Print

ကလေးလေး ဘာကြောင့်ငို

  18-Jun-2018
Preview Image


          ကလေးငိုပြီဆိုလျှင် ဖေဖေ၊ မေမေတို့ ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ နို့စို့အရွယ်ကလေးလေး အနေနဲ့ သူတို့ရဲ့ ပြောဆိုဆက်သွယ်မှုကလည်း ငိုတာပဲ ရှိတာပါ။ နို့ဆာလာလျှင်၊ အိပ်ချင်လာလျှင်၊ နာကျင်လာလျှင် စတဲ့ခံစားမှု၊ လိုအပ်မှုတွေကို ငိုတာနဲ့ပဲ ဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် ကလေးငိုရင် ဖေဖေတို့မေမေတို့ ခြေမကိုင်မိလက်မကိုင်မိ မဖြစ်ရလေအောင် ကလေးငိုရတဲ့အကြောင်းရင်းနဲ့ ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ဆာလောင်ခြင်း

          ဒါကတော့ မေမေတို့အနေနဲ့ ကလေးငိုလာလျှင် ပထမဦးဆုံးစဉ်းစားမိမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် နို့ဆာပြီး မအော်ငိုခင် ဆာလောင်ကြောင်းကိုပြသနေ့တဲ့ လက္ခဏာများကို သိရှိထားဖို့ လိုအပ်ပါတယ်။ နို့စို့အရွယ်ကလေးငယ်များမှာ နို့ဆာလောင်တဲ့လက္ခဏာများက ဂျီကျခြင်း၊ နှုတ်ခမ်းစူပြခြင်း၊ နို့စို့သကဲ့သို့ လုပ်ပြခြင်း၊ ပါးစပ်တွင်း လက်ထည့်ခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

 

၂။ လေထိုး၊ လေအောင့်ခြင်း

          ကလေးတွေမှာ လေထိုး၊ လေအောင့်ခြင်းကြောင့် ငိုခြင်းဟာ အဖြစ်များပါတယ်။ ကလေးကို နို့တိုက်ပြီး၊ အစားအစာကျွေးအပြီးမှာ ငိုနေပါက လေထိုးလေအောင့်ခံစားရနိုင်ချေ များပါတယ်။ တစ်ရက်လျှင် အနည်းဆုံး ၃ နာရီ၊ တစ်ပတ်ကို အနည်းဆုံး ၃ ရက်၊ နှင့် အနည်းဆုံး ၃ ပတ်ခန့် ချော့မရဘဲ ငိုနေပါက လေထိုးလေအောင့်ဖြစ်တယ်ဆိုပြီး ယူဆရနိုင်ပါတယ်။ လေထိုးလေအောင့်အချိန်မျိုးမှာ ဆရာဝန်ခွင့်ပြုချက်ဖြင့် ညွှန်ကြားထားတဲ့ လေနိုင်ဆေးရည်များကို တိုက်ပေးနိုင်ပါတယ်။ လေထိုးလေအောင့်မှ ကာကွယ်ရန်လည်း မေမေတို့အနေနဲ့ သံသယရှိပါက ကလေးကို ပက်လက်အနေအထားထားလိုက်ပြီး ခြေထောက်နှစ်ဘက်ကို ကိုင်ကာ စက်ဘီးစီးသကဲ့သို့ ညင်သာစွာလှုပ်ရှားပေးနိုင်ပါတယ်။

 

၃။ လေချဉ်တက်ခြင်း

          နို့ချိုတိုက်ကျွေးပြီး ငိုကျွေးပါက ကလေးအနေနဲ့ လေချဉ်တက်ချင်လို့လည်းဖြစ်နိုင်ပါတယ်။ နို့စို့နေစဉ်မှာ ကလေးအနေနဲ့ လေမျိုချမိ၍ဖြစ်နိုင်ပါတယ်။ ကလေးအား မေမေတို့ ပုခုံးပေါ်ချီထားပြီး ကျောလေးအား ပွတ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

 

၄။ ဒိုင်ယာပါညစ်ပတ်ခြင်း

          ကလေးငိုလျှင် တစ်ခုစဉ်းစားရမှာက ဒိုင်ယာပါဖြစ်နိုင်ပါတယ်။ တစ်ချို့ကလေးတွေက ဒိုင်ယာပါစိုလာ၊ ညစ်ပတ်လာတာကို ခံနိုင်ပေမယ့် တစ်ချို့ကလေးတွေက အချိန်ကိုက် ငိုတတ်ပါတယ်။ ဒါကြောင့် ဒိုင်ယာပါကို စစ်ဆေးဖို့လည်း မမေ့ပါနဲ့။

 

၅။ အိပ်စက်အနားယူရန် လိုအပ်ခြင်း

          ကလေးသူငယ်အနေနဲ့ မောပန်းလာလျှင် အချိန်မရွေး အိပ်စက်လိုက်ကြပါတယ်။ ဒါပေမယ့် မေမေတို့ထင်ထားတာထပ် သူတို့အတွက် အိပ်ပျော်နိုင်ဖို့က ခက်ခဲတတ်ပါတယ်။ အဲဒီအချိန်မှာ ဂျီကျခြင်း၊ ငိုခြင်း ဖြစ်လာပါတယ်။ ဒါကြောင့် အစာစားအပြီး၊ ဆော့ကစားအပြီးမှာ ကလေးအနေနဲ့ ပင်ပန်းလို့သန်းဝေနေပြီဆိုလျှင် မြန်မြန်အနားယူအိပ်စက်နိုင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

 

၆။ ထွေးပွေ့ခံလိုခြင်း

          ကလေးသူငယ်ဆိုတာ ထွေးပွေ့မှုအလွန်လိုအပ်ပါတယ်။ ဖေဖေ၊မေမေတို့ရဲ့မျက်နှာ၊ အသံနဲ့ အနံ့စတာတွေကို ကြိုက်နှစ်သက်ပါတယ်။ ထွေးပွေ့မှုလိုချင်တာ၊ ချီယူတာလိုချင်တာဆိုလျှင် ကလေးအနေနဲ့ ငိုပြပါလိမ့်မယ်။ လက်မောင်းဖြင့်ချီထားရတာညောင်းပါက ကလေးအား ထွေးပွေ့နိုင်သော စောင်ဖြင့်၊ သို့မဟုတ် ကလေးသယ်ဆောင်ပစ္စည်းအကူဖြင့် ထွေးပွေ့ထားနိုင်ပါတယ်။

 

၇။ အေးလွန်း၊ ပူလွန်းခြင်း

          ကလေးအနေနဲ့ ပူလွန်း၊ အေးလွန်းလျှင်လည်း ဂျီကျပြီး ငိုနိုင်ပါတယ်။ ကလေးသူငယ်ကို ရာသီဥတုအလိုက် သင့်တော်သော အဝတ်အစားများကိုသာ ဝတ်ဆင်ပေးသင့်ပါတယ်။ မွေးကင်းစကလေးအနေနဲ့ အပူဓါတ်ကို ကောင်းစွာထိန်းသိမ်းပေးဖို့လိုသော်လည်း အလွန်ပူတဲ့အဆင့်ကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

 

၈။ နာကျင်ခြင်း

          တစ်ခါတစ်လေမှာ ကလေးဟာ အရာဝတ္ထုတစ်ခုကြောင့် နာကျင်နေလျှင် ငိုတတ်ပါတယ်။ ဥပမာ အဝတ်အစ၊ အိပ်ယာအစကြောင့် ယားယံလျှင်၊ ပွန်းနေလျှင်၊ လက်မှာ ဆံချည်မျှင်တင်းတင်း ချည်ထားမိလျှင်တောင် အနေရခက်နေတတ်ပါတယ်။ ဒါကြောင့် တစ်ခြားဘယ်လိုအကြောင်းရင်းနဲ့မှ အငိုမတိတ်ရင် တစ်ကိုယ်လုံးသေသေချာချာ စစ်ကြည့်ပေးဖို့ လိုအပ်ပါတယ်။

 

၉။ သွားပေါက်ခြင်း

          နုနယ်တဲ့သွားဖုံးကို ဖေါက်ထွက်ပြီး သွားအသစ်တွေ ပေါက်လာတဲ့အချိန်မှာလည်း ကလေးတွေဟာ ဂျီကျတတ်၊ ငိုတတ်ပါတယ်။ ကလေးအသက်အရွယ် ၄ လ နှင့် ၇ လကြားမှာ သွားပေါက်နိုင်တဲ့အတွက် ဒီလိုအချိန်မျိုးမှာဂျီကျနေပါက သွားပေါက်နေပြီလားဆိုတာကို စမ်းသပ်ကြည့်နိုင်ပါတယ်။

 

၁၀။ နေထိုင်မကောင်းခြင်း

          ကလေးအား အငိုတိတ်အောင် ပုံမှန်နည်းမျိုးစုံဖြင့် ကြိုးစားသော်လည်း အငိုမတိတ်သေးပါက ကလေးဖျားနေတာ ဖြစ်နိုင်ပါတယ်။ ကလေးအား ကိုယ်အပူချိန်တိုင်းတာပြီး အဖျားရှိ၊ မရှိကို စစ်ဆေးကြည့်သင့်ပါတယ်။ နောက်ပြီး ဖျားနာခြင်းရဲ့ လက္ခဏာများကိုလည်း ဂရုစိုက်ကြည့်ရှုဖို့လိုအပ်ပါတယ်။

 

          အထက်ပါအခြေအနေများအပြင် ကလေးအနေနဲ့ တစ်ခြားဘာအကြောင်းကြောင့်မှ မဟုတ်ဘဲနဲ့လည်း ဂျီကျတတ်၊ ငိုတတ်ပါသေးတယ်။ တစ်ခါတစ်လေမှာ အရမ်းတော်တဲ့ဖေဖေနဲ့ မေမေတောင် အငိုတိတ်အောင် မချော့တတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာဆိုရင် အငိုတိတ်အောင် မေမေအနေနဲ့ နို့တိုက်ပေးခြင်း၊ ညင်သာစွာ နှိပ်ပေးခြင်း၊ ရေနွေးဖြင့် ရေချိုးပေးခြင်း၊ ပုခက်လွှဲပေးခြင်း၊ သီချင်းဖွင့်ပေးခြင်း စသည်တို့နဲ့ ကြိုးစားပြီးချော့မြူပေးနိုင်ပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းလည်း မတူတာကြောင့် မိမိကလေးအကြိုက်ကို ကြိုးစားလိုက်လျော ပေးခြင်းဖြင့် ဂျီကျနေတဲ့ကလေးကို ကောင်းစွာထိန်းပေးနိုင်မှာပဲဖြစ်ပါတယ်။

 

ဒေါက်တာကောင်း

Ref-babycenter.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18