(ဘီ)ပိုး Hepatitis B virus (HBV)


on: 28 Feb, 2017

 

(ဘီ)ပိုးဆိုတာ Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကို ခေါ်ကြတာပါ။ သူ့ကြောင့်ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသည်း ကူးစက်ရောဂါ အပြင်းစား ဖြစ်တယ်။ သမိုင်းကြောင်းပါ ပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါ အသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တစ်နည်းနည်းနဲ့ ရောက်လာပြီး ကိုယ်ထဲက အရည်တွေထဲထိ ဝင်လာတာ ဖြစ်တယ်။  တစ်ကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက်ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ “နူရာ ဝဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကမှာ ပိုဖြစ်နေပါတယ်။

 

ဘယ်လိုလုပ် ကူးပါသလဲ မေးရင် AIDS နဲ့ အတူတူပါဘဲ။ သွေးသွင်းတာ၊သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် Latex or plastic လက်အိတ် မသုံးတာ)၊ ပိုးသန့် မထားတဲ့ ဆေးထိုးအပ်သုံးတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ (ကွန်ဒုံး မသုံးတာ)၊ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးဆီ ကူးတာတွေ ဖြစ်တယ်။ သတိထားစေချင်တာက သွေးသာ မဟုတ်ဘဲ၊ ကိုယ်မှာရှိတဲ့ အရည်တွေထဲမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာ ဖြစ်ပါတယ်။အသေးစိတ်ပြောရရင် နားကပ် လဲဝတ်တာ၊ နှုတ်ခမ်းမွှေးရိတ်တဲ့ ဓါး၊ သွားတိုက်တံ၊ လက်သည်းညှပ် မျှဝေသုံးတာ၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်က တစ်ခါသုံး ဓါး မသုံးရင်လဲ ကူးနိုင်ပါတယ်။ ဆွဲဆောင်မှု ရှိချင်လွန်းလို့ (တက်တူး) အရုပ် ထိုးသူတွေ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်သူတွေ အန္တရာယ်ကို မြင်စေချင်ပါတယ်။

 

ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။ ပိုးရှိနေသူက ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲ လမ်းလျောက်လဲ မကူးပါ၊ နှာချေ၊ ချောင်ဆိုးတာနဲ့ မကူးပါ။ တစ်အိမ်တည်း အတူနေရုံနဲ့လဲ မကူးပါခင်ဗျား။ဒီပိုးဝင်လာရင် တခြားပိုးတွေ ဝင်လာတဲ့အခါ လုပ်သလို ခန္ဓာကိုယ်က ခံပြီး တိုက်ထုတ်ပါတယ်။ ကိုယ်က နိုင်ရင် ပြီးပြီး ပျောက်ပျောက် ဖြစ်သွားရော။ ဘာလို့လဲ ဆိုတော့(အင်တီဘော်ဒီ) လို့ခေါ်တဲ့ ခံနိုင်စွမ်း (နားလည် လွယ်အောင် ပြောရရင် အတွင်းအား ပေါ့ဗျာ) ရလာလို့ပါ။ နောက်ထပ် (ဘီ)ပိုး ဝင်လာတဲ့အခါ ဒီခံနိုင်စွမ်းကနေပြန်တိုက် ပစ်ပါမယ်။

 

ဝတ္ထု ဇာတ်ကြောင်း ရေးသလို တက်လိုက် ကျလိုက် ပြောပြရတော့မှာဘဲ။ ၆ လကြာလို့ မနိုင်ရင်တော့ နာတာရှည် အသည်း ရောဂါ ဖြစ်ပါပြီ။ စိတ်သက်သာရဖို့ တစ်ခုကတော့ ၉၀% သော ကျန်းမာတဲ့ လူကြီးတွေဟာ နာတာရှည် ဖြစ်မသွားကြပါဘူး။ ကလေးတွေက ကံမကောင်းကြပါ။ ငယ်လေ မခံနိုင်လေ၊ သိပ်ငယ်လို့ကတော့ ၉၀% မခံနိုင်ကြပါ။ နာတာရှည် ဖြစ်တိုင်းလဲ လူက လူကောင်းလို အကြာကြီး နေနိုင်ပါတယ်။
နေနိုင်တယ်ဆိုပြီး ပေါ့လို့တော့ မရပါ။ ရောဂါ လက္ခဏာသာ မရှိတာ၊ ပိုးက အသည်းကို တစစနဲ့ ဖျက်ဆီးနေပါပြီ။သူ့ကြောင့် အသည်းခြောက်ရောဂါ၊ ဒါမှမဟုတ် အသည်း ကင်ဆာ ဆက်ဖြစ်တတ် လို့ ဆိုးလွန်းပါတယ်။ အသည်းက လိုသလောက် အလုပ်မလုပ်နိုင်တော့ချိန် ရောက်ရင်တော့သေရတော့မှာပါ။

 

အသည်းဆိုတာ အတော် အလုပ်လုပ်တဲ့ အင်္ဂါ ဖြစ်ပါတယ်။ စားလိုက်တဲ့ အစာထဲက အဆီ နဲ့ ဆီတွေကို အစာခြေ ပေးတယ်။ ဒီလို လုပ်နိုင်ဖို့ (Bile) အစာခြေ အရည် ထုတ်ပေးတယ်။ စိမ်းစိမ်း၊ နက်နက်၊ ခါးခါး အရည်ကို ပြောတာပါ။ တစ်နေ့တာ ရတာနဲ့ သုံးတာထဲက ပိုတဲ့ အား(Energy)ကို သိုလှောင် ပေးထားတယ်။ အဆိပ် အတောက် ပါလာရင်လဲ ဖယ်ရှားပေးတယ်။ နောက်ပြီး ကိုလက်စ်ထရောဓါတ်၊ သွေးခဲ စေတဲ့ ပစ္စည်း၊ ပရိုတင်းတွေကို သူကနေ ထုတ်လုပ်ပေး ပါသေးတယ်။ ဒီလို များလွန်းတဲ့ အလုပ်တွေ ၂ ရက်လောက် အလုပ် မလုပ်တော့ရင် လူဟာ သေရတော့မှာပါ။ ဇာတ်နာပြီ ပေါ့ဗျာ။

 

(ဘီ)ပိုး စဝင်လာချိန်မှာ တုပ်ကွေးလိုဘဲ နဲနဲဖျား၊ ကိုက်ခဲ၊ အစာမစားချင် ဆိုတာလောက်သာ ခံစားရပါတယ်။ ရှာရှားပါးပါး ဆိုပါစို့ ၁% လောက်သာ မျက်စိဝါ၊ ဆီးဝါ၊ အန်ချင် ဆိုတဲ့ ခပ်ပြင်းပြင်း ခံစားရတတ်ပါတယ်။ သတိထားရတော့မဲ့ နာတာရှည်အဆင့် ရောက်ရင် စောစောက လက္ခဏာတွေ မရှိတော့ပါ။ မပေါ့ပါနဲ့။သွေးစစ်ရင် အဖြေ ၃ မျိုးထွက်နိုင်ပါတယ်။ HBsAb တွေ့ရင် ဒီလူ ကံကောင်းတယ်။ ခံနိုင်အားရှိနေပြီ။ သူများကိုလဲ မကူး၊ ကာကွယ်ဆေးလဲ မလိုဘူး။ HBsAg တွေ့ရင်သွေးထဲမှာ ပိုးရှိနေပြီ။ ၆ လကြာရင် တခါထပ်စစ်ပါ။ ရောဂါပြီးသွားတာ ဖြစ်လာနိုင်ပါတယ်။


HBcAb တွေ့တယ် ဆိုရင်တော့ ကူးစက်ခံနေရပြီမို့ အသည်းအထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။ဆရာဝန်ဆီ ရောက်ပြန်တော့ တချို့က ဆေးကုပေးဖို့ မလိုပါ။ ၆ လ တစ်ခါ ၁ နှစ်တစ်ခါ ပြန်ပြပါ။ ရိုးရိုးသားသား ပြောရရင် ပျောက်သွားအောင် ကုတဲ့ဆေး မရှိသေးပါ။ ဆရာဝန်က အနားခိုင်းပါမယ်။ အစာ ကောင်းကောင်း စားခိုင်းမယ်။ ရေများများသောက်ခိုင်းမယ်။ ဆေးလိပ်၊ အရက်ဖြတ်ခိုင်းမယ်။ တခြား နေမကောင်းထိုင်မသာဖြစ်ရင် သောက်ရမဲ့ ဆေးကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့ သင့်ပါတယ်။ သိတဲ့အတိုင်း ဆေးမှန်သမျှ တိုင်းရင်းဆေး ဖြစ်ဖြစ် မကောင်းကျိုး ဆိုတာ ရှိတယ်။ မကောင်းတာ မှန်သမျှ ချေဖျက်ပေမဲ့ အသည်းက မကောင်းဘူး မဟုတ်ပါလား။

 

(အေ) ကာကွယ်ဆေး ထိုးခိုင်းချင် ခိုင်းပါလိမ့်မယ်။ (အေ)ရော (ဘီ)ပါ ရောထားတဲ့ ကာကွယ်ဆေး (Twinrix) လဲ ရှိနေပါပြီ။ အရက်က လွဲလို့ အထူး ရှောင်ရန် ဆောင်ရန် မရှိပါ။ အာဟာရ ပြည့်ပြီး မျှတတဲ့ အစာ ကောင်းကောင်း စားသင့်ပါတယ်။ အဆီ နည်းရင် ပိုကောင်းပါတယ်။ အဆီချက်မဲ့ စက်က ပျက်နေတယ် မဟုတ်လား။

 

(ဘီ)ပိုးဟာ HIV ထက် အဆ ၁၀၀ ပိုပြီး ကူးစက်တတ်လို့ သိထားရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကို အားကိုးကြပါ။ ကာကွယ်ဆေးကို ၃ ကြိမ် ၃ ခါတိတိ ထိုးရပါမယ်။ ပထမ တစ်ခါ ထိုးပြီး နောက် ၁ လမှာ ဒုတိယ၊ နောက် ၆ လ မှာ တတိယ။

 

မွေးစကနေ အသက် ၁၈ နှစ် အောက်တွေကို ကာကွယ်ဆေး သေချာပေါက် ထိုးပေးသင့်ပါတယ်။ လူကြီးတွေထဲက ဆိုရင် ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်သူတွေ၊ထောင်မှာ အလုပ်လုပ်သူနဲ့ ထောင်ကျသူတွေ၊ မူးယစ်ထိုးဆေး သုံးသူတွေ၊ လိင်တူ ဆက်ဆံသူတွေ၊ ကျား-မ ဆက်ဆံဘက်များသူတွေ၊ ခန္ဓာကိုယ်ရင်းပြီး လုပ်ကိုင်ရသူတွေ၊ မိသားစုအတူနေထဲက တစ်ယောက် ယောက်မှာ ပိုးရှိနေရင်၊ ကာကွယ်ဆေး ထိုးပေး သင့်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်က ပိုးရှိနေရင် ကလေးကို မွေးပြီးပြီးချင်း ကာကွယ်ဆေးနဲ့ HBIG ဆိုတဲ့ဆေးထိုးပါလေ။ ပိုးဝင်ပြီး သူများကတော့ ကာကွယ်ဆေး မလိုတော့ပါ။ မထူးလို့ပါ။

 

(ဘီ)ပိုး ရှိသူကို ဆေးပေးတာဟာ အသည်းခြောက်တာနဲ့ ကင်ဆာ အဆင့်ရောက်မသွားဖို့သာ ရည်ရွယ်နိုင်တာပါ။ WHO အဆို အရတော့ Interferon နဲ့ Anti-viral Agents ဆေးတွေ ဖြစ်ပါတယ်။ ဆေးစျေးကတော့ ခေါင်ခိုက်နေဆဲပါ။ ကင်ဆာကတော့ ရောဂါနာမည် တပ်ပြီး ၆ လ ထက် အသက် မရှည်ပါ။ အသည်း ခြောက်တာဆိုရင်တော့ နောက်ဆုံး ဆရာဝန်များ လုပ်ပေးနိုင်တာက Liver transplantation အသည်း အစားထိုး ပေးတာပါပဲ။ သိတဲ့အတိုင်း ဒီအဆင့်ဟာ အင်မတန် ကရိ ကထများ၊ ငွေကုန်ကြေးကျများ၊ ရာသက်ပန် လူနာကြီးဘဝကို
ရောက်သွားရတာမျိုးပါ။ အသည်း ကောင်းကြပါစေ။

 

Ref:
Dr. တင့်ဆွေ
Public health in Myanmar
Thursday, August 27, 2009

 








Khin Maung Tin

Good



Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar