Print

Dengue (သွေးလွန်တုပ်ကွေးရောဂါ )

  20-Aug-2018
Preview Image

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားသော ခြင်ကိုက်ခံရပြီး ၄ ရက်မှ ၁၀ ရက်အတွင်းတွင် ရောဂါလက္ခဏာများ ပေါ်လာပါသည်။

လက္ခဏာများ

- အဖျားကြီးခြင်း (၄ဝဒီဂရီ စင်တီဂရိတ် သို့ ၁၀၄ ဒီဂရီဖာရင်ဟိုက်)

- ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း (severe headache)

- မျက်လုံးတစ်ဝိုက်အောင့်ခြင်း (pain behind the eyes)

- ကြွက်သားနှင့် အဆစ်များကိုက်ခဲခြင်း (muscle and joint pain)

- ပျို့အန်ခြင်း (nausea or vomiting)

- အကျိတ်ရောင်ခြင်း (swollen glands )

- ကလေးငယ်များတွင် အရေပြားတွင် အကွက်များပေါ်ခြင်း

စနစ်တကျ ကုသမှုခံယူလျှင် တစ်ပတ်အတွင်း ရောဂါလက္ခဏာများ သက်သာသွားနိုင်ပါသည်။ ရောဂါလုံးဝပျောက်ကင်းရန် ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါသည်။ အဖျားပျောက်သည့်အခါ လူက နုံးချိခြင်း ခံစားရတတ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

- သွေးလွန်တုပ်ကွေးရောဂါဖြစ်နေသူကို ကိုက်ထားသောခြင်သည် ရောဂါပိုးကို သယ်ဆောင်ထားပြီး ထိုခြင်မှတစ်ဆင့် အခြားလူများကို ရောဂါကူးစက်နိုင်ပါသည်။ 

- ရောဂါပိုးရှိသူကို ခြင်ကိုက်ရာမှ ခြင်ဆီ ရောဂါပိုးရောက်၊ ခြင်မှ လူထံ ရောဂါပိုးကူး၊ တဖန် ရောဂါရှိသူထံမှ ခြင်ထံ ရောဂါရောက် သံသရာလည်ကာ ပျံ့နှံ့သည်။


ရောဂါကူးစက်ပုံ

သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်သည့် ခြင်(အေဒီးစ်ခြင်) များသည် နံနက်စောစောနှင့် ညနေ နေမဝင်ခင်အချိန်များတွင် ကိုက်တတ်ပါသည်။ခြင်အောင်းပြီး ခြင်ပွားနိုင်သည့်နေရာများမှာ ရေအိုင်များ၊ အမှိုက်ပုံများ၊ အဆောက်အဦး အနီးအနားတွင် ရှိသော ရေဝပ်နိုင်သည့်ခွက်များ၊ ကားတာယာအဟောင်းများဖြစ်ပါသည်။

- စိုစွတ်ပူနွေးသော ရာသီ

- လူသူထူထပ်သည့်နေရာများတွင် ရောဂါဖြစ်ပွားမှုနှုန်း များပါသည်။

ပတ်ဝန်းကျုင်သန့်ရှင်းမှုမရှိသည့်နေရာများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု များပါသည်။


နောက်ဆက်တွဲ ပြဿနာများ

သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးတွင် Den 1, Den 2, Den 3, နှင့် Den 4 ဆိုပြီး အမျိုးအစားလေးမျိုး ရှိပါသည်။အမျိုးအစားတစ်မျိုး ဖြစ်ဖူးသူ  (ဥပမာ- Den 1) သည် အလားတူ အမျိုးအစားကြောင့် ရောဂါထပ်မဖြစ်နိုင်သော်လည်း အခြား အမျိုးအစားတစ်မျိုး (ဥပမာ- Den 2, 3, or 4) ကြောင့် သွေးလွန်တုပ်ကွေးရောဂါထပ်မံဖြစ်ပွားနိုင်ပါသည်။ ထိုသို့ ထပ်မံဖြစ်ပွားခဲ့လျှင် နောက်ဆက်တွဲ ပြဿနာများ ပိုဆိုးနိုင်ပါသည်။ 


သွေးလွန်တုပ်ကွေးရောဂါဆိုးလာလျှင် အသက်အန္တရာယ် ရှိနိုင်ပါသည်။ ထိုကြောင့် အန္တရာယ်ရှိသော ရောဂါလက္ခဏာများကို သိထားရန် လိုအပ်ပါသည်။ထိုရောဂါလက္ခဏာများမှာ ဖျားပြီး ၃ရက်မှ ၇ရက်အတွင်း ဖြစ်နိုင်ပါသည်။


- ရုတ်တရက် အဖျားကျသွားခြင်း

- ရုတ်တရက် ဗိုက်နာလာခြင်း

- ကော်ဖီရောင်အန်ခြင်း

- အသက်ရှူမြန်လာခြင်း

- သွားဖုံး သွေးယိုခြင်း

- အလွန်အမင်း နုံးခွေသွားခြင်း


သွေးလွန်တုပ်ကျွေးတွင် ရုတ်တရက်သွေးပေါင်ကျပြီး သွေးလွန်တုပ်ကွေးရောဂါကြောင့် သွေးလန့်ခြင်းဖြစ်နိုင်ပါသည်။ ထိုအခြေအနေတွင် 

- ခြေဖျားလက်ဖျားများ အေးလာခြင်း

- သွေးခုန်နှုန်းမြန်ပြီး အားနည်းလာခြင်း

- အာခြောက်လာခြင်း

- ဆီးနည်းလာခြင်း

- အသက်ရှူမြန်လာခြင်း

- ဂဏာမငြိမ်ဖြစ်ခြင်း သို့ မှိန်းလာခြင်း

 တို့ ဖြစ်နိုင်ပါသည်။

သွေးလန့်ခြင်း၏ ရောဂါလက္ခဏာများရှိလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွင် အမြန်ပြရန် လိုအပ်သည်။ ဆေးရုံတက်ပြီး သွေးကြောထဲသို့ အရည်များသွင်းပြီး သွေးပေါင်တက်လာစေရန်၊ ရောဂါလက္ခဏာသက်သာအောင် ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။


စစ်ဆေးမှုများ

- ရောဂါလက္ခဏာများကို မေးမြန်းစမ်းသပ်ခြင်း

- လိုအပ်သည့်စစ်ဆေးမှုများ(သွေးစစ်ခြင်း) အစရှိသည်တို့ ပြုလုပ်ပြီး ရောဂါကို ရှာဖွေသိရှိနိုင်ပြီး အချိန်မှီကုသမှုခံယူနိုင်ရန် အရေးကြီးပါသည်။ 

ကုသမှုမခံယူလျှင် ရောဂါလက္ခဏာပိုဆိုးလာနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ်ပါသည်။


ကုသခြင်း

ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော ကုထုံးဟူ၍ မရှိပါ။ ဗိုင်းရပ်စ်ပိုးမှာ အချိန်ကာလတစ်ခုတွင် သူ့အလိုလို သက်သာပျောက်ကင်းနိုင်ပါသည်။ ရောဂါလက္ခဏာများကို သက်သာအောင် ပြုလုပ်ပြီး အသက်အန္တရာယ် မဖြစ်ပေါ်အောင် ကုသမှုများ ပြုလုပ်ရသည်။

- ပါရာစီတမော - ဖျားနာကိုက်ခဲခြင်းများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ 

 (အက်စ်ပရင်(သို့) အိုင်ဗျူပရိုဖန်ဆေးများကို အသုံးမပြုသင့်ပါ။ ကိုယ်ခန္ဓာတွင်း သွေးယိုနိုင်ပြီး ရောဂါပိုဆိုးနိုင်ပါသည်။)

- အရည်များများသောက်ပါ။ 

- အနားယူပါ။

လူအများစုမှာ နှစ်ပတ်အတွင်း သက်သာနိုင်သော်လည်း လုံးဝနေပြန်ကောင်းလာရန် ၆ပတ်အထိ ကြာနိုင်ပါသည်။ 


ကာကွယ်ခြင်း

ရောဂါကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးမရှိပါ။ ရောဂါမဖြစ်အောင် အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်ကိုက်ရန်မှ ကင်းဝေးအောင် နေထိုင်ရန်ဖြစ်ပါသည်။

- ခြင်ကိုက်မခံရအောင် လိမ်းဆေးများ လိမ်းခြင်း၊ N-diethylmetatoluamide(DEET) ပါသောဆေးများကို လိမ်းနိုင်ပါသည်။ (နှစ်လအောက်ကလေးငယ်များတွင်မူ DEET ၂ဝ-၃ဝရာခိုင်နှုန်းအထိ ပါသော လိမ်းဆေးများကိုသာ လိမ်းသင့်ပါသည်။)

- ပွယောင်းပြီး လုံခြုံသော ဘောင်းဘီ၊ အကျႌများကို ဝတ်ဆင်ပါ။

- ဆေးစိမ်ခြင်ထောင်သုံးပြီး အိပ်ပါ။

- ခြင်အောင်းနိုင်သည့် နေရာများကို ရှင်းလင်းပါ။ သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပါ။


Ref: NHS Choices, UK

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18