Print

ကလေးကျန်းမာရေးအတွက် သတိထားရမည့်အန္တရာယ်များ

  27-Jun-2018
Preview Image


မိသားစုများအနေနဲ့ မိမိရဲ့ရင်သွေးငယ်များကို နွေရာသီအလိုက်၊ မိုးရာသီအလိုက်၊ ဆောင်းရာသီအလိုက်၊ ရာသီကိုစောင့်ကြည့်ရင်း ဖြစ်ပေါ်နေတတ်တဲ့ ရောဂါတွေကို သိရှိသဘောပေါက်ပြီး ကလေးအတွက် လိုအပ်တဲ့အစားအစာ၊ အဝတ်အထည်၊ နေရေးထိုင်ရေးတွေကို အလေးပေး ဆောင်ရွက်နေကြပါတယ်။ ဒါပေမဲ့ နေ့စဉ်တွေ့ကြုံရသော မီးခိုးငွေ့များ၊ ဖုန်မှုန့်များ စသည့်အန္တရာယ်များကို သတိမထားမိကြပါ။ ငါးနှစ်အောက် ကလေးငယ်များအနေနှင့် အဆုတ်နှင့်ပတ်သတ်သော ရောဂါများနှင့် ရင်ကျပ်ပန်းနာရောဂါများ ဖြစ်ကြသည်မှာ ယင်းသို့သော မီးခိုးငွေ့နှင့် ဖုန်မှုန့်များကြောင့်ဖြစ်ပါတယ်။


မီးခိုးငွေ့များ

၁။ မီးခိုးငွေ့များမှာ အဓိကကတော့ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော  ဆေးလိပ်မီးခိုးများပဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်း ကင်းစင်သော နေအိမ်ဖြစ်ရန် အရေးကြီးပါတယ်။ ကလေးရှိသောအိမ်မှာ ဆေးလိပ်သောက်သူ တစ်ယောက်ရှိပါက ယင်းမှရရှိလာသော ဆေးလိပ်မီးခိုးများကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့်ကလေးနှင့် အတူရှိနေစဉ် အတွင်းဆေးလိပ်သောက်ခြင်းကို အထူးဆင်ခြင်သင့်ပါတယ်။ လုံးဝဆေးလိပ် မသောက်ခြင်းက မိမိကလေးရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်သလို မိမိရဲ့ကျန်းမာရေးအတွက် အထူးသဖြင့် အဆုတ်ကင်ဆာဖြစ်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်

၂။ နောက်ဂရုပြုသင့်တဲ့ မီးခိုးငွေ့ကတော့ ခြင်ဆေးခွေမှ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့များဖြစ်ပါတယ်။ ကလေးကို ခြင်မကိုက်ရန် အရေးကြီးပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ နေ့ခင်းခြင်ကိုက်လို့ဖြစ်တာကို မိခင်တွေ အထူးဂရုပြုပြီး ကလေးရဲ့အနီးမှာ ခြင်ဆေးခွေကို အဆက်မပြတ်ထွန်းကြပါတယ်။ ခြင်ဆေးခွေမှထွက်ရှိတဲ့ မီးခိုးငွေ့တွေက လေတိုက်ရာမှ ကလေးဆီကို တိုက်ရိုက်ရောက်ရှိရန် အသက်ရှုရာမှာ၊ မီးခိုးငွေ့များကို ရှုရှိုက်မိပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်တတ်ပါတယ်။ ကလေးရဲ့ အနီးမှာကပ်ပြီး ခြင်ဆေးခွေ မထွန်းသင့်သလို အခန်းတံခါးလုံးဝပိတ်ပြီးလည်း ခြင်ဆေးခွေမထွန်းသင့်ပါ။

၃။ မီးခိုးငွေ့တွေ များပြားစေတဲ့ အကြောင်းတစ်ခုကတော့ မော်တော်ကားများက ထွက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကားလမ်းပေါ်မှာ ကားများပိတ်မိနေပြီး နာရီနဲ့အမျှ ကားမှထွက်ရှိနေသော မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှု ဖြစ်စေနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် မလွဲမသွေအသက်ရှုလမ်းကြောင်းရောဂါများ ပိုမိုဖြစ်ပေါ်စေပါတယ်။

၄။ စက်မှုဇုန်များထူထောင်ပြီး စက်ရုံများတည်ဆောက် လည်ပတ်ရာတွင်လည်း ထွက်ရှိသောမီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုကြောင့် ပြည်သူလူထုကို အသက်ရှုလမ်းကြောင်းရောဂါများ ပိုမိုဖြစ်ပေါ်စေပါတယ်။

 

ဖုန်မှုန့်များ

၁။ ပူပြင်းသော ရာသီဥတုကြောင့် ဖုန်မှုန့်များ ယခင်ကထက် ပိုမိုများပြားလာပါတယ်။ ဖုန်တွေကြောင့် ရင်ကျပ်ပန်းနာရှိသူများ ပိုမိုပြီး ရင်ကျပ်စေနိုင်သလို ကလေးများအတွက်လည်း အသက်ရှုလမ်းကြောင်း ရောဂါတွေဖြစ်စေနိုင်ပါတယ်။

၂။ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့်လည်း ဖုန်တွေပိုမိုထွက်ရှိခြင်း၊ ဘေးပတ်လည်ဝန်းကျင်အိမ်များအတွင်းသို့လည်း ဝင်ရောက်စေပါတယ်။ ဘိလပ်မြေများမှ ထွက်ရှိသောဖုန်မှုန့်ကိုလည်း မရှုရှိုက်မိစေရန် ကလေးများကို သတိပေးရပါမယ်။

၃။ ကျောင်းသား ကျောင်းသူများအတွက်အဓိက ဖြစ်တဲ့ဖုန်မှုန့်ကတော့ မြေဖြူမှုန့်များဖြစ်ပါတယ်။ စာသင်ကြားတဲ့ ဆရာ၊ ဆရာမတွေအတွက်လည်း အန္တရာယ်ရှိပြီး ကလေးတွေအတွက်လည်း ဒုက္ခပေးတဲ့ မြေဖြူမှုန့်များဖြစ်ပါတယ်။ မြေဖြူနဲ့ရေးပြီး ကျောက်သင်ပုန်းကို ဖျက်တဲ့အခါမှာ မြေဖြူမှုန့်များလွင့်စင်ပြီး ကျောင်းစာသင်ခန်းတစ်ခုလုံး ပျံ့နှံ့သွားစေပါတယ်။  ရေရှည်အတွက် ကလေးမှာ ဆရာ၊ ဆရာမများရဲ့ ကျန်းမာရေးအတွက် မကောင်းပါ။

 ၄။ ဆန်ဆိုင်များအနီး၊ ဘိလပ်မြေဆိုင်များ အနီးမှာ ကလေးတွေ ဆော့ကစားခြင်းမရှိရန် အရေးကြီးပါတယ်။ ဆန်အိတ်များနှင့် ဘိလပ်မြေအိတ်များ အတင်အချကြောင့် ထွက်လာသော အမှုန်များသည်လည်း ကလေးများရဲ့ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။


မီးခိုးငွေ့များနှင့်ဖုန်မှုန့်များသည် နေ့စဉ်ရက်ဆက် ကလေးများရဲ့ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးသော အန္တရာယ်များ ဖြစ်ကြပါတယ်။ ဆေးလိပ်မီးခိုးကင်းစင်သော အိမ်၊ ကျောင်းများဖြစ်ရန် အရေးကြီးပါတယ်။ အထူးသဖြင့် ကျောင်းပိတ်ရက်များ ပြီးနောက် ကျောင်းများပြန်ဖွင့်ချိန်များတွင် ကျောင်းခန်းအတွင်းသန့်ရှင်းရေး လုပ်ဆောင်စေပြီးမှ ကလေးများကို စာသင်ကြားခြင်း ပြုလုပ်လျှင် ဖုန်မှုန့်များအန္တရာယ်မှ ကင်းဝေးမှာဖြစ်ပါတယ်။ မြေဖြူများသုံး၍ စာသင်ကြားခြင်းမှသည် မင်၊ soft pen ဖြင့် စာသင်ခြင်းသို့ ပြောင်းလဲရန်လည်း လိုအပ်လာပါသည်။

 

Dr. Oliver

Credit:  ပါမောက္ခဒေါက်တာအေးသောင်း (ကလေးအထူးကုသမားတော်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18