Print

မျက်ခမ်းစပ်ရောဂါ သိကောင်းစရာ(Trachoma)

  14-Jul-2018
Preview Image

မျက်ခမ်းစပ်ရောဂါဟာ Chlamydia trachomatis ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ။ မျက်ခမ်းစပ်ရောဂါဆိုတဲ့အတိုင်း မျက်လုံးကို အဓိကထိခိုက်စေပါတယ်။ ဒီရောဂါဟာ ကူးစက်လွယ်ပြီး ရောဂါရှိသူရဲ့ မျက်လုံး၊ မျက်ခွံအရေပြား၊ နှာခေါင်းနဲ့ ရောဂါပိုးရှိတဲ့အရည်များ(မျက်ရည်၊ နှာရည်)တွေက တဆင့်ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူ အသုံးပြုထားသော လက်ကိုင်ပုဝါ သို့မဟုတ် အဝတ် အစရှိသည်တို့မှ လည်း ကူးစက်နိုင်ပါတယ်။ မျက်ခမ်းစပ်ရောဂါဟာ ကလေးတွေမှာအဖြစ်များပြီး အသက် ၅ နှစ်အောက်ကလေးတွေရဲ့ ၆၀ ရာခိုင်နှုန်းထိမှာ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ အချိန်မီကုသမှု မခံယူပါက မျက်စိကွယ်သည် အထိဖြစ်နိုင်ပါတယ်။


ရောဂါလက္ခဏာများကတော့

- မျက်လုံး၊ မျက်ခွံများ ယားယံခြင်း၊
- မျက်လုံးမှ အရည် သို့မဟုတ် ပြည်များထွက်ခြင်း၊
- မျက်ခွံများ ရောင်လာခြင်း၊
- လင်းသောနေရာတွင် နေ၍မရခြင်း၊ အလင်းရောင်ကို မကြည့်နိုင်ခြင်း၊
- မျက်လုံးအောင့်ခြင်း၊နာခြင်း တို့ဖြစ်ပါတယ်။
 မျက်ခမ်းစပ်ရောဂါဟာ အပေါ်မျက်ခွံကို ပိုမိုထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ မျက်ခမ်းစပ်ရောဂါကို အဆင့် ၅ ဆင့်အထိခွဲထားပြီး နောက်ဆုံးအနေဖြင့် မျက်စိကွယ်သည်အထိ ခံစားရနိုင်ပါတယ်။


ဖြစ်နိုင်ချေများသူများ
 မျက်ခမ်းစပ်ရောဂါဟာ အသက် ၄ နှစ်မှ ၆ နှစ်ကလေးတွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါ့အပြင်
- တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းသူတွေ
- လူနေထူထပ်၊ ဆင်းရဲသူတွေ
- ယင်ကောင် ပေါများတဲ့နေရာတွေ
- သန့်ရှင်းသော ယင်လုံအိမ်သာမရှိသော နေရာဒေသတွေမှာ အဖြစ်များပါတယ်။
မကုသဘဲ ထားပါက နောက်ဆက်တွဲ ပြဿနာအနေနဲ့
- မျက်ခွံအတွင်းသားမှာ အမာရွတ်ဖြစ်ခြင်း၊
- မျက်ခွံ ပုံမမှန်မှုများ ဖြစ်စေသောကြောင့် မျက်ခွံသည် အတွင်းသို့လိပ်ဝင်ခြင်း သို့မဟုတ် မျက်တောင်များ မျက်စိအတွင်း သို့စိုက်ဝင်ခြင်း၊
- မျက်ကြည်လွှာတွင် အမာရွတ်ထင်ခြင်း သို့ တိမ်ကဲ့သို့ဖြစ်နေခြင်း
- ခေတ္တ သို့မဟုတ် ရာသက်ပန် မျက်စိကွယ်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။


ဆရာဝန်နှင့် ဘယ်အချိန်သွားပြမလဲ
 အိမ်က ကလေးမှာ မျက်စိယားယံနေလျှင်၊ မျက်လုံးမှ မျက်ဝတ်များ၊ အရည်များထွက်နေလျှင် နောက်ပြီး အထူးသဖြင့် မိမိပတ်ဝန်းကျင်မှာလည်း မျက်ခမ်းစပ်ရောဂါ အဖြစ်များနေလျှင် သို့မဟုတ် အဖြစ်များသော နေရာသို့ သွားရောက် လည်ပတ်ခဲ့လျှင် နားလည်တတ်ကျွမ်းသော ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ သိလျှင် သိချင်း အမြန်ဆုံးသွားရောက် ပြသသင့်ပါတယ်။


ရောဂါကို ကာကွယ်ခြင်း

 တကိုယ်ရည်သန့်ရှင်းမှုဟာ မျက်ခမ်းစပ်ရောဂါကာကွယ်ရာမှာ အလွန်အရေးကြီးပါတယ်။
-  မျက်နှာကို တစ်နေ့ ၂ ကြိမ် နေ့စဉ် သန့်စင်စွာ ဆေးကြောပေးခြင်း၊
-  အိမ်သာအသုံးပြုပြီး လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း၊
-  အညစ်အကြေးများ အမှိုက်များ ကိုင်မိ၊ ထိမိပါက လက်ကိုဆပ်ပြာနှင့် ဆေးကြောခြင်း၊
-  ယင်ကောင်များ ပေါများမှုမရှိစေရန် ဂရုစိုက်ခြင်း၊
-  အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်း၊
-  သန့်ရှင်းသော သုံးရေ၊ သောက်ရေ ရရှိခြင်း အစရှိသော နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။
 မျက်ခမ်းစပ်ရောဂါကို ကုသပြီးပါကလည်း ပြန်လည် ကူးစက်ဖြစ်ပွားနိုင်သဖြင့် တကိုယ်ရည်ကျန်းမာရေးကို အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ ထို့အပြင် မိမိ မိသားစုကိုလည်း စစ်ဆေးပြီး လိုအပ်ပါက ကုသမှုခံယူရမှာဖြစ်ပါတယ်။


ဒေါက်တာကောင်း
Credit: mayoclinic.org



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18