Print

ရင်ဘတ်အောင့်ခြင်း( Chest Pain )

  29-Oct-2016
Preview Image

ရင်ဘတ်အောင့်ခြင်း (Chest Pain)သည် ရင်ဘတ်အလယ်တည့်တည့်နေရာ တခုတည်း၌ အောင့်ခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ပဲ ရင်ဘတ်တခုလုံးသာမက ရင်ဘတ်နှင့် ဆက်စပ်လျက်ရှိသည့် တခြားအစိတ်အပိုင်းများအထိ ပြန့်နှံ့ပြီးအောင့်ခြင်း၊ ထိုးခြင်း၊ နာကျင် ကိုက်ခဲခြင်းအားလုံးကို ဆိုလိုပါသည်။ ရင်ဘတ်အောင့်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်မှ အတိအကျရောဂါ ခွဲခြားသတ်မှတ်ခြင်း (Diagnosis) ကို လုပ်ပြီးမှသာ မည်သည့်ရောဂါအမျိုးအစား ဖြစ်သည်ကို သတ်မှတ်နိုင် မည်ဖြစ်ပါသည်။

သို့သော်လည်း ရင်ဘတ်အောင့်သည့် ဝေဒနာကို မကြာခဏ ခံစားနေရသူ တချို့သည် ရောဂါကို ဆရာဝန်နှင့်ပြပြီး ရောဂါအဖြေမရှာပဲ မိမိကိုယ်မိမိ နှလုံးရောဂါ (သို့) အစာအိမ်ရောဂါ စွဲကပ်နေသည်ဟု ထင်မှတ်နေကြပြီး ပတ်ဝန်းကျင်မှအကြံပေးသည့် မိမိသန်ရာနည်းများဖြင့် ကုသနေကြသည်ကို မကြာခဏ ကြားသိနေရပါသည်။ ထို့ကြောင့် ရင်ဘတ်အောင့်သည့် ဝေဒနာကို ခံစား နေသူများ အားလုံး အတွက် ဗဟုသုတလို့ငှာ Dr Warwick Carter ရေးသားသည့် Home Doctor ထဲမှ ကောင်းနိုးရာများကို ကောက်နှုတ်၍ ပြုစုတင်ပြလိုက်ပါသည်။

စမ်းသပ်တွေ့ရှိမှု -----------------

ရင်ဘတ်အောင့်ခြင်းသည် အဆုပ် (သို့) နှလုံးနှင့် ပတ်သက်ပြီးဖြစ်ပါက အရေးကြီးသဖြင့် အရေးပေါ်အနေဖြင့် ဆေးရုံအကူအညီကို ချက်ချင်းလိုအပ်နိုင်ပါသည်။ တခြားအင်္ဂါ အစိတ်အပိုင်းများဖြစ်သည့် အစာပြွန်၊ ရင်အုံအရိုး၊နံရိုး၊ နှလုံးသွေးလွှတ်ကြောမကြီး၊ သွေးလွှတ်ကြောငယ်များ၊ သွေးပြန်ကြောနှင့် နာ့ဗ်ကြောများ၊ ကြွက်သား၊ အရိုးနု၊ ရင်သားနှင့်ကျောရိုးဆစ်များ စသည့် အစိတ်အပိုင်းတခုခုတွင် ပြဿနာရှိပါကလည်း ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အကြောင်းရင်းမတူသည်ကို အခြေခံ၍ အောင့်သည့်အခြေအနေများမှာလည်း စူး၍အောင့်ခြင်း၊ ကိုက်၍အောင့်ခြင်း၊ ပျော့လွန်းမပြင်းလွန်းအောင့်ခြင်းနှင့် ဖြိကပ်၍အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိပြီး ဆက်တိုက် (သို့မဟုတ်) အကြိမ်ကြိမ် မကြာခဏ အောင့်ခြင်းများ ဖြစ်နိုင်ပါသည်။ အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ကြောင့် စအောင့်နိုင်ပြီး အောင့်သည့်အချိန်တွင် အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားဝင်ခြင်း၊ ပါးစပ်ပျက်ခြင်း စသည့် လက္ခဏာများ တွဲပါလာနိုင်ပါသည်။ ဆရာဝန်မှ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ရောဂါခွဲခြားသတ်မှတ်ပေးမှသာ ရောဂါကို အမျိုးအစားကို မှန်ကန်စွာ သိရှိနိုင်မည်ဖြစ်သည်။

ရောဂါ စစ်ဆေးသတ်မှတ်ခြင်း (Diagnosis) -----------------------------------------------

ဆရာဝန်သည် ရောဂါကို အတိအကျ သိရှိရန်အတွက် အရိုးကို ကောင်းစွာ စစ်ဆေးနိုင်သည့် ဓါတ်မှန်ရိုက်ခြင်း၊ အရိုးနှင့်တချို့ တစ်ရှူးများကိုပါ မြင်တွေ့နိုင်သည့် CT scan, နှလုံးအလုပ်လုပ်ပုံကို ကောင်းစွာမြင်တွေ့နိုင်သည့် ECG ( Electro-Cardiac Graph), အဆုပ်အလုပ်လုပ်နိုင်မှုကို စမ်းသပ်စစ်ဆေးသည့်Lung Function Test, ခန္ဓာကိုယ်ထဲသို့ ပါးစပ်မှတဆင့် ကင်မရာထည့်၍ ကြည့်သည့် Endoscopy စသည်တို့ ပါဝင်နိုင်သည့် စမ်းသပ်မှုကို တခု (သို့) တခုထက်ပို၍ှ ပြုလုပ်ပြီး သတ်မှတ်လေ့ရှိပါသည်။ ထိုသို့ ရှာဖွေပြီး ဖြစ်ရသည့်ရောဂါ ဇက်မြစ်ကို အတိအကျသိမှသာ ထိရောက်သည့် ကာကွယ်ကုသမှုကို ပေးနိုင်မည် ဖြစ်သည်။

ရင်ဘတ်အောင့်ခြင်းကို အဖြစ်များစေသည့် အကြောင်းရင်းများ -------------------------------------------------------------------

(၁) Injury

ရင်ဘတ်ဒါဏ်ရာ ရရှိသောအခါ ရင်ဘတ်၌အညိုအမဲစွဲ၍ နံရိုးကျိုးခြင်း၊ ကြွက်သား (သို့) အရွတ်များ စုတ်ပြဲခြင်း စသည့် တခုခုကြောင့် ရင်ဘတ်နေရာ အနံ့ပြားကို အောင့်စေပြီး လှုပ်ရှားပါက ပိုဆိုးပါသည်။

(၂) Viral infection

ဗိုင်းရပ်ကြောင့်ဖြစ်သော ကူးစက်ရောဂါများသည် များသောအားဖြင့် ကြွက်သားများကို ရောင်စေသဖြင့် ရင်ဘတ်နှင့် ကျောကုန်းဘက်တွင်ရှိသော ကြွက်သား အဆွယ်အပွားများကို ကိုက်ခဲနာကျင်စေပါသည်။

(၃) Arthritis 

ကျောရိုးဆစ်၌ အရိုးကြေပြီး နာ့ဗ်ကြောများအား ဖိညှပ်ခံရ၍ ရင်ဘတ်၏ ကျောဘက်၌ သာမကပဲ နာ့ဗ်ကြောများ ပြန့်နံ့သည့် ဘေးတဖက်တချက် နှင့် အရှေ့ဘက် အထိနာကျင်စေနိုင်သည်။ ကိုယ်အနေအထား ပြောင်းပါက ပိုမိုနာကျင်စေပါသည်။

(၄) Myocardial Infaction

နှလုံးရောဂါသည် ကော်လက်စထရောလ် ကြောင့် ဖြစ်ပေါ်လာသည့် အဆီဖတ်များမှ နှလုံးကြွက်သားအား သွေးထောက်ပံ့ပေးနေသည့် သွေးလွှတ်ကြော တခုခုအား ပိတ်ဆို့စေသောအခါ ဖြစ်စေပါသည်။ နှလုံးသည် ခန္ဓာကိုယ်တခုလုံးကို အောက်စီဂျင်နှင့် အာဟာရရောက်အောင် တွန်းပို့ပေးနေသော အင်္ဂါဖြစ်ပါသည်။ ထိုအခြေအနေတွင် နှလုံးကြွက်သား ကိုယ်တိုင်မှာပင် အောက်စီဂျင်နှင့်အာဟာရ မရတော့သောကြောင့် ကျုံ့လိုက် ကြွလိုက် မလုပ်နိုင်တော့သောအခါ သွေးကို ခန္ဓာကိုယ်တခုလုံးသို့ ရောက်အောင် မတွန်းပို့ပေးနိုင်တော့ပဲ နှလုံးရော ခန္ဓာကိုယ်ပါ အောက်စီဂျင်ပြတ်လပ်ပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ နှလုံးကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်းသည် လည်ပင်း၊ မေး (သို့) လက်မောင်း ( ဘယ်ဘက်၌ ပိုဖြစ်သည်) စသည့် ရင်ဘတ်နှင့် ဆက်စပ်နေသည့် မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သော်လည်း ပုံမှန်အားဖြင့် ဘယ်ဘက်ရင်ဘတ်၊ အရှေ့ ဘက်လည်ပင်းအောက်၊ ရင်ဘတ်အလယ် တည့်တည့်နှင့် ပုခုံးအရှေ့ခြမ်းတို့၌ အဖြစ်များပါသည်။ အောင့်သည့်ပုံစံမှာ စူး၍ အောင့်ခြင်းမျိုးမဟုတ်ပဲ ဖိနှိပ်ပွတ်တိုက်ခံရခြင်း (သို့) အလွန်အမင်း ကိုက်ခဲစေသည့် အောင့်ခြင်းမျိုးကို ခံစားရသည်။ ထို့အပြင် နှလုံးကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်း သည် ခန္ဓာကိုယ်လှုပ်ရှားခြင်း၊ အနေအထားပြောင်းခြင်း၊ အစား စားခြင်း၊ ချောင်းဆိုးခြင်းကြောင့် ပိုမိုနာကျင်စေခြင်းမရှိပါ။ နှလုံးကြောင့်ဖြစ်သည်ဟု ယူဆပါက ချက်ချင်းဆရာဝန်နှင့် ဆေးရုံအကူအညီ အရေးပေါ် လိုအပ်နိုင်ပါသည်။

(၅) Angina

ရင်ကြပ်လာပြီး ရင်ဘတ်ကို ဖိ၍ ဆုပ်ညှစ်ခံထားရသည့် အောင့်ခြင်းမျိုးကို ခံစားရပါသည်။ များသောအားဖြင့် ရင်ဘတ်အလယ် တည့်တည့်တွင်ဖြစ်ပြီး လေ့ကျင့်ခန်း (သို့) အားကစားလုပ်နေချိန်တွင် ရုတ်တရက်ဖြစ်လာနိုင်ပြီး အနားယူလိုက်ပါက သက်သာသွားလေ့ရှိသည်။

(၆) Pneumonia

အဆုပ်ပွခြင်းသည် အဆုပ်ကို အဓိကဖွဲ့စည်းထားသည့် လေအိတ်အသေးများ ( Alveoli) တွင် ဘတ်တီးရီးယား ကူးစက်ရောဂါပိုးများ ဝင်ရောက်နေသည့် ရောဂါဖြစ်ပါသည်။ နှာခေါင်းမှ ရှူသွင်းလိုက်သော အောက်စီဂျင်များကို အဆုပ်လေအိတ်နံရံရှိ ဆံချည်မျှင်သွေးကြောများမှတဆင့် နှလုံးသို့ပို့ဆောင်ရပြီး နှလုံးမှတဆင့် အောက်စီဂျင်ကို သွေးက ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပြီး ဖြည့်ပေးရပါ သည်။ အဆုပ်ပွသောအခါ လေအိတ်များတွင် ဘတ်တီးရီးယားကြောင့် လေအိတ်တခုလုံး (သို့) လေအိတ်နံရံရှိ ဆံချည်မျှင် သွေးကြောများ ပျက်စီးနိုင်ပြီး အဆုပ်ပုံမှန် အလုပ်မလုပ်နိုင်ပဲ အဖျားဝင်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ဖြစ်စေ ပါသည်။ မကုသပါက ဘတ်တီးရီးယားများ အဆုပ်တခုလုံး ပြည့်သွားနိုင်သောကြောင့် လေအိတ်များ ပျက်စီးပြီး ခန္ဓာကိုယ်အား အောက်စီဂျင် မပေးနိုင်သောကြောင့် အသက် ဆုံးရှုံးနိုင်ပါသည်။

(၇) Pleurisy

အဆုတ်အမြှေးပါးရောင် လျှင် ရင်ဘတ်အောင့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေနိုင်၍ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်းနှင့် လှုပ်ရှားခြင်းတို့ကြောင့် ပိုအောင့်နိုင်ပါသည်။

(၈) Reflux oesophagitis

အစာအိမ်ရောဂါတခုခုကြောင့် ရင်ဘတ်အောင့်နိုင်ပါသည်။ အစာအိပ်တွင် ဟိုင်ဒရိုကလိုရစ်အက်ဆစ်ပါရှိပြီး အစာအိမ်အား ထူထဲသော အချွဲများဖြင့် ကာကွယ် ထားပါသည်။ အကယ်၍ အစာအိမ်ရောဂါရှိသူများတွင် အစာအိမ် ပုံမှန်အလုပ် မလုပ်နိုင်သောကြောင့် ယင်းအား အစာအိမ်နံရံရှိ ချွဲများမှ ကာကွယ်မှုမပေးနိုင်သည့်အခါ အက်ဆစ်များမှ အစာအိမ်နံရံသို့ ရောက်ရှိလောင်ကျွမ်းနိုင်ပြီး ပူ၍နာကျင်ခြင်းနှင့် အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။

(၉) Tietze syndrome

ရင်အုံရိုး အနောက်ဘက်ရှိ နံရိုးနှင့်ဆက်ထားသော အရွတ်တခု (သို့) တခုထက်ပို၍ ရောင်ခြင်းကို ဖြစ်စေပြီး ပူ၍နာကျင်ခြင်းကြောင့် ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေပါသည်။

(၁၀) A blood clot 

သွေးခဲ တခုခုသည် သွေးကြောအတွင်း၌ မျောပါနေလျင် ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းတွင်မဆို ပိတ်ဆို့နိုင်ပါသည်။ ထို သွေးခဲသည် အဆုပ်တွင်းရှိ အဓိကသွေးလွှတ်ကြော တခုခုအား ပိတ်ဆို့သောအခါ ( Pulmonary embolus) ကို ဖြစ်စေပြီး ပိတ်ဆို့ခံရသော အဆုပ်၏ အစိတ်ပိုင်းကို ပျက်စီးစေခြင်းဖြင့် ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူ ကြပ်ခြင်းကို ဖြစ်စေပါသည်။

ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေနိုင်သည့် တခြားအကြောင်းရင်းများ -------------------------------------------------------------------------

(၁) အဆုပ်အပြင်ဘက်ရှိ ရင်ဘတ်ထဲတွင် လေခိုနေခြင်း (Pneumothorax )၊

(၂) နာ့ဗ်ကြော၌ ဗိုင်းရပ်ပိုးဝင်ရောက်နေခြင်း (Shingles)၊

(၃) အဆုပ်ပျက်စီးခြင်း (Bronchiectasis)၊

(၄) နှလုံးကြွက်သားသို့ ပိုးဝင်ခြင်း (Myocarditis)၊

(၅) မွေးရာပါ နှလုံး၏ဖွဲ့စည်းပုံ ပုံမမှန်ခြင်း၊

(၆) နှလုံးအဆို့ရှင် အလုပ်မလုပ်ခြင်း ၊

(၇) အဆုပ်တွင်း တနေရာရာ၌ ကင်ဆာရှိနေခြင်း၊

(၈) နှလုံးရောဂါအတွက် အလွန်အမင်း စိုးရိမ်နေခြင်း (Cardiac neurosis)၊

(၉) ရင်ဘတ်နံရံ ရောင်ခြင်း၊

(၁၀) သည်းခြေအိတ်တွင် ရောဂါဝင်၍ ရောင်ခြင်း (Cholecystitis) စသည် တို့ကြောင့်လည်း ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။

မည်သူမဆို မည်သည့်အကြောင်းကြောင့် ရင်ဘတ်အောင့်သည်ဖြစ်စေ ရင်ဘတ်အောင့်သည့် ဝေဒနာကို တစ်ကြိမ်ထက်မက ခံစားရပါက အန္တရယ်ရှိနိုင်သည်ကို နှလုံးမူ၍ ရောဂါကို အတိအကျသိရှိရန်နှင့် အချိန်မီကာကွယ်၊ ကုသနိုင်ရန် ဆရာဝန်နှင့် မဖြစ်မနေ တွေ့သင့်ပါသည်။ မိမိကိုယ်မိမိ အစာအိမ်ရောဂါ (သို့) နှလုံးရောဂါ ဖြစ်နေသည် ဟု ယူဆနေသူများအနေဖြင့်လည်း ထိုရောဂါများ အမှန်တကယ် ရှိနေပါက ဆရာဝန် ညွှန်ကြားချက်မပါပဲ မိမိသန်ရာ ဆေးများ သုံးစွဲနေခြင်းသည် ရောဂါကို ပျောက်ကင်းစေမည် မဟုတ်သည့်အပြင် ပိုမို ပွားလာစေရန် မွေးထားသည်နှင့်ပင် တူနေသဖြင့် အန္တရယ် ကြီးမားလှကြောင်းကို သတိပေးရင်း မိမိ၏ ကျန်းမာရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ကြပါရန် အကြံပြု တင်ပြအပ်ပါသည်။

Ref: Posted by Nge Naing  Labels: Chest pain, Heart, Lungs  Public Health Tuesday, August 19, 2008



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18