Print

ကလေးရေချိုးခြင်း

  07-Jul-2018
Preview Image

 ကလေးရေချိုးရင် အအေးပတ်တတ်ပါသလား။

          ကလေးကို ပုံမှန်အချိန်အတိုင်းအတာဖြင့် ရေချိုးရင်တော့ ဘာမှ မဖြစ်နိုင်ပါ။ ကလေးကို ရေထဲမှာ အကြာကြီးစိမ်ထားမယ်။ ရေကိုခြောက်အောင် မလုပ်ဘဲ ဆော့ကစားခိုင်းမယ်ဆိုရင်တော့ နှာစေးချောင်းဆိုး ဖြစ်လာနိုင်ပါတယ်။  ကလေးကို တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် နေ့စဉ် ရေမှန်မှန်ချိုးပေးရပါမယ်။ ဒါမှအရေပြားရောဂါ ကင်းဝေးပါမယ်။ နေပူရှိန်ပြင်းတဲ့ အချိန်မှာတော့ အပြင်က ပြန်လာပြီး ကလေးကို ရေမချိုးသင့်ပါဘူး။

 

အဖျားမတက်အောင် ပါရာစီတမော ကြိုပြီး တိုင်းသင့်ပါသလား။

          ကလေးတစ်ယောက် အဖျားတက်တယ်ဆိုတာ သူရဲ့ခန္ဓာကိုယ်ကနေ သတိပေးတဲ့ အချက်ပြ Signal ဖြစ်ပါတယ်။ ကလေးကဖျားနေပြီဆိုရင် ဂရုစိုက်ပါ။ သတိထားပါ။ ကုသမှုခံယူပါလို့ ပြောနေတာဖြစ်ပါတယ်။ ဒါကြောင့် အဖျားမတက်ခင် ကြိုပြီး ပါရာစီတမော ခဏခဏတိုက်တဲ့အတွက် ကလေးဟာ အေးစက်ပြီး ချွေးတွေ ထွက်လာနိုင်ပါတယ်။ ကလေးနုံးခွေသွားနိုင်ပါတယ်။

 

ကလေးကို ချစ်လို့နမ်းတာ ကောင်းပါရဲ့လား။

          ကလေးကို ကလူကျီစယ်နဲ့ ကလေးကို လှုံ့ဆော်မှုပေးတာက ကောင်းပါတယ်။ ဒါပေမဲ့ နမ်းတာကတော့ မကောင်းပါဘူး။ နမ်းတဲ့လူမှာ ရောဂါရှိရင် ကလေးကို ကူးစက်သွားနိုင်ပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကူးစက်စေနိုင်ပါတယ်။

 

ကလေးမှာ တီဘီရောဂါ ဘယ်သူ့ဆီက ကူးစက်လာပါသလဲ။

          ကလေးတစ်ယောက် တီဘီရောဂါရလာတာဟာ လူကြီးတစ်ယောက်ယောက် တီဘီရောဂါရှိလို့ လူကြီးဆီကနေ ကလေးဆီကို ကူးစက်လာတာဖြစ်ပါတယ်။ လူကြီးတစ်ယောက်လို့ ဆိုရာမှာ မိမိရဲ့ အိမ်မှာရှိတဲ့ မိသားစုဝင်လား၊ အဝင်အထွက်ရှိတဲ့ အိမ်နီးနားချင်းလား၊ ကလေးကို ထိန်းကျောင်းပေးတဲ့ အထိန်းတွေလား၊ ရောဂါရှိလို့လာကုသတဲ့ အမျိုးအဆွေတွေလား၊ ကလေးကို စာသင်ကြားပေးတဲ့ ဆရာဈ ဆရာမတွေလားဆို စဉ်းစားကြရမှာ ဖြစ်ပါတယ်။ အဲဒီထဲက၊ အဲဒီလို လူကြီးထဲက တစ်ယောက်ယောက်ပဲပေါ့။

 

ကလေးဉာဏ်ရည်ဖွံ့ဖြိုးအောင် ဘာဆေးတိုက်ရမလဲ။

          ကလေးကို ဉာဏ်ရည်ဖွံ့ဖြိုးအောင် တိုက်တဲ့ဆေးမရှိပါ။ ကလေးဉာဏ်ရည်ဟာ နှစ်ဖက်မိဘများရဲ့ ဉာဏ်ရည်နဲ့ သက်ဆိုင်သလို၊ ကလေးကို ထိန်းကျောင်းပဲ့ပြင်ရင်ဖြင့် သင်ကြားနာယူမှုကလည်း အထိုက်အလျောက် အရေးပါပါတယ်။

 

ကလေးအရပ်ရှည်အောင် ဘာဆေးတိုက်ရမလဲ။

          ကလေးရဲ့ အရပ်ပုတယ်၊ ရှည်တယ်ဆိုတာလည်း မိဘနှစ်ပါးရဲ့ အရပ်အမောင်းပေါ် မူတည်ပါတယ်။ အရပ်ရှည်အောင် ဟော်မုန်းဆေးထိုး၊ ဆေးတိုက်မယ်ဆိုရင် ပထမတော့ အရပ်ရှည်လာပေမယ့် နောက်ဆုံးကျရင်တော့ မိမိလိုလားတဲ့ အရပ်ရှည်ခြင်းမရနိုင်ပါ။ အားကစားလေ့ကျင့်ခန်း၊ ပြည့်ဝလုံလောက်သော အစာအာဟာရ၊ ပျော်ရွှင်၍ စိတ်ဖိစီးမှုနည်းသော ပတ်ဝန်းကျင် စတာတွေ ပြုလုပ်ပေးရင် သင့်တင့်သော အရပ်အမောင်း ရရှိနိုင်ပါတယ်။

 

နှာခေါင်းသွေးယိုတာနဲ့ ကလေးကင်ဆာဖြစ်ပါသလား။

          တချို့ကလေးတွေမှာ နှာခေါင်းနှိုက်တတ်တဲ့အကျင့် ရှိပါတယ်။ ဒါကြောင့် နှာခေါင်းကနေ သွေးထွက်တတ်ပါတယ်။ နှာခေါင်းသွေးယိုတာ တစ်ခုတည်းနဲ့တော့ ကလေးသွေးကင်ဆာ မဖြစ်ပါဘူး။ အခြားသွားဖုံးသွေးယိုတာ၊ အရေပြားပေါ်မှာ အစက်အပြောက်အနေနဲ့ သွေးယိုတာ၊ ခဏခဏများတာ အကျိတ်တွေထွက်တာ၊ အရိုးနာတာ စတာတွေနဲ့ တွဲလာရင်တော့ သွေးကင်ဆာကို သတိပြုရပါလိမ့်မယ်။ နှာခေါင်းသွေးယိုလာရင်တော့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သိအောင် ဆရာဝန်နဲ့ ပြသစေချင်ပါတယ်။ မိုးတွင်းမှာ နှာခေါင်းသွေးယိုပြီး ဖျားရင် သွေးလွန်တုပ်ကွေးကို အဓိကထား စဉ်းစားရပါမယ်။

 

ကလေးခေါင်းချွေးထွက်ရင် တီဘီရောဂါလား။

          ကလေးတွေက တစ်နေရာကိုကွက်ပြီး ချွေးထွက်တတ်ပါတယ်။ တချို့က ခေါင်းမှာ ချွေးပိုထွက်တယ်။ တချို့က ကျောမှာ ချွေးပိုထွက်တတ်ပါတယ်။ ခေါင်းမှာ ချွေးထွက်တာ တစ်ခုတည်းနဲ့တော့ တီဘီလို့ မပြောနိုင်ပါ။ ဗိတာမင်ဒီ Vitaman D ဓာတ်နည်းရင်လည်း ခေါင်းချွေးထွက်ပါတယ်။ ခဏခဏဖျားတယ်၊ အစာမစားချင်ဘူး။ ကိုယ်အလေးချိန် မတက်လာဘူး။ တီဘီရှိတဲ့လူ အိမ်မှာရှိမယ်။ စတဲ့ အချက်တွေကိုပါ ထည့်တွက်ပြီး တီဘီရောဂါကို ဆန်းစစ်ရပါမယ်။ ရင်ဘတ်ဓာတ်မှန် Chest X’ Ray မှာ ကလေးတီဘီဆေးတိုက်ဖို့ မလိုပါဘူး။ ကလေးတိဘီက ကလေးရဲ့ အာဟာရ ကောင်းမွန်ရင် အလိုအလျောက် ပျောက်ကင်းနိုင်ပါတယ်။

 

ကလေးသွားပေါက်နောက်ကျတာ ကလေးဖွံ့ဖြိုးမှု နောက်ကျတတ်ပါသလား။

          ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှု ကလေးခေါင်းခိုင် မခိုင်၊ ထိုင်နိုင်မှု ရှိမရှိ လမ်းလျှောက်ပြီလား။ ကလေးက ပစ္စည်းကိုယူပြီး တစ်ဖက်က တစ်ဖက်ပြောင်း ကိုင်တတ်ပြီလား။ လွှင့်ပစ်ပြီလား၊ မိခင်နဲ့ တစ်စိမ်းခွဲခြားတတ်ပြီလား၊ ပြုံးရယ်တတ်ပြီလား၊ တာ့တာ့၊ ဘိုင်ဘိုင်လုပ်တတ်ပြီလား၊ အမြင်အာရုံ၊ အကြောအာရုံကြောင်းလား။ စတာတွေကို ကြည့်ရှုစမ်းသပ်ပြီး ဖွံ့ဖြိုးမှု ရှိမရှိ စမ်းသပ်ရပါတယ်။ ကလေးသွားပေါက်နောက်ကျတာ တစ်ခုတည်းနဲ့တော့ ကလေးဖွံ့ဖြိုးမှု မရှိဖူးလို့ မပြောနိုင်ပါ။

 

ကလေးဖျားနေရင်၊ အစာကျွေးရင် အဖျားပိုတက်ပါသလား။

          အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါဖြစ်ရင်တော့ အစာမကျွေးရပါ။ အသက်ရှူလမ်းကြောင်းရောဂါ၊ ဝမ်းပျက်ရောဂါ၊ သာမန်တုပ်ကွေးရောဂါ စတဲ့ သာမန်အဖျားတွေအတွက် ကြေညက်တဲ့ အစားအစာ ကျွေးသင့်ပါတယ်။ အစာကျွေးလိုက်ခြင်းကြောင့် အဖျားပိုမတက်ပါ။ အစာဖြတ်လိုက်ခြင်းအားဖြင့် ကလေးရဲ့ အင်အားယုတ်လျော့စေပြီး နာလန်ထ နောက်ကျတတ်ပါတယ်။ အထူးသဖြင့် အစာမကျွေးတဲ့အတွက် ကလေးအာဟာရပြတ်တဲ့ရောဂါ ဖြစ်လာတတ်ပါတယ်။

 

ကလေးဖျားရင် လေအေး Air Con နဲ့ သိပ်လို့ရပါသလား။

          ကလေးအပူရှိန်တက်ရင် အေးအောင် လုပ်လို့ရပါတယ်။ လေအေးစက်နဲ့ ကလေးကိုထားလို့ရပါတယ်။ နွေရာသီပူပြင်းချိန်မှာ အပူကြောင့် အဖျားတက်ရင် Heat Exhaustion ဖြစ်ရင် လေအေးစက်သုံးရပါတယ်။ ဒါပေမဲ့ ရိုးရိုးအဖျားကြောင့် ကိုယ်ပူရင်တော့ ရေခဲ မသုံးသင့်ပါဘူး။ ရေခဲအုပ်ရင် ကိုယ်တွင်းအပူချိန် Core Temperature တက်ပြီး အပြင်က အေးနေတာ ကိုယ်ပူချိန်မကျ ဖြစ်နေတတ်ပါတယ်။

 

Credit: ပါမောက္ခ ဒေါက်တာဦးအေးသောင်း

(ကလေးအထူးကု သမားတော်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18