Print

ထူးဆန်းသော ဝေဒနာ

  30-Mar-2017
Preview Image

ဆရာ့ကို ထူးထူးဆန်းဆန်းမေးရဦးမည်။ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဝေဒနာတစ်ခုပါ။ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်မိတော့ အရမ်းအံ့သြသွားမိတယ်။ အဲဒီလိုဝေဒနာမျိုးရှိမယ်လို့ ကျွန်တော်မထင်မိခဲ့ဘူးဆရာ။ ခင်ဗျားက ပဟေဋ္ဌိလုပ်နေပြန်ပြီ။ ဘာဝေဒနာလည်းဆိုတာ မပြောသေးဘူး။ ထူးဆန်းတာတွေရော၊ အံ့သြတာတွေရော၊ ဆိုပါဦး ဘာဝေဒနာလဲဗျာ။


Persistent Sexual Arousal Syndrome “PSAS” ဆိုတဲ့ ဝေဒနာမျိုး တကယ်ရှိပါသလား။

 ရှိတာပေါ့။ အမျိုးသမီးသဘာဝရှက်လို့ မျိုသိပ်ထားတတ်တာတွေကြောင့် လူမသိတာပါ။ ဆီလျော်အောင် မြန်မာလိုပြောမယ်ဆိုရင်တော့ စဉ်ဆက်မပြတ် လိင်ဆန္ဒဖြစ်ပေါ်မှု လက္ခဏာစုလို့ ဆိုနိုင်ပါတယ်။ ခပ်လွယ်လွယ်ပြောရရင်တော့ ဝေဒနာရှင်အမျိုးသမီးအနေနဲ့ လိင်ဆန္ဒပြင်းပြတယ်လို့ ဆိုရမှာပေါ့။ အမြဲလိုလို ဆက်ဆံချင်တဲ့ဆန္ဒမျိုး ပေါ်ပေါက်နေတယ်လေ။

 PSAS ဖြစ်တာ ဘာကြောင့်လဲဆိုတာကို ဆေးပညာရှင်တွေ ဖော်ထုတ်သိနိုင်ခြင်းမရှိသေးပါ။ ဇစ်မြစ်အတိအကျ မဖော်ပြနိုင်တဲ့ ဝေဒနာတစ်ခုပေါ့။ ဆေးပညာမှာရောဂါတချို့၊ ဝေဒနာတချို့ဟာ ဖြစ်ပွားတဲ့ အကြောင်းရင်း ဇစ်မြစ်အတိအကျ မသိနိုင်သေးပါဘူးဗျာ။ PSAS အမျိုးသမီးဟာ ဆန္ဒပြီးမြောက်သွားပြီးပေမယ့် လိင်ဆက်ဆံလိုတဲ့ ဆန္ဒဟာ ဆက်လက်ရှိနေတာ တွေ့ရတယ်။ အခြေအနေဟာ တက်ကြွခြင်း မြင့်မားနေဆဲပဲလို့ ဆိုပါတယ်။ 


 PSAS ဝေဒနာခံစားရတဲ့ အမျိုးသမီးကိုယ်တိုင်က အဲဒီစိတ်ကို ဖျောက်ဖျက်ပစ်ချင်ကြာတာ။ ဒါပေမယ့် ခက်နေတာက စိတ်ကအလိုလိုဖြစ်နေတာ။ ခံစားနေရတာ။ သိစိတ်နဲ့ ဖျောက်ဖျက်လို့ မရနိုင်ဘူးဖြစ်နေတာ။ သိစိတ်နဲ့ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အလိုအလျောက်ဖြစ်နေတဲ့ ပြဿနာတစ်ခုလို့ ဆိုရမှာပေါ့။ နောက်ပြီး ဇာစ်မြစ်မသိတော့ ကုရတာခက်တာပေါ့။ ဒီနေ့အထိ PSAS ဝေဒနာကို ဘယ်လိုကုရမယ်ဆိုပြီး ဆေးပညာရှင်တွေ သဘောတူအတည်ပြုထားတဲ့ ကုထုံးမရှိသေးဘူး။ သုတေသနအဖွဲ့တစ်ဖွဲ့က “ PSAS လက္ခဏာစုဟာ ဒီနေ့ဒီအချိန်ကျမှ သိလာရပေမယ့် စတင်တွေ့တာက ကြာခဲ့ပြီလို့” ဆိုပါတယ်။ အရင်က သတိမပြုခဲ့ သတိမထားမိခဲ့ကြခြင်းသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


 အမျိုးသမီးက အဲဒီလို ဝေဒနာခံစားနေရမယ် သူကိုယ်တိုင်ကလည်း အဲဒါကိုပြဿနာတစ်ခုလို့ ယူဆထားတယ်။ မနှစ်မြို့ဘူး။ လက်မခံလိုဘူး။ ဝေဒနာကို ပျောက်ချင်တယ်ဆိုပြီး ဆေးပညာရှင်နဲ့ တိုင်ပင်လာရင် ဆေးပညာရှင်တစ်ယောက်ကတော့ နည်းလမ်းရှာ ကူညီရမှာပဲ။ ဒီနေရာမှာ နှစ်သိမ့်ဆွေးနွေးအကြံပေးမှု Counselling အရေးကြီးပါတယ်။ 

 Counselling ဆိုတာကိုတော့ ပြဿနာတစ်စုံတစ်ခုကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းမရှိသူကို ကူညီခြင်းပဲလေ။ Counselling က အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပါလိမ့်မယ်။ ဒီကိစ္စကို ကူညီဖြေရှင်းပေးနိုင်တဲ့ Counsellor နှစ်သိမ့်ဆွေးနွေးအကြံပေးသူရဲ့ အကူအညီယူသင့်ပါတယ်။ Counsellor ဆိုတာက ဆေးပညာရှင် ဆရာဝန်တစ်ဦးလဲ ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေး ဆရာဝန်ကလည်း Counsellor အနေနဲ့ ကူညီနိုင်ပါလိမ့်မယ်။ စိတ်ပညာရှင် Psychologist ကလည်း နှစ်သိမ့်အားပေးကူညီနိုင်မှာပါ။


 စိတ်ကဖျောက်ဖျက်ချင်ပေမယ့် ဖျောက်ဖျက်မရနိုင်တဲ့ ပြဿနာကို Psychotherapy နည်းနဲ့ ကုရပါမယ်။ စိတ်ဖြေလျော့နည်းတွေလည်း အများကြီးရှိပါတယ်။ Relaxation Techniques တွေထဲက တစ်နည်းနည်းကို သုံးနိုင်ပါတယ်။ အိပ်ငွေ့ချကုထုံး Hypnotherapy ဆိုတာလည်းရှိသေးတယ်။ အဲဒီနည်းကလည်း အကူအညီပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။


Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18