Print

မြွေကိုက်ခံရခြင်းနှင့် သိကောင်းစရာ

  29-Oct-2016
/

မြွေဆိုးအန္တရာယ်သည် မြန်မာနိုင်ငံတွင် မြို့ရွာများ၌ နှစ်စဉ်မေလနှင့် ဇွန်လများတွင် အဖြစ်များလေ့ရှိပြီး တောရွာများတွင်မူ စိုက်ပျိုးရိတ်သိမ်းချိန်ဖြစ်သော အောက်တိုဘာလမှ ဒီဇင်ဘာလများ အတွင်းတွင် ပိုမိုဖြစ်ပွားတတ်ပါသည်။ မြွေဆိုးကိုက်ခံရသူများမှာ အထူးသဖြင့် လယ်သမားများ၊ စိုက်ပျိုးရေးလုပ်သားများ၊ ငါးလုပ်သားများနှင့် မြွေကိုအမှီပြု ၍ စီးပွားရှာကြသူများ ဖြစ်လေ့ရှိပါသည်။ ကမ္ဘာပေါ်တွင် မြွေအမျိုးအစားပေါင်း ၂၅ဝဝ ခန့်ရှိပြီး ၎င်းတို့အနက်မှ ခန့်မှန်းခြေ ၂ဝ ရာခိုင်နှုန်းခန့်မှာ အဆိပ်ရှိပါသည်။ မြန်မာနိုင်ငံတွင် မြွေကိုက်ခံရသူများအနက်မှ ၉ဝ ရာခိုင်နှုန်းခန့်မှာ မြွေပွေးကိုက်ခံရသူများ ဖြစ်ပါသည်။

မြွေ၏အဓိကပစ်မှတ်မှာ လူသားတို့မဟုတ်ဘဲ အမှတ်မထင်ကိုက်မိခြင်းသာ ဖြစ်ပါသည်။မြွေကိုက်ခံရချိန်များမှာအထူးသဖြင့် ညအခါတွင် အမှောင်ထဲ ၌ ဖိနပ်မပါဘဲသွားစဉ် အကိုက်ခံရမှုများ ဖြစ်လေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ညအခါတွင်မြွေများအစာရှာထွက်ရာမှ အမှတ်မထင် လူကိုကိုက်မိခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင်မူ မြွေမသည် လူနေအိမ်အတွင်းသို့ ဝင်ရောက်လာပြီး ပိုးကောင်ငယ်များ၊ ဖား၊ ကြွက်များကို ရှာဖွေစားသောက်ရာမှလည်းလူအား ကိုက်မိတတ်ပါသည်။ ထို့အပြင် တောင်ကျချောင်းရေနှင့်အတူ စီးလာသောထင်းတုံး၊ ထင်းစများနှင့်အတူ မြွေမများ ရောပါလာတတ်သဖြင့် ထင်းဆယ် သူများတွင်လည်း မြွေကိုက်ခံရတတ်ပါသည်။ ကလေးများတွင်မူ တွင်းငယ်များ၊ လိုဏ်ခေါင်းငယ်များကို ကလေးသဘာဝ စူးစမ်း၍ လက်ဖြင့်နှိုက်ရာမှ တွင်းအတွင်း၌ ရှိနေသော မွေကိုက်ခံရ ခြင်း၊ ရေကြီးရာတွင် ရေထဲ၌ ဆော့ကစားရာ၌ ရေနှင့်အတူ ပါလာသော မြွေကိုက်ခံရခြင်းတို့ဖြစ်လေ့ရှိပါသည်။

မြွေကိုက်ခံရပြီဆိုသည်နှင့် မည်သည့်မြွေအမျိုးအစား ဖြစ်ကြောင်းကို သိအောင် လုပ်ပါ။မြွေတိုင်း အဆိပ်မရှိပါ။ အဆိပ်ရှိသောမွေတိုင်းလည်း ပေါက်လိုက်သောအခါ အဆိပ်များကို အလုံအလောက် မထုတ်ပါ။ အကယ်၍ အဆိပ်ကို အလုံအလောက် ထိုးသွင်းသော်ငြားလည်း သေလောက်သော ပမာဏကို အမြဲတမ်း မဖြစ်စေပါ။ လူအများစုမှာ မြွေကိုက်ခံရသည်နှင့်အလွန်အမင်း ကြောက်လန့်သွားတတ်ပါသည်။ ထိုအခါတွင် စိတ်ပူပန်ခြင်းကြောင့် သွေးခုန်နှုန်းမြန်လာခြင်း၊ ရင်တုန်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူမြန်ခြင်းတို့ ဖြစ်လာပြီး လူနာကို အခြေအနေ ပိုမိုဆိုးသွား စေနိုင်ပါသည်။ ထို့ကြောင့် မြွေကိုက်ခံရသော လူနာအား မကြောက်လန့်စေရန် အားပေးစကား ပြောကြားရပါမည်။ မည်သို့ပင်ဆိုစေကာမူ မြွေကိုက်ခံရပြီဆိုလျှင်ဖြင့် ကိုက်ရာသေးသေး၊ ကြီးကြီး ဂရုမစိုက်မပြုသင့်ဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသရပါမည်။ 

ယေဘုယျအားဖြင့် အန္တရာယ်ရှိသော (အဆိပ်ရှိသော)မြွေမနှင့်  အဆိပ်မရှိသော မြွေတို့ကို ခွဲခြားနိုင်ပါသည်။ အဆိပ်ရှိသော မြွေ၏ ဦးခေါင်းမှာ မြွေဟောက်မှလွဲ၍ သုံးမြှောင့်ပုံ(တြိဂံပုံ)ရှိပြီး အစွယ်များရှိပါသည်။ လူအား ကိုက်သောအခါ အကိုက်ခံရသောနေရာတွင် အစွယ်ရာများ ကျန်ခဲ့ပါသည်။ အဆိပ်မရှိသော မြွေများမှာ လုံးဝိုင်းသောဦးခေါင်းရှိပြီး အစွယ်များလဲ မရှိတတ်ပါ။ အကိုက်ခံရသောနေရာများတွင် သေးငယ်သော သွားတန်းအရာကို တွေ့နိုင်ပါသည်။ မြွေပွေးအကိုက်ခံရပါက လူနာမှာအန်ခြင်း၊ ဝမ်းလျှောခြင်း၊ အကိုက်ခံရသော နေရာတစ်ဝိုက်တွင် နာကျင်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ တံတွေးတွင် သွေးပါခြင်း သွေးခြေဥခြင်း၊ ဗိုက်အောင့်ခြင်း၊ သတိလွတ်ခြင်းနှင့် နောက်ဆုံးတွင် ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်တတ်ပါသည်။ မြွေဟောက်အကိုက်ခံရပါမူ လူနာမှာ မြွေဆိပ်ကြောင့် မျက်စိများဝေဝါးလာခြင်း၊ စကားပြောရခက်ခဲလာခြင်း၊ အစာမမျိုနိုင်တော့ခြင်း၊ အကြောများဆွဲလာခြင်း၊ ပျော့ခွေလာခြင်းနှင့် အသက်ရှူရခက်ခြင်းတို့ ဖြစ်ပါသည်။

မြွေကိုက်ခံရပါက အောက်ပါအချက်များကို အလျင်အမြန် လိုက်နာလုပ်ဆောင်ရပါမည်။ အကိုက်ခံရသော နေရာအား ဆပ်ပြာနှင့်ရေဖြင့် သေချာစွာ ဆေးကြောပါ။အကိုက်ခံရသောနေရာအား လှုပ်ရှားမှုမရှိအောင် ပြုလုပ်ပြီး လူနာအား လမ်းမလျှောက်စေဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ရန် လိုပါသည်။ 

အကိုက်ခံရသော နေရာအား ရေခဲ (သို့မဟုတ်) အခြားအေးစေသော မည်သည့်အရာကိုမျှ မတင်ပါနှင့်။ အနာပေါ်( သို့ )ဓားဖြင့်ခွဲခြင်း၊ မြွေဆိပ်များအား စုပ်ထုတ်ခြင်း မပြုရပါ။ ကြပ်စည်းခြင်း မပြု ရပါ။ တင်းကျပ်စွာ ကြပ်စည်းခြင်းသည် သွေးကြောကို လုံးဝပိတ်သွားစေပြီး အကိုက်ခံရသောနေရာသို့ သွေးမရောက်တော့ သဖြင့် အကိုက်ခံရသော ခြေ၊ လက်တို့ကို ဆုံးရှုံးနိုင်စေပါသည်။

မြွေဆိပ်ကာကွယ်ဆေးမှာ အကိုက်ခံရပြီး လေးနာရီအတွင်းထိုးလျှင် ထိရောက်မှု အရှိဆုံးဖြစ်ပြီး အကယ်၍ ၁၂ နာရီကျော်ပါက ဆေးအာနိသင်မှာ လျော့ပါးလာနိုင်ပါသည်။ မြွေဆိုးအန္တရာယ်မှာ လူမှုစီးပွားအား ဒုက္ခပေးနေပြီး ကာကွယ်ဖို့လည်း ခက်ခဲပါသည်။ သို့သော် အောက်ပါအချက်များကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် မြွေဆိုးအကိုက်ခံရမှုကို ရှောင်ရှားနိုင်ပါသည်။ အထူးသဖြင့် မြွေဆိုးများ ပေါများချိန်ဖြစ်သော မိုးရွာပြီးချိန်၊ ရေကြီးချိန်၊ စိုက်ပျိုးရိတ်သိမ်းချိန်နှင့် ညအခါတွင် သတိဖြင့်သွားလာခြင်း၊ ညအခါလမ်းလျှောက်သောအခါ ဖိနပ်ရှည်ရှည်ဝတ်ခြင်း၊ ညအခါ မီးထွန်း၍ (ဓာတ်မီး၊ မီးအိမ်) သုံး၍ သွားခြင်း၊ ညအခါ မြေကြီးပေါ်၌ အိပ်စက်ခြင်းအား ရှောင်ကြဉ်ပါ၊ 

အိမ်အနီးအနားတစ်ဝိုက်တွင် ေုမြွများကြိုက်တတ်သော တိရစ္ဆာန်ငယ်များအား မွေးမြူခြင်းမပြုပါနှင့်။ အိမ်အနီးအနားတစ်ဝိုက်တွင် မြွေများမခိုအောင်းနိုင်အောင် အမှိုက်သရိုက်များအား ရှင်းလင်းပါ။ အိမ်ပတ်ဝန်းကျင်တွင် မြွေများခိုအောင်ခြင်းရှိ၊ မရှိ မကြာခဏစစ်ဆေးပါ။ မြေအက်ကွဲကြောင်းများ အုတ်ပတ်ကြားအက်များနှင့် ထင်းပုံများကြားတွင် မြွေများခိုအောင်းလေ့ရှိပါသည်။ မြွေအား လက်ဖြင့်ကိုင်တွယ်ခြင်း အားရှောင်ကြဉ်ပါ။ တစ်ခါတစ်ရံ သေဟန်ဆောင်ထားသော မြွေအား သေပြီအထင်ဖြင့် လက်ဖြင့်ကိုင်မိရာမှ မြွေကိုက်ခံရခြင်းများရှိကြောင်း မြွေအန္တရာယ်ကို သတိပြုရှောင်ကြဉ် နိုင်ရန်တင်ပြလိုက်ရပါသည်။

Ref: မနောနန္ဒာထွန်း မြဝတီ ၇.၂၀၁၂



Related Articles


AdvertiseDirectory

AdvertiseDirectory

AdvertiseDirectory

AdvertiseDirectory

AdvertiseDirectory