Print

တိရစ္ဆာန်များမှတဆင့် ကူးစက်နိုင်သော Leptospirosis ဘက်တီးရီးယားရောဂါအကြ...

  23-May-2018
Preview Image

ရောဂါအကျဉ်း

Leptospirosis (လက်ပ်တို စပိုင်ရိုးစစ်) ခေါ် ဘက်တီးရီးယားပိုးဝင်ရောဂါတစ်မျိုးဟာ တိရစ္ဆာန်များမှတဆင့် ကူးစက်နိုင်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ တိရစ္ဆာန်များရဲ့ ဆီးမှတဆင့် ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ အများအားဖြင့် Leptospirosis ရောဂါဟာ မဆိုးရွားဘဲ သာမန်တုတ်ကွေးဖျားနာကဲ့သို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ၁၀ ရာခိုင်နှုန်းက ဆိုးသွမ်းတဲ့ အခြေအနေအဖြစ် ခံစားရနိုင်ပြီး ခဏခဏဖျားနာကာ ရင်ဘတ်အောင့်ခြင်း၊ ခြေသလုံးများအောင့်ခြင်း၊ ဖောသွပ်ခြင်းမှ ကျောက်ကပ်ပျက်စီးခြင်းအထိ ဖြစ်နိုင်ပြီး ဆေးရုံတက်ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။ 


ရောဂါကူးစက်ပုံ

Leptospirosis ရောဂါက Leptospira interrogans ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ဒီဘက်တီးရီးယားဟာ တိရစ္ဆာန်များရဲ့ ကျောက်ကပ်မှာ နေထိုင်ပါတယ်။ တိရစ္ဆာန်များရဲ့ဆီးမှတဆင့် မြေကြီးများ၊ ရေအိုင်များ အများအားဖြင့် လယ်ယာတောများ၊ စိမ့်တောများမှာ အဆုံးသတ်နေထိုင်ကြပါတယ်။ ဖိနပ်အကာအကွယ်မပါဘဲ ခြေဗလာဖြင့် သွားလာကြသော အများအားဖြင့် လယ်ယာစိုက်သူများ၊ လယ်ယာနားနေထိုင်သူများဟာ အများဆုံး ကူးစက်ခံနိုင်ပါတယ်။ ထိခိုက်ရှနာရထားပါက အရေပြားမှတဆင့် ကူးစက်နိုင်ချေ ပိုများပါတယ်။ ရောဂါရှိသူတစ်ယောက်မှ အခြားတစ်ယောက်စီကို လိင်ဆက်ဆံခြင်း သို့မဟုတ် ရောဂါရှိသူမိခင်နို့ရည်မှ တဆင့်လည်း ကူးစက်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်နား နေထိုင်သူ၊ အပြင်သွားလာသူများဟာ ရောဂါကူးစက်နိုင်ချေများပါတယ်။ 


ရောဂါလက္ခဏာ


 ရောဂါကူးစက်ခံရပြီး ၂ ပတ်အတွင်း ရောဂါလက္ခဏာပေါ်လာနိုင်ပါတယ်။ တစ်ခါတစ်လေ တစ်လကြာမှ ပေါ်တတ်ပါတယ်။ အများအားဖြင့် အရင်ဆုံး ဖျားနာပါတယ်။ ဒါ့အပြင်

၁။ ခေါင်းကိုက်ခြင်း

၂။ ကြွက်သားနာကျဉ်ခြင်း

၃။ အသားဝါခြင်း(မျက်လုံးနှင့် အရေပြား)

၄။ အန်ခြင်း

၅။ ဝမ်းလျှောခြင်း

၆။ အနီစက်ပေါ်ခြင်း


 ဒီရောဂါလက္ခဏာများက သာမန်တုတ်ကွေးဖျားနာတွေနဲ့ ဆင်တူတဲ့အတွက် ရောဂါအတည်ပြုနိုင်ရန် သွေးစစ်ဆေးစမ်းသပ်မှု လိုအပ်ပါတယ်။ အဆိုးဆုံးဖြစ်သော ကျောက်ကပ်ပျက်စီးခြင်းတွင် ခန္ဓာကိုယ်ဖောယောင်ခြင်း၊ ဆီးမသွားတော့ခြင်း အစရှိတာ ခံစားရပါက ဆေးရုံသို့အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။ 

ရောဂါရှာဖွေစမ်းသပ်ခြင်း


 ဆရာဝန်မှ သွေးစစ်ဆေးစမ်းသပ်ခြင်းဖြင့် Leptospirosis ရောဂါရှိ၊ မရှိသိနိုင်ပါတယ်။ Leptospiral antibodies ခေါ်ရောဂါတိုက်ဖျက်ရန် ခုခံအား သွေးထဲမှာ တွေ့ရှိပါက ရောဂါရှိတယ်လို့ အတည်ပြုနိုင်ပါတယ်။ DNA စစ်ဆေးခြင်းဖြင့်လည်း သိရှိနိုင်ပါတယ်။ 


ကုသခြင်း

 Leptospirosis ရောဂါကို ပဋိဇီဝဆေးဝါးများဖြင့် ကုသနိုင်ပါတယ်။ ကြွက်သားနာကျဉ်ခြင်းများကို အကိုက်အခဲပျောက်ဆေးများဖြင့် ကုသနိုင်ပါတယ်။ ဆေးပတ်လည်ကုသပြီး တစ်ပတ်အကြာတွင် ရောဂါပျောက်ကင်းသက် သာနိုင်ပါတယ်။ 


ကာကွယ်ခြင်း

၁။ မသန့်ရှင်းသော ရေများကိုရှောင်ပါ။

 အထူးသဖြင့် တောရွာများတွင် မသန့်ရှင်းသော ရေများ၊ ရေကန်များ၊ လယ်တော၊ စိမ့်တောတွင်း ရေအိုင်များကို အကာအကွယ် ဖိနပ်မပါဘဲ ဖြတ်သန်းသွားလာခြင်းများ ရှောင်ကြဉ်ပါ။ မသန့်ရှင်းသော ရေကန်များတွင် ရေကူးခြင်းရှောင်ကြဉ်သင့်ပါတယ်။ မြို့ပြများတွင်လည်း မသန့်ရှင်းသောရေ ကိုင်တွယ်ခြင်း၊ သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ 


၂။ ရောဂါပိုးရှိနေနိုင်သော တိရစ္ဆာန်များ၊ ကြွက်များကို ရှင်းလင်းပါ။

 ကြွက်များဟာ ရောဂါပိုးကို အဓိကသယ်ဆောင်သော တိရစ္ဆာန်များဖြစ်ပါတယ်။ အထူးသဖြင့် လယ်တောများတွင် ရှိနေနိုင်သော ကြွက်များမှတဆင့် ရောဂါကူးစက်နိုင်ပါတယ်။ မြို့ပြများတွင်လည်း ကြွက်များ ရှိနေနိုင်ပါတယ်။ နောက်ပြီး အိမ်မွေးတိရစ္ဆာန်များ ဖျားနာခြင်းဖြစ်နေပါက သေချာဂရုစိုက်သင့်ပါတယ်။ 


၃။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။

 လက်ကို ဆပ်ပြာဖြင့် သန့်စင်စွာဆေးကြောပါ။ ပစ္စည်းများ၊ အိမ်အသုံးအဆောင်၊ မီးဖိုချောင်အသုံးအဆောင်များကို သန့်စင်စွာ ဆေးကြောပြီး တိရစ္ဆာန်များဖြင့် ထိတွေ့ခြင်း မရှိရအောင်သီးသန့် ထိန်းသိမ်းထားရှိသင့်ပါတယ်။ 


ဒေါက်တာကောင်း

Ref: webmd.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18