Print

ကိုယ်ဝန်ဆောင်ကာလအတွင်း ခံစားရသောဝေဒနာများ

  26-Jun-2018
Preview Image


          ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်ဟာ ဘဝမှာအပျော်ရွှင်ဆုံး အချိန်ဖြစ်သလို ကိုယ်လက်မအီသာဖြစ်ခြင်း စတဲ့ဝေဒနာလည်း ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အပြုအမူအနေအထိုင်ကို ဆင်ခြင်ရုံနဲ့လည်း အဲဒီဝေဒနာတွေကို အထိုက်အလျောက်တော့ လျော့နည်းစေနိုင်မှာပါ။

 

၁။ ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း

          ကိုယ်ဝန်လနုစဉ်ကာလတွေမှာ မီးယပ်သွေး မပေါ်ရတာကြောင့် ကြွက်သားများ နာကျင်ရတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းဓာတ် အပြောင်းအလဲကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါ့အပြင် သန္ဓေသားအရွယ် ကြီးလာတာနဲ့အမျှ ၎င်းရဲ့ ဘေးတစ်ဖက်စီက အရွတ်တွေဟာ ဆွဲဆန့်ခံရသလို ဖြစ်တဲ့အတွက် နာကျင်မှုကို ခံစားရပါလိမ့်မယ်။ ကိုယ်ဝန် ၁၈ ပတ်နဲ့ ၂၄ ပတ်ကာလတွေဟာ အဆိုးဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ ကိုယ်လက်လှုပ်ရှားမှု များများမလုပ်ဘဲ အနားယူသင့်ပါတယ်။ အထူးသဖြင့် ခါးပိုင်းလှုပ်ရှားမှုကို ဖြည်းဖြည်းသက်သာ ပြုသင့်ပါတယ်။ ဒီလိုနာကျင်မှုမျိုးဖြစ်ရင် ဝမ်းဗိုက်ကို ရေနွေးအိတ်ကပ်ပေးခြင်း သို့မဟုတ် ရေနွေးပုလင်းကပ်ပေးခြင်းတို့ဖြင့်လည်း သက်သာစေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သွေးဆင်းခြင်း မူးဝေခြင်းတို့ပါ ဖြစ်ပေါ်လာပါက ဆရာဝန်ထံ ပြသသင့်ပါတယ်။

 

၂။ နောက်ကျောပြင် နာကျင်ခြင်း သို့မဟုတ် ခါးနာခြင်း

          ခါးနာတာကတော့ မှားယွင်းတဲ့ ခန္ဓာကိုယ်အနေအထားပုံစံကြောင့် ဖြစ်ရတာမျိုးပါ။ သန္ဓေသားကြီးထွားလာတာနဲ့အမျှ ဝမ်းဗိုက်ပိုင်းဟာ လေးလံလာပြီး ခါးအောက်ပိုင်းဟာ နာကျင်လာတတ်ပါတယ်။ ဒါ့အပြင် မွေးဖွားခါနီး အချိန်မှာလည်း သန္ဓေသားရဲ့ ဦးခေါင်းဟာ တင်ပါးဆုံနေရာကို ခေါင်းစိုက်လာတဲ့အတွက်လည်း နောက်ကျောပြင်ကို နာကျင်မှုဖြစ်ပေါ်စေပါတယ်။ ဒီလိုကာလတွေမှာ ဖိနပ်အပါးတွေကိုသာ စီးသင့်ပါတယ်။ ဒါ့အပြင် လေးလံတဲ့ အရာတတ္ထုတွေကို မ ခြင်း၊ သယ်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဆောင့်ကြောင့်ထိုင်ပြီး အောက်ဘက်မှ အရာဝတ္ထုတစ်ခုကို ကောက်မယ့်အစား ကြမ်းပြင်သို့ ဒူးထောက်ပြီး ခါးကို မတ်မတ်ထားကာ ကောက်ယူသင့်ပါတယ်။ မတ်တပ်ရပ်တဲ့အခါမှာလည်း ပခုံးနဲ့ခါးကို မတ်မတ်ထားကာ ကောက်ယူသင့်ပါတယ်။ ဒီလိုမျိုးပြုလုပ်ရင် နာကျင်တာကနေ သက်သာလာစေနိုင်ပါလိမ့်မယ်။ အိမ်ရာကိုလည်း ပြုပြင်ပေးရပါမယ်။ မွေ့ရာဟာ အလွန်တရာ ပျော့နေရင်လည်း လဲလှယ်သင့်ပါတယ်။ ဘေးစောင်းအိပ်ပြီး ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံးတစ်ခုညှပ်ခံထားပေးသင့်ပါတယ်။

 

၃။ ရင်သားနေရာမှာ ပြောင်းလဲလာခြင်း

          ကိုယ်ဝန်လနုစဉ်ကာလကတည်းက ရင်သားမှာ ပြောင်းလဲမှုတော့ ဖြစ်လာပါလိမ့်မယ်။ ကိုယ်ဝန်ခြောက်ပတ်ကနေ ရှစ်ပတ်မှာ ရင်သားဟာ သိသိသာသာ အရွယ်အစား ကြီးလာပါလိမ့်မယ်။ ဒါဟာ ရင်သားမှာရှိတဲ့ အဆီပြင်လွှာထူထဲလာပြီး နို့ရည်ဂလင်းတွေ တိုးပွားလာတဲ့အတွက်ကြောင့်မို့ပါ။ ဒါ့အပြင် ရင်သားအရေပြားဟာ နူးညံ့ပြီး နို့သီးကွင်းရဲ့ အရောင်ဟာလည်း မည်းလာပ်လိမ့်မယ်။

          ကိုယ်ဝန် ၁၂ ပတ်မှာ ၁၄ ပတ်ကာလတွေမှာ နို့ဦးရည်စဖြစ်လာပါလိမ့်မယ်။ အဲဒီနို့ဦးရည်မှာ ပရိုတင်းနဲ့ တွင်းထွက်ဓာတ်တွေနဲ့  ပဋိပစ္စည်းတွေပါဝင်ပြီး ကလေးငယ်မွေးဖွားပြီးတာနဲ့ ပထမဆုံးအရာအဖြစ် တိုက်ကျွေးရမှာ ဖြစ်ပါတယ်။ နို့သီးခေါင်း အက်ကွဲရင် လိမ်းဆေးတွေလိမ်းဖို့ မလုပ်ရပါဘူး။ နို့ရင်အုံနဲ့ နို့သီးခေါင်းကို ရေနွေးနွေးသုံးပြီး ဆပ်ပြာနဲ့ ေးကြောပေးတာနဲ့တင် လုံလောက်ပါတယ်။ ရင်သားကို အထောက်အပံ့ပေးမယ့် အတွင်းခံမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ နို့တိုက်မိခင်တွေအတွက် ထုတ်လုပ်ထားတဲ့ အတွင်းခံမျိုးကို ဝတ်ဆင်ပေးပါ။ ဒီလိုမှမဟုတ်ရင် ရင်သားရောင်ရမ်းခြင်းဖြစ်ပြီး အဲဒီကနေ နို့ဂလင်းတွေမှာ ပိုးမွှားတွေ ဖြစ်လာနိုင်ပါတယ်။

 

၄။ အသက်ရှူရခက်လာခြင်း

          သန္ဓေသားကြီးထွားလာတာနဲ့အမျှ ဝမ်းဗိုက်ဧရိယာ ကျယ်ပြန့်လာပြီး ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကြားရှိ ကြွက်သားလွှာကို ဖိမိသလို ဖြစ်လာပါလိမ့်မယ်။ အဲဒါက အဆုတ်နေရာကိုပါ ထိရောက်မှုဖြစ်စေပြီး အသက်ရှူအနည်းငယ် ခက်လာစေပါတယ်။ ကိုယ်ဝန်ရက်သတ္တပတ် ၃၆ ပတ်မှ ၃၈ ပတ်ဆိုရင်တော့ ကလေးငယ်သန္ဓေသားရဲ့ ဦးခေါင်းဟာ တင်ပါးဆုံဘက်သို့ ဆိုက်လာတဲ့အတွက် အသက်ရှူပိုမိုလွယ်ကူလာပြန်ပါလိမ့်မယ်။ အသက်ရှူရခက်တဲ့ကာလတွေမှာ နှာခေါင်းမှ ဝင်လေထွက်လေကို ခပ်ဖြည်းဖြည်းရှူပေးခြင်းက သက်သာစေနိုင်ပါလိမ့်မယ်။ ထိုင်တဲ့အခါမှာလည်း ကုန်းပြီးနေတာမျိုး မဟုတ်ဘဲ မတ်မတ်ထိုင်ရပါလိမ့်မယ်။ ဒါ့အပြင် အိပ်စက်တဲ့အခါမှာလည်း ခန္ဓာကိုယ်ကို ကွေးမအိပ်ဘဲ ခပ်လျော့လျော့ အိပ်ရပါလိမ့်မယ်။

 

၅။ အအေးမိခြင်း

          ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိခဲ့ရင် ကြာရှည်တတ်ပါတယ်။ အသက်ရှူရာလမ်းတစ်လျှောက်မှာ ဟော်မုန်းဓာတ်ရဲ့ အကျိုးကြောင့် နှာခေါင်းပိတ်ပြီး လာတတ်ပါတယ်။ ဒီလိုကာလတွေမှာ ဆေးဝါးတွေ ဆေးဝါးတွေ မှီဝဲမယ်ဆိုရင် ကိုယ်ဝန်ဆောင်သူတွေနဲ့ သင့်လျော်ပြီး သန္ဓေသားကို ထိခိုက်မှုမရှိတဲ့ အမျိုးအစားကိုသာ မှီဝဲရပါမယ်။ ကိုယ်ဝန်လနုစဉ်က ပျို့အန်ချင်စိတ် ဖြစ်ခြင်းကာလ သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောဆိုတဲ့ ကာလတွေမှာ အအေးမိခဲ့ရင် အစာခပ်ပျော့ပျော့သာ စားသုံးပေးပြီး ရေများများ သောက်ပေးရပါမယ်။ ကိုယ်အပူချိန် ၃၈ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လာရင် ချွဲသလိပ်တွေ ဖြစ်လာတာ၊ ရင်ဘတ်အောင့်လာတာ၊ လည်ချောင်းနာတာတွေ ဖြစ်တတ်တဲ့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

၆။ ဝမ်းချုပ်ခြင်း

          အနည်းဆုံးတော့ ကိုယ်ဝန်ဆောင်သည်အားလုံးရဲ့ ထက်ဝက်ဟာ ဝမ်းချုပ်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါဟာ ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့် အစာခြေလမ်းကြောင်းမှာ အစာတွေ ရွေ့လျားမှု နှေးကွေးလာလို့ပဲ ဖြစ်ပါတယ်။ မွေးဖွားခါနီးအချိန်မှာဆိုရင် ပိုဆိုးတတ်ပါတယ်။ ဒါ့ကြောင့်မို့ အစိမ်းစားနိုင်တဲ့ အသီးတွေ၊ အစိမ်းစားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။ နေ့စဉ်လမ်းလျှောက်တာ၊ ရေကူးတာ စတဲ့ ပေါ့ပါးတဲ့ အားကစားကို ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို ပြုလုပ်လျက်နှင့်မျှ ဝမ်းချုပ်တာကို မသက်သာဘူးဆိုရင် ဆရာဝန်နှင့်ပြောဆိုတိုင်ပင်ပါ။

         

၇။ မူးဝေခြင်း

          တချို့သော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်လနုစဉ်ကာလမှာ ခေါင်းမူးဝေတတ်တာမျိုးနဲ့ မွေးဖွားခါနီးကာလမှာ ခေါင်းမူးတာမျိုးဖြစ်တတ်လေ့ရှိပါသည်။ ဒါဟာ သွေးလှည်ပတ်မှု ပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ အအေးမိခြင်း၊ ဖျားနာခြင်း သို့မဟုတ် သွေးတိုးခြင်း ဆီးချိုရောဂါနဲ့ သိုင်းရွိုက်ပမာဏ မညီမမျှဖြစ်ခြင်း စတာတွေကြောင့် ဖြစ်လာတယ်။ မူးဝေတာ သက်သာအောင် ခြေထောက်ကို ခပ်မြင့်မြင့်ထားပြီး လဲလျောင်းခြင်း၊ အနားယူခြင်း၊ အရည်များများသောက်ခြင်း စတာတွေ ပြုလုပ်ပေးရပါမယ်။ မျက်စိမှုန်လာတာ၊ ခေါင်းကိုက်တာနဲ့ တစ်ပတ်အတွင်း ကိုယ်အလေးချိန် နှစ်ကီလိုဂရမ်လောက် တိုးလာတာမျိုးဖြစ်ရင် ဆရာဝန်ထံမှ အကြံဉာဏ်ရယူပါ။

 

Credit: ဒေါက်တာခင်ဝတ်မှုန်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18