Print

သားသားမီးမီးတို့အတွက် ပြောပြချင်သော သွားကျန်းမာရေးအကြောင်း

  27-May-2018
Preview Image


 မင်္ဂလာပါ သားသားမီးမီးတို့ရေ…

 သားသားမီးမီးတို့ ခြောက်လအရွယ်မှာ ကလေးသွားလေးတွေ စပြီးတော့ပေါက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မေမေတို့ရဲ့ ချိုချိုနို့ရည်ဟာ သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုြကြီးထွားဖို့ အာဟာရတွေ ပြီးပြည့်စုံစွာ ပါဝင်လို့ အကောင်းဆုံးပေါ့နော်။ ဒါပေမယ့် နို့စို့ပြီး သွားလေးတွေကို သန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ မိခင်နို့ရည်ဟာ သားသားမီးမီးလေးတို့ရဲ့ ငယ်သွားလေးတွေကို သွားပိုးစားစေပါတယ်။ သွားပိုးစားရင် သွားကိုက်သွားနာလို့ ကလေးတို့က ငိုကြပြီပေါ့။ အဲဒီအခါမျိုးဆို မေမေတို့က သွားဆေးခန်းကို လာရောက်ပြသပေးကြရောပေါ့။ 


ကလေးတို့ကလည်း အန်တီတို့ သွားဆရာဝန်တွေကိုမြင်တာနဲ့ ကြောက်ပြီး ငိုကြပါလေရော။ ဒါကြောင့် ကျမတို့ သွားဆရာဝန်များသည် ကလေးငယ်များကို 1st visit တွင် ဆူညံသော စက်ကိရိယာပစ္စည်းများ၊ ဆေးထိုးအပ်များသုံးရမယ့် ကုသမှုမျိုးများကို မပေးကြသေးဘဲ ကလေးနဲ့ ရင်းနှီးအောင် မိတ်ဖွဲ့ခြင်း ပြုလုပ်ရပါတယ်။ ဥပမာ- ကလေးရဲ့ သွားလေးများကို ဖလိုရိုဒ်ဆေး လိမ်းပေးခြင်းမျိုးဖြင့် အစပျိုးယူရပါတယ်။


 2nd visit မှသာ လိုအပ်တဲ့ ကုသမှုမျိုးကို ပြုလုပ်ရပါတယ်။ ကလေးတို့မှာ သွားကိုက်သွားနာလို့ ငိုရသလို မိဘများမှာလည်း သွားဆေးခန်းသွားရောက်ပြသရလို့ အချိန်ကုန် ငွေကုန်ရပါတယ်။ ဒါ့ကြောင့် ကလေးတို့တွေ သွားပိုးစားရောဂါတွေမှ ကင်းဝေးအောင် ကလေးသွားကျန်းမာရေးအကြောင်း ပြောပြချင်ပါတယ်။ ကိုယ်တိုင် သွားမတိုက်နိုင်သေးတဲ့ ကလေးငယ်လေးများကို မိဘများက ကူညီသွားတိုက်ပေးရပါမယ်။ သွားတိုက်ပေးလို့ မရသေးသော လသားအရွယ်ကလေးများကိုတော့ သန့်ရှင်းတဲ့ ဂွမ်းကိုအသုံးပြုကာ ရေဖြင့်ဆေးကြောသန့်စင်ပေးရပါမယ်။ ကလေးအရွယ်ရောက်လာတဲ့အခါ သွားတိုက်နည်းသင်ပေးရပါမယ်။


သွားလေးတွေရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ စားကြွင်းစားကျန်များ အားလုံးကို သေချာစွာဖယ်

ရှားပေးဖို့ ပြောကြားပေးပါ။ သွားရဲ့မျက်နှာပြင်တွေကို အထက်အောက် ဒေါင်လိုက်တိုက်ပြပေးပါ။ အစာဝါးတဲ့ မျက်နှာပြင်တွေကိုလည်း တိုက်ပြပေးဖို့မမေ့ပါနဲ့။ လက်ကိုင်မာပြီး နူးညံ့တဲ့ အမွှေးလေးတွေပါတဲ့ သွားတိုက်တံ လေးတွေကို ရွေးချယ်ပြီး ဝယ်ပေးပါ။ လက်ကိုသေးတဲ့ သွားတိုက်တံ ဖြစ်ဖို့လည်း မမေ့ပါနဲ့။ ဒါမှသာ ကလေးငယ်လေးများက သွားတိုက်တံကို မြဲမြံစွာကိုင်တွယ်နိုင်မှာပါ။ သွားတိုက်တံရဲ့ခေါင်းကလည်း နှစ်စင်တီမီတာထက် မရှည်တဲ့ သွားတိုက်တံဖြစ်ဖို့လည်း လိုပါတယ်။ သွားတိုက်ဆေးမှာလည်း ဖလိုရိုက်ဒ် ပါဝင်ရပါမယ်။


 မနက်စာစာပြီးတစ်ကြိမ်၊ ညအိပ်ရာမဝင်ခင်တစ်ကြိမ် သွားတိုက်ဖို့ မိဘများက အမြဲသတိပေးပါ။ တစ်ခါတစ်ရံ ကလေးတွေဟာ ဆော့ကစားနေတဲ့ အချိန်တွေကြောင့် သွားတိုက်ဖို့ မေ့သွားတတ်ကြပါတယ်။ မိဘများက သွားပိုးစားရင် သွားတွေကိုက်လာ နာလာမှာလို့ သတိပေးစကားများ ထပ်ခါထပ်ခါ ပြောပေးရပါမယ်။ သွားတစ်ခါတိုက်ရင် ၂ မိနစ် ၃ မိနစ်ကြာအောင် တိုက်သင့်ကြောင်းလည်း ငယ်ငယ်လေးကတည်းက အကျင့်ကောင်းကို ကြီးသည်အထိစွဲမြဲသွားအောင် တိုက်တွန်းပြောကြားပေးသင့်ပါတယ်။


 သွားနှစ်ချောင်း ကြားထဲမှာရှိတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားဖို့အတွက်လည်း သွားပွတ်ကြိုးကို အသုံးပြုပေးသင့်ပါတယ်။ သွားဆရာဝန် ပြသပေးထားတဲ့ မှန်ကန်သော သွားပွတ်ကြိုအသုံးပြုနည်းနဲ့ မိဘများက ပြုလုပ်ပေးရပါမယ်။ သွားပွတ်ကြိုး အသုံးပြုပြီးနောက် သွားနှစ်ချောင်းကြားထဲက ထွက်လာသော ဗက်တီးရီးယားများ၊ အစာအကြွင်းအကျန်များအား ဖယ်ရှားပစ်ရန် သေချာစွာ ရေဖြင့် ပလုတ်ကျင်းပေးပါ။

 သကြားပါဝင်မှုနည်းသော၊ အာဟာရပြည့်ဝသော၊ သွားပိုးစားခြင်းမဖြစ်စေသော အသားငါး လတ်ဆတ်သော အသီးအနှံ ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်၊ ထောပတ်၊ ချိစ့် စသည်တို့ကို ရွေးချယ်ကာ စားသုံးပေးရပါမယ်။


 သကြားပါဝင်မှုနည်းသော၊ အဆီပါဝင်မှုနည်းသော၊ သင့်တင့်မျှတသော ပရိုတင်းပါဝင်သော အစားအစာများဟာ သွားကျန်းမာရေးအတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံရဲ့ ကျန်းမာရေးအတွက်ပါ အလွန်ကောင်းမွန်လှပါသည်။ သကြားပါတဲ့ မုန့်ပဲသရေစာများ၊ အချိုများကို လုံးဝ စားသုံးရမည် မဟုတ်ပါ။ နေ့လည်သရေစာအနေနဲ့ စားသုံးခြင်းထက် ထမင်းစားပြီးနောက် စားရန် အကြံပေးချင်ပါတယ်။ အကယ်၍ ထမင်းစားပြီး အချိန်ကြာမှ စားသုံးဖြစ်ခဲ့တယ်ဆိုရင်လည်း စားပြီးနောက် ရေဖြင့် သေချာစွာ ပလုတ်ကျင်းပေးပါ။


 သားသားမီးမီးတို့ သွားပိုးစားရောဂါကင်းဝေးပြီး ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်း ရတနာလေးများ ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း အန်တီသွားဆရာဝန် ဒီလတော့ ဒီမှာပဲ ရပ်နားလိုက်ပါရစေရှင့်…။


Credit: ဒေါက်တာနေနွယ်သန်း(သွားဆေး/မန်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18