Print

ကလေးကိုဝမ်းချုပ်စေသော အစားအစာများ

  27-Aug-2018
Preview Image

ကလေးဘဝရဲ့ အစောပိုင်းကာလတွေမှာ ဖြည့်စွက်စာကျွေးခြင်းဟာ အလွန်အရေးပါပါတယ်။ ကလေးအတွက် သင့်တော်တဲ့ အစားအစာရွေးရတာ တစ်ကယ်တော့ မလွယ်ပါဘူး။ ကလေးဟာ ဝမ်းချုပ်နေရင်တော့ ဖြစ်နိုင်ချေရှိတာက အောက်ပါအစားအစာများကို လိုတာထက်ပိုစားမိလို့ပါပဲ။ 


ချိုလွန်းသော အစားအစာများ

နေ့တိုင်းမကြာခဏ သကြားလုံး၊ ဘီစကစ်၊ မုန့်အချိုတွေကို ကလေးတွေက နှစ်သက်စွာစားလေ့ရှိပါတယ်။ ဒီမုန့်တွေမှာ သကြားဓာတ် အများအပြားပါဝင်ပြီး အမျှင်ဓာတ်လုံးဝ မပါဝင်ပါဘူး။ ဒါ့အပြင် သကြားလုံးတွေစားတာက ဝမ်းချုပ်ခြင်းကို အလွယ်တကူ ဖြစ်ပေါ်စေပြီး ကလေးတွေကို ခံတွင်းပျက်ခြင်းနဲ့ အဝလွန်ခြင်းတွေဖြစ်အောင်လုပ်တဲ့ တရားခံဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ သကြားပါတဲ့အစားအစာတွေကို ကန့်သတ်ရပါမယ်။


နို့နှင့်နို့ထွက်ပစ္စည်းများ

ထောပတ်၊ ချိစ်၊ မလိုင် စတာတွေဟာ ကလေးရဲ့အရိုးကြီးထွားမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓာတ်ကို ပံ့ပိုးပေးတယ်ဆိုပေမယ့် အလွန်အကျွံစားသုံးမိရင် ဝမ်းချုပ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သကြားပါဝင်မှုနှုန်းများပြီး အမျှင်ဓာတ်အနည်းငယ်သာ ပါဝင်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းနည်းပဲတိုက်တာ ကောင်းပါတယ်။


ငှက်ပျောသီး

ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့အသီးဖြစ်ပါတယ်။ ဗီတာမင်နဲ့အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါပေမယ့် ကလေးငယ်ရဲ့နူးညံ့တဲ့ အစာချေစနစ်က ငှက်ပျောသီးအများကြီးစားမိရင် မချေဖျက်နိုင်ဘဲ ဝမ်းချုပ်စေနိုင်ပါတယ်။ ၂ရက် ၃ရက်မှာ တစ်လုံးလောက်ပဲ ကျွေးသင့်ပါတယ်။


အသား

အသားမှာပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် အများကြီးစားမိရင်တော့ ဝမ်းချုပ်တာ၊ အလေးချိန်တက်တာ၊ အဝလွန်တာဖြစ်စေပါတယ်။ သင့်တင့်မျှတတဲ့ ပမာဏလောက်သာကျွေးပါ။ အမဲသား၊ဝက်သား၊အနီရောင်အသားတွကို ရှောင်ကျွေးသင့်ပါတယ်။ အသားတွေကို ချက်တဲ့အခါ အသီးအရွက်နဲ့ ရောချက်သင့်ပါတယ်။


အဆီများတဲ့ အစားအစာများ

အဆီများတဲ့အစားအစာတွေဟာ ကလေးအတွက် လုံးဝမကောင်းပါဘူး။ ကိုလက်စထရောမြင့်မားပြီး ပြည့်ဝဆီတွေ ပါဝင်နေလို့ဖြစ်ပါတယ်။ တစ်ကယ်လို့ ကလေးငယ်ကို အကြာကြီးဝမ်းမချုပ်နေစေချင်ရင် ဖြည့်စွက်စာတွေမှာ အဆီပါဝင်မှုကို ကန့်သတ်ထားသင့်ပါပြီ။


ကဖင်းဓာတ်ပါဝင်သော အစားအစာများ

ကလေးတွေကြိုက်နှစ်သက်တဲ့ ကာဗွန်နိတ်ဖျော်ရည်တွေ၊ ချောကလက်နဲ့ ချောကလက်ပါဝင်တဲ့ သောက်စရာတွေမှာ ကဖင်းဓာတ်မြင့်မားစွာပါဝင်ပါတယ်။ မိခင်တွေက ဂရုမစိုက်မိဘဲ ဒီလိုအစားအစာတွေကိုကျွေးရင် ကလေးငယ်တွေမှာ ရုတ်တရက်ဝမ်းချုပ်တာမျိုး ခံစားရနိုင်ပါတယ်။


ဒါ့အပြင် ကဖင်းဓာတ်ဟာ စိတ်ပူပန်မှု၊ အသက်ရှုရခက်ခြင်း၊ စိတ်ကျဉ်းကြပ်ခြင်းတွေကို အလွယ်တကူဖြစ်စေတတ်တာမို့ ဒီအစားအစာတွေကို စားသုံးတာကိုလည်း ကန့်သတ်သင့်ပါတယ်။


Credit: Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18