Print

ခံရတာပဲ ခပ်ကောင်းကောင်း

  16-Jun-2018
Preview Image


          ရှောင်ကြရှားကြနဲ့ ဟော်ဟစ်ကြပြီး ဦးဦးတစ်ယောက် ရှောင်လင်သိုင်းကွက်နဲ့ ခုန်ရှောင်လိုက်ရတဲ့အကြောင်း ပြောပြနေတယ်နော်။ ရှောင်နိုင်မှ လွတ်မှာအမှန်ပဲသမီးရေ … ဦးဦးလက်ထဲက ဓားနဲ့ “ ချောချော ” ရဲ့ ပေါင်ကြားထဲက တင်းပြောင်နေတဲ့ အပြာရောင်အမြှေးပါးလေးကို တစ်ချက်ပဲ လှီးလိုက်ရတယ်။ ဝေါခနဲ ဝေါခနဲနေအောင် ပုန်းရည်ကြီးအရောင်လို ညှိပုပ်ပုပ်အရည်တွေ ပန်းထွက်လာလိုက်တာ အမြန်ဆုံး ခုန်ရောင်နိုင်လို့သာ လွတ်မြှောက်သွားတာ။ နို့မဟုတ်ရင် ဦးဦးမျက်နှာတစ်ခုလုံး မိတ်ကပ်လိမ်းပြီးသား ဖြစ်သွားမှာ အမှန်ပဲ။

 

          ပုန်းရည်ကြီးရောင် ညိုညစ်ညစ်အရည်တွေဟာ အောက်ကခံထားတဲ့ ဇလုံးကြီးထဲကို ပြည့်လျှံသွားအောင် စီးဆင်းကျလာပါတော့တယ် သမီးရေ။ အားပါးပါး… နည်းတဲ့အရည်တွေလားကွယ်။ ဒီလောက်များတဲ့ ပုန်းရည်ကြီးအရည်တွေဟာ ဘယ်ကနေဘယ်လို ဒီ “ ချောချော ” ဆိုတဲ့ ငတိမလေးရဲ့ ခန္ဓာကိုယ်ထဲ တိတိကျကျ ပြောရမယ်ဆိုရင် မျက်စိလည်လမ်းမှားပြီး ဝင်ရောက်သွားပါလိမ့်။

 

          သမီးကရော ဘယ်လိုထင်သလဲ။ ဒီပုန်းရည်ကြီးအရည်တွေဟာ တကယ်တမ်းကျတော့ သမီးတို့ အမျိုးသမီးတွေ တစ်လတစ်ခါ ဆင်းလေးရှိတဲ့ ရာသီသွေးတွေပဲ ဖြစ်တယ်။ ဒီ “ချောချော” ဆိုတဲ့ ငတိမလေးအကြောင်း ပြောပြတုန်းက သမီးသတိထားမိလိုက်တယ် ဟုတ် … ဒီ ကောင်မလေး အသက် ၁၇ နှစ်ရှိနေပြီ။ လူပုံစံကသာ တကယ့်ကို ရင်ထွားထွား တင်ကားကားနဲ့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် အပျိုကြီးဖားဖား ဖြစ်နေတာ။ အခုချိန်ထိ ရာသီသွေးတစ်ခါမှ မဆင်းဖူးသေးဘူး ဆိုတာလေ။ ဒါပေမဲ့ ဒီကောင်မလေးဟာ လစဉ် လစဉ် တစ်လကိုတစ်ခါ ခါးနာခါးကိုက်နဲ့ ဝမ်းဗိုက်အောက်ပိုင်းက နှစ်ရက်သုံးရက်လောက် အောင့်တဲ့ဝေဒနာကို ခံစားခဲ့ရတယ်။

 

          ကိုင်း … ကြည့်စမ်း သမီး .. ဒီအချက်နှစ်ချက်ဟာ “ ချောချော ” မှာ ဘာရောဂါ ဖြစ်တာလဲဆိုတဲ့ မေးခွန်းမဟေဠိကို အဖြေညှိနိုင်ဖို့ အရေးကြီးတဲ့ သဲလွန်စပဲ ဖြစ်တယ်။ ၁၇ နှစ်အရွယ် အပျိုကြီးဖားဖား ဖြစ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ဘာကြောင့် အခုချိန်ထိ ရာသီပန်း တစ်ခါမှ မပွင့်ရသေးတာလဲ။ ဒါဟာ မိန်းမပျိုလေးတွေ မွေးထားတဲ့ မိခင် ဖခင်တိုင်း သတိထားရမယ့် ကိစ္စတစ်ခု ဖြစ်တယ်။

 

          အခု “ချောချော” လေးဖြစ်သွားတဲ့ ပြဿနာကိုပဲကြည့် … တကယ့်ပြဿနာရဲ့ တရားခံကတော့ “ချောချော” ရဲ့ မွေးလမ်းကြောင်းထိပ်က အပျိုမြှေးလေးမှာ ရှိကိုရှိရမယ့် အပေါက်မပါဘဲ လုံးဝအပိတ်ကြီးဖြစ်နေတာပါပဲ။ သမီးကို ဦးဦးပြောပြခဲ့ပြီးပြီလေ … အပျိုမြှေးကလေးရဲ့ အလယ်မှာ ရာသီသွေးဆင်းဖို့ အပေါက်ကလေး ပါကိုပါရတယ်လေ။

 

          တစ်ခါတလေ ကျရင်တော့ ဘာကြောင့်မှန်း ဘယ်သူမှ သေသေချာချာ မသိဘဲ မွေးရာပါ ချို့ယွင်းချက်တစ်ခုအနေနဲ့ အပျိုမြှေးလေးမှာ ဘာအပေါက်မှမပါဘဲ ဖြစ်တတ်တယ်။ အဲဒီအခါကျ “ချောချော” ဆိုတဲ့ ကောင်မလေးဟာ တကယ်တမ်းတော့ အပျိုပေါက်ပြီဆိုကတည်းက သားအိမ်က တာဝန်ကျေတယ်။ ရာသီသွေးတွေ လစဉ် လစဉ် ဆင်းလာခဲ့တယ်။ ဒါပေမဲ့ ဒီရာသီသွေးတွေက မွေးလမ်းကြောင်းရဲ့ အပြင်ဘက်ကို မထွက်နိုင်ဘဲ အထဲမှာပဲ ပိတ်မိနေတယ်။ အဲဒီလို တစ်လကို တစ်ခါလာနေတဲ့ ရာသီသွေးတွေဟာ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကို မထွက်နိုင်အောင် “Imperforate Hymen” အပေါက်မပါတဲ့ အပျိုမြှေးက ပိတ်ဆို့ထားတာမို့ လစဉ်လတိုင်း တစ်လနည်းနည်း မွေးလမ်းကြောင်းထဲ သားအိမ်ထဲ စုစည်းမိလာတယ်။

 

          ခန့်မှန်းခြေ ဒီကောင်မလေး အပျိုစဖြစ်တာ သက် ၁၄ နှစ်လောက်ပဲထားပါဦး … အခု အသက် ၁၇ နှစ်လောက်ပဲထားပါဦး … အခု အသက် ၁၇ နှစ်ဆိုတော့ စုစုပေါင်း သုံးနှစ်၊ တစ်နှစ်မှာ ၁၂ လ ၁၂×၃ =၃၆ လတိတိ စုဝေးလာတဲ့ ရာသီသွေးတွေဟာ ဘယ်လောက်တောင်ရှိနေပြီလဲ။

 

          မှန်တယ် သမီးရေ … အဲဒီရာသီသွေးတွေရဲ့ စုဝေးမှုကြောင့် မွေးလမ်းကြောင်းရော သားအိမ်ကြီးပါ ပူဖောင်းကြီးလို ဖောင်းကားချင်တိုင်း ဖောင်းကားပြီး ဝမ်းဗိုက်ထဲမှာ ဘောလုံးကြီးလို အလုံးတစ်လုံး ဖြစ်လာတဲ့အထိ။

 

          ဒါကြောင့်လည်း ဦးဦးတို့တောင် မနည်းရှောင်ရအောင် ပုန်းရည်ကြီးအရောင် ရာသီသွေးတွေက ဓားနဲ့အမြှေးပါးကို ခွဲလိုက်ချိန်မှာ တဝေါဝေါနဲ့ ပန်းထွက်လာခဲ့တာဖြစ်တယ်။ ဒီအလုံးကြီးဟာ ဝမ်းဗိုက် ဝမ်းဗိုက်ရဲ့ အောက်ပိုင်းမှာရှိတဲ့ ဆီးပေါက်တဲ့ ပြွန်ကလေးတို့ကို ပိတ်ဆို့သွားအောင် ဖိပစ်လိုက်တာမို့ “ချောချော” ဆိုတဲ့ ကောင်မလေးရဲ့ ဆီးအိမ်ကြီး အရမ်းတင်းကားလာပြီး အမလေး၊ အဘလေး၊ အော်ဟစ်ရလောက်အောင် ဝေဒနာခံစားရစေတာ ဖြစ်တယ်။

 

          အင်း … အဲသလို ဝေဒနာခံစားရပြီး ဆေးရုံကို အရေးပေါ်ရောက်လာတာကပဲ ခပ်ကောင်းကောင်းလို့ ပြောရလေမလား။ အဲသလို ဆေးရုံကို မမျှော်လင့်ဘဲ ရောက်လာလို့သာ ဒီကောင်မလေးရဲ့ အပျိုမြှေးမှာ အပေါက်မပါတာကို သိလိုက်ရတာ။ ဒီလိုသာ နာကျင်အော်ဟစ်ပြီး ရောက်မလာခဲ့ရင် ဒီကောင်မလေး ဘယ်တော့မှများ ဆရာဝန်ဆီ ရောက်လာတော့မယ်လို့ သမီးထင်သလဲ။

 

Credit: ဒေါက်တာစိုးလွင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18