Print

Donovanosis ရောဂါ

  03-Jun-2018
Preview Image


 မြို့စွန်တစ်နေရာရှိ ရပ်ကွက်တစ်ခု၏ အဝင်နားတွင် ကြီးမားလှသော ညောင်ပင်ကြီးတစ်ပင်ရှိ၏ ထိုညောင်ပင်ကြီးနှင့် မလှမ်မကမ်းတွင် “စေတနာရှင်” ဆေးခန်းဟု ဆိုင်းဘုတ်ကပ်ထားသော ဆေးခန်းတစ်ခန်းရှိ၏ ဒေါက်တာလဲ့ကလျာဝင်သိန်း သည် ဆေးပညာစာအုပ်တစ်အုပ်ကို ဖတ်ရှုနေ၏။ ညဉ့်နက်ပြီဖြစ်၍ လူသွားလူလာလည်း ကင်းရှင်းလျက်ရှိ၏။ ထိုစဉ် သူနာပြုဆရာမလေး နွဲ့ယမင်းက အနီးသို့ရောက်လာ၏။ 


“ မမ၊ အမျိုးသမီး လူနာတစ်ယောက် လာနေတယ် ”

“ သြော်.. အေး အေး၊ ခေါ်လိုက်ပါကွယ် ”


အမျိုးသမီးလူနာက မရွံ့မရဲနှင့် ဝင်လာ၏။ ရောဂါကိုပြောရန် ရှက်နေပုံရသဖြင့် ပြောရဲလာစေရန် အားပေးစကားပြောလိုက်၏။ လူနာ၏ ပြောစကားအရ လိင်အင်္ဂါတွင် မနာမကျင်သော အဖုလေးတစ်ဖု စပေါ်ခဲ့သည်ဟုဆို၏။ ၎င်းနောက် ထိုအဖုမှ အနာဖြစ်လာပြီး တဖြည်းဖြည်း ကြီးလာသည်ဟု  သိရ၏။ အနာမှာထိလိုက်ပါက သွေးထွက်လွယ်ပြီး အနားများက မညီမညာဖြစ်နေ၏။ ထူးခြားချက်မှာ ပေါင်ခြံနှစ်ဖက်စလုံးတွင် အကျိတ်များ မရှိပေ။ လူနာသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်၏။ ခင်ပွန်းက အဝေးပြေးကား ယဉ်မောင်းဖြစ်ပြီး အပျော်အပါး လိုက်စားတတ်သည်ဟု သိရ၏။ ရောဂါလက္ခဏာများအရ ၎င်းရောဂါသည် Granuloma Inguinale ဖြစ်နိုင်သည်ဟု ဒေါက်တာလဲ့ကလျာဝင်းသိန်းက ယူဆလိုက်၏။ လူနာအား လိုအပ်သော ဆေးဝါးကုသမှု ပြုလုပ်ပေးလိုက်၏။


“ မမ၊ ကျွန်မ မသိတာလေး မေးလို့ရမလား ”


“ မေးပါ၊ ရပါတယ်။ ဘာသိချင်သလဲ ”


“ ခုရောဂါက ဘာရောဂါလဲဟင် ”


“ လိင်ဆက်ဆံရာက ကူးစက်တဲ့ရောဂါ တစ်မျိုးပေါ့ကွယ်။ ဆေးပညာမှာတော့ Granuloma Inguinale လို့ခေါ်တယ် ”


“ဒါဆို ကျွန်မယောကျ်ားဆီက ကူးတာ ဖြစ်နိုင်သလား ”


“ ဖြစ်နိုင်တာပေါ့၊ ညီမ ယောကျ်ားပြန်လာရင် ခေါ်လာခဲ့။ သူလည်း စမ်းသပ်ရမယ် ”


“ဟုတ်ကဲ့ မမ၊ ခေါ်လာပါ့မယ်၊ ဒီရောဂါက ပိုးကြောင့် ဖြစ်တာလား ”


“ ဟုတ်တယ်… ပိုးကြောင့်ဖြစ်တာ။ ပိုးနာမည်က အရှည်ကြီးပဲ ”


“ ပြောပြပါလား မမ။ ဗဟုသုတအနေနဲ့ မှတ်ထားချင်လို့ပါ ”


“ ပိုးနာမည်က Calymmatobacterium Graunlomatis တဲ့ ကွဲ့၊ ဒီပိုးက ဂရမ်ဆေးဆိုးရင် မစွဲဘူး။ Gram Negatve ပေါ့ကွယ်”


“ သြော် .. ဟုတ်ကဲ့ မမ။ ဒီပိုးက ဒုက္ခပေးတတ်သလား ”


“ ပေးတတ်တာပေါ့ ညီမရဲ့။ ဆေးမကုဘဲထားရင် အနာတွေက စားသွားပြီး ပိုကျယ်လာတယ်။ မိန်းမကိုယ် ဘေးတစ်ပိုက်ကနေ စအိုအထိ ပျံ့သွားနိုင်တယ်”


“ဒါဆို ကုမှဖြစ်မှာပဲနော် ”


“ ဒါပေါ့ ကုရမှာပေါ့။ အနာကနေ အသားစ နမူနာ ယူရဦးမယ်။ နက်ဖြန်လာခဲ့ဦးနော် ”

“ အဲဒါက ဘာအတွက်လဲ မမ ”


“ဆေးပညာမှာတော့ Biopsy လို့ ခေါ်တာပေါ့ကွာ။ ရောဂါကို သေချာအောင် စမ်းသပ်တာပေါ့ကွယ်။ အသားစနမူနာယူပြီး Wright’s Stain လို့ ခေါ်တဲ့ ဆေးဆိုးတစ်မျိုးနဲ့ ဆိုးကြည့်ပြီး မှန်ဘီလူးအောက်မှာ ကြည့်ရင် Donovan Bodies လို့ခေါ်တဲ့ ရောဂါပိုးကို တွေ့နိုင်တယ်ကွယ့် ”


“ သြော်.. ဟုတ်လား မမ ”


“ ဟုတ်တယ်ကွယ့်။ ဒါကြောင့် ဒီရောဂါကို Donovanosis လို့ခေါ်တယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို လေ့လာတဲ့အခါ အများစုက ခင်ပွန်းကနေ ဇနီးကို ကူးတာများတယ်။ အိတ်ချ်အိုင်ဗွီလို၊ ဆစ်ဖလစ်လိုရောဂါမျိုးကျတော့ ဇနီးသည်ကနေ သန္ဓေသားကိုပါ ကူးစက်သွားတတ်တယ် ”


“ ဒါဆို ဒီရောဂါတွေက မိသားစုကို ဒုက္ခပေးနိုင်တာပေါ့နော် ”


“ ဟုတ်တယ်ကွယ့်။ မိသားစုကျန်းမာရေးကို စောင့်ရှောက်ချင်တယ်ဆိုရင် အိမ်ထောင်ဦးစီးတွေဟာ အပျော်အပါး ရှောင်ဖို့ လိုပါတယ်။ ဒါကို အိမ်ထောင်ဦးစီးတွေက သဘောပေါက်ဖို့လိုတယ် ”


“ သူတို့ မဆင်ခြင်မှုကြောင့် ညီမတို့လို အိမ်ရှင်မတွေ ဒုက္ခရောက်ရတာပေါ့နော် ”


“ အေး .. ဟုတ်တယ်။ ဒါကြောင့် ညီမယောကျ်ားပြန်လာရင် ခေါ်လာခဲ့။ မမတို့က ကျန်းမာရေးပညာပေး ဆွေးနွေးပေးမယ်။ သူတို့ကို နားဝင်အောင်ပြောထားမှ နောင်ကို ဒီရောဂါကို ထပ်မဖြစ်မှာ ”


“ ဟုတ်ကဲ့ မမ၊ ဆက်ဆက်ခေါ်လာပါ့မယ် ”


Credit: ပါမောက္ခဒေါက်တာအောင်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18