Print

ရေယုန်ငယ်

  23-Apr-2018
Preview Image

ရေယုန်ဆိုတာ အရည်ကြည်ဖုသေးသေးလေးတွေ ကိုယ်ခန္ဓာမှာပေါ်လာတာကို ပြောတာပါ။ ဘယ်နေရာမဆို ဖြစ်နိုင်ပေမယ့် ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်း၊ နှာခေါင်း၊ လိင်အင်္ဂါနဲ့ တင်ပါးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ပြန်ပြန်ဖြစ်တတ်လို့ စိတ်ဒုက္ခပေးတတ်တယ်။ ကြည့်လို့လဲမကောင်းဘူး။ နာလည်း နာတတ်တယ်။ မွေးကင်းစကလေးငယ်တွေမှာ ဖြစ်ရင်အသက်ဆုံးရှုံးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ 


ဘာကြောင့်ဖြစ်တာလဲ။


 ဗိုင်းရပ်စ်ပိုးကူးစက်တာပါ။ ဟားပီးစ်ဗိုင်းရပ်စ် (Human Herpes Virus HSV) ပါ။ ဗိုင်းရပ်စ်နှစ်မျိုးရှိတယ်။ HSV 1 နဲ့ HSV 2 ပါ။ 


HSV 1 အကြောင်းရှင်းပြပါ။ 


 နှုတ်ခမ်းရေယုန်ဖြစ်စေတယ်။ မိသားစုအတွင်း ထိတွေ့ကိုင်တွယ်ခြင်း၊ နမ်းခြင်း၊ မျက်နှာသုတ်ပဝါ၊ အသုံးအဆောင်များ၊ အတူတူသုံးစွဲခြင်းတို့မှတစ်ဆင့် ကူးစက်တယ်။ လက္ခဏာမပြဘဲနေနိုင်သလို အရမ်းနာတာကြောင့် ဆရာဝန်နဲ့ ပြရတာလည်း ရှိတယ်။ ကြည့်လိုက်ရင် နှုတ်ခမ်းထောင့်မှာ အရည်ဖုသေးသေးလေးတွေ အစုလိုက်ပေါ်လာတာပါ။ တစ်ပတ် ၁၀ ရက်လောက်အထိ ကြာတတ်တယ်။ မပေါ်ခင်မှာ နာသလို စပ်သလို အရင်ဖြစ်တတ်ပါတယ်။ အနာကျက်သွားရင် အမာရွတ် မကျန်ခဲ့တတ်ဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်က ကိုယ်ခန္ဓာအတွင်းမှာ အောင်းသွားတာပါ။ အာရုံကြောစနစ်မှာ နားနေပါတယ်။ ဘယ်သူမဆို ဒီအတိုင်းပါပဲ။ လူအများစုတော့ နှုတ်ခမ်းရေယုန်ပြန်ဖြစ်လေ့ မရှိဘူး။ တချို့တော့ နဂိုဖြစ်ပြီးသား နေရာမှာ၊ အနီးတစ်ဝိုက်မှာ ပြန်ဖြစ်တတ်ပါတယ်။ 


HSV-2 ကရော ဘယ်လိုပါလဲ


 ဒီအမျိုးအစားက လိင်အင်္ဂါများ၊ သားအိမ်ခေါင်း တင်ပါးစတာတွေမှာ ဖြစ်လေ့ရှိတယ်။ ရောဂါရှိသူနဲ့ ထိတွေ့ဆက်ဆံပြီး နှစ်ရက်ကနေ ၂၀ ရက်အတွင်းမှာ ဖြစ်တတ်ပါတယ်။ အဓိကက လိင်ဆက်ဆံခြင်းနှင့် ကူးစက်ပါတယ်။ ပထမဆုံးဖြစ်တာရော၊ ပြန်ဖြစ်တာတွေပါ လက္ခဏာပြလေ့ရှိတယ်။ ဖြစ်တဲ့နေရာမှာ အနီကွက်ပေါ်တာ၊ ယားတာနာတာ၊ စပ်တာ၊ ဆီးပူတာတွေအပြင် ကိုယ်လက်ကိုက်တာ၊ ဖျားတာတွေအထိပါ ဖြစ်တတ်တယ်။ 


 အနာကျက်သွားရင် HSV-1 လိုပဲ ကိုယ်တွင်းက အာရုံကြောဆဲလ်တွေထဲမှာ ခိုအောင်းနားနေပါတယ်။ ခုခံအားကျဆင်းတဲ့အခါ ပင်ပန်းနွမ်းနယ်တဲ့အခါ၊ ဖိစီးမှုများတဲ့အခါ၊ လိင်ဆက်ဆံမှု ပြုတဲ့အခါ၊ ဓမ္မတာပေါ်တဲ့အခါတွေမှာ ပြန်ပေါ်လာတတ်တယ်။ အခုနောက်ပိုင်း ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းလည်း ပြုလုပ်လေ့ရှိလာတာကြောင့် HSV – 1 က လိင်အင်္ဂါမှာဖြစ်ပြီး HSV -2 က ပါးစပ်၊ နှုတ်ခမ်းမှာ ဖြစ်တာလည်း များပြားလာပါတယ်။ 


လက္ခဏာမရှိဘဲနဲ့ရော ကူးစက်နိုင်ပါသလား


 အနာဖြစ်နေမှ ကူးတာမဟုတ်ဘူး။ လက္ခဏာမပြဘဲလဲ ကူးစက်နိုင်တယ်။ အဲဒီလိုကူးတာ ပိုတောင်များတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အထူးသဖြင့် လိင်အင်္ဂါရေယုန်ပါ။ ကူးစက်မှု ၈၀ ရာခိုင်နှုန်းက လက္ခဏာမပြဘဲနှင့် ကူးတယ်လို့ပြောကြတယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ အနာမရှိပေမယ့် ဗိုင်းရပ်စ်ပိုးက လိင်အင်္ဂါတစ်ဝိုက်မှာ ရှိနေတယ်။ လက္ခဏာမပြဘဲ ပိုးထုတ်လွှတ်ခြင်းလို့ ခေါ်တယ်။ အဲဒီကနေ ကူးစက်တာဖြစ်တယ်။ ကင်ဆာရောဂါရှင်များ၊ ကိုယ်အင်္ဂါအစားထိုးကုသမှု ခံယူထားသူများ ခုခံအားကျဆင်းနေသူများဟာလည်း ရေယုန်တစ်ကိုယ်လုံး ပျံ့နှံ့သွားနိုင်တာမို့ ဂရုစိုက်ရမယ့်သူများဖြစ်တယ်။


ရေယုန်ရောဂါဘယ်လိုသတ်မှတ်လဲ

 ရေယုန်ပေါက်တဲ့ပုံစံက သိသာထင်ရှားကွဲပြားတာမို့ ကြည့်ရုံနဲ့ပဲ အလွယ်တကူ ရောဂါသတ်မှတ်နိုင်တယ်။ လိုအပ်ရင် အနာနေရာကို အရေပြားခြစ်ယူခြင်း ဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်နိုင်ပါတယ်။


ဘယ်လိုကုသပါသလဲ 

 Acyclovir စတဲ့ ဗိုင်းရပ်စ်ဆေးသောက်ခြင်း၊ လိမ်းခြင်းများနဲ့ ကုသကြပါတယ်။ နောက် လက္ခဏာသက်သာစေရန် ရေခဲအဝတ်ကပ်ခြင်း၊ ပိုးသတ်ဆေး၊ အကိုက်အခဲ ပျောက်ဆေးများလည်း တွဲစပ်အသုံးပြုလေ့ ရှိပါတယ်။ 


ဘယ်လို ကာကွယ်နိုင်သလဲ

 ကာကွယ်ဆေးတော့ မရှိသေးပါဘူး။ ရောဂါဖြစ်နေသူဟာ တခြားသူများနှင့်ကိုင်တွယ် ထိတွေ့ခြင်း တတ်နိုင်သမျှ ရှောင်ရပါမယ်။ ရေခွက်၊ ဇွန်း၊ နှုတ်ခမ်းနီစသည်တို့ အတူတကွသုံးစွဲခြင်း မလုပ်ရပါဘူး။ လိင်အင်္ဂါရေယုန် ဖြစ်နေတုန်းမှာလည်း လိင်ဆက်ဆံမှု ရှောင်ကြဉ်ထားရပါမယ်။ တစ်လင်တစ်မယား လိင်ဆက်ဆံမှုဟာ အကောင်းဆုံးပါ။ တခြားသူနဲ့ ဆက်ဆံမယ်ဆိုရင်တော့ လုံခြုံစိတ်ချမှုရှိဖို့ လိုအပ်တာပေါ့။ ဒါ့ကြောင့် ကွန်ဒုံး အသုံးပြုရပါမယ်။ 


Credit: ဒေါက်တာစိုးဝင်းဦး

(အရေပြားအထူးကု ဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18