်ကိုသေချာသန့်စဉ်အောင် ဆေးကြောပေးပါ။ အများသုံးသန့်စင်ခန်းတွေမှာ အိမ်သာတက်ပြီးတိုင်း လက်ကို ဆေးဖြစ်အောင်ဆေးပေးပါ။

အသည်းရောင် အသားဝါ ဘီနဲ့ စီပိုးကတော့ အဓိကအားဖြင့် ရောဂါပိုးရှိတဲ့ သွေး၊ သုတ်ရည် နဲ့ ခန္ဓာကိုယ်က တခြားအရည်တွေနဲ့ ထိတွေ့မိရာက တစ်ဆင့်ကူးစက်ပါတယ်။ မိခင်ကနေကလေးကိုလည်း ကူးစက်နိုင်တယ်။ ဒါ့အပြင် တက်တူးထိုးတာ၊ ခန္ဓာကိုယ်အပေါက်ဖောက်တာမျိုးတွေနေလည်း ကူးစက်နိုင်ပါတယ်။ ဒီနေရာမှာသုံးတဲ့ပစ္စည်းတွေက တစ်ခါသုံးပစ္စည်းသာအသုံးပြုရမှာဖြစ်ပြီး ကိုယ်တက်တူးထိုးမဲ့ဆိုင်ရဲ့ အနေအထားကို မကြိုက်ရင် လုံးဝမလုပ်ပါနဲ့။

ဒ့ါအပြင် အလှအပပြင်ဆင်တဲ့ဆိုင်တွေသွားပြီး လက်သည်း၊ ခြေသည်းအလှပြင်တာမျိုးတွေမှာလည်း သတိထားဖို့လိုအပ်တယ်။ အသုံးပြုတဲ့ပစ္စည်းကိရိယာတွေက သန့်ရှင်းမှုမရှိရင် မတော်တဆ လက်သည်း၊ ခြေသည်းညှပ်ရင်း၊ တိရင်း အသားပေါက်ပြဲသွားရာကနေ ရောဂါကူးစက်နိုင်ပါတယ်။ လေ့လာမှုတွေအရ အသည်းရောင်အသားဝါ ဘီနဲ့ စီပိုးကူးစက်ခံရသူတွေရဲ့ ၂-၅ရာခိုင်နှုန်းလောက်က ဒီနေရာတွေကနေ ကူးစက်ခံရတာဖြစ်ကြောင်းတွေ့ရှိရပါတယ်။

အသည်းရောင်အသားဝါဘီနဲ့ စီရောဂါပိုးရှိတဲ့လူနဲ့လိင်ဆက်ဆံရာက ရောဂါကူးစက်ခြင်းက အဓိက ကူးစက်မှုလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ လိင်ဆက်ဆံရာမှာ ကွန်ဒုံးပေါက်ပြဲပြီး မိန်းမကိုယ်လမ်းကြောင်းထဲက အရည်တွေနဲ့ ထိတွေ့မိရင်သော်လည်းကောင်း၊ လိင်အင်္ဂါမှာ ပေါက်ပြဲမှုသေးသေးလေးရှိနေရင်သော်လည်းကောင်း၊ ပါးစပ်နဲ့ဆက်ဆံရာက တံတွေး၊ သုတ်ရည်တို့ကနေသော်လည်းကောင်း ကူးစက်နိုင်တဲ့နည်းလမ်းတွေအများကြီးကို ရှိနေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် လိင်အပျော်အပါးလိုက်စားတာကို ရှောင်ကြဉ်ပါ၊ မရှောင်နိုင်ရင်ကွန်ဒုံုးသုံးပါ၊ နောက်ပြီး ဘီပိုးကာကွယ်ဆေးလည်းထိုးထားပါ။

နောက်ပြီး ဘီပိုး၊ စီပိုးက တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေကနေ တစ်ဆင့်လည်းကူးစက်တတ်ပါတယ်။ ဒါ့ကြောင့် ရောဂါပိုးရှိတဲ့သူရဲ့သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓါ၊ လက်သည်းညှပ်၊ မျက်နှာသုပ်ပဝါ စတာတွေကို သပ်သပ်စီထားပါ။

Dr. Oliver
Ref: webmd.com



သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18