Print

နှစ်ယောက်အတူဆက်ဆံတာကို အဟန့်အတားဖြစ်စေသောအရာများ

  01-Jan-1970
Preview Image

လင်မယားရယ်လို့ ဖြစ်လာတဲ့အခါ လိင်ဆက်ဆံတဲ့ကိစ္စကလည်း မေ့ထားလို့မရတဲ့အရာဆိုတာ အသေအချာပါပဲ။ ပုံမှန်စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားသွားလာမှုပြုရသလို အိမ်ထောင်ရေးသာယာဖို့ အတွက်လည်း ဒီကိစ္စကအရေးပါပါတယ်။ သို့ပေမဲ့ လင်မယားတိုင်း လိင်ဆက်ဆံအခါ သာယာမှု၊ အဆင်ပြေချောမွေ့မှု ရရှိတာ မဟုတ်ပါဘူး။ ဘယ်အရာတွေကြောင့် ၂ ယောက်သားကြားမှာ အဖုအထစ်လေးတွေ ဖြစ်စေသလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်ပါ


၁ - စိတ်ဖိစီးမှုများနေလား


တချို့လူတွေက အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ၊ တနည်းပြောရရင် စိတ်ဖိစီးမှုများလာတာနဲ့အမျှ လုပ်ရည်ကိုင်ရည် တက်လာတယ်ဆိုပေမဲ့ ဒီနေရာမှာတော့ စိတ်ဖိစီးမှုကြောင့်ပိုကောင်းလာတာ တစ်ခုမှမရှိပါဘူး။ အလုပ်မှာ၊ လူမှုဆက်ဆံရေးမှာ ပြဿနာရှိလို့ စိတ်ဖိစီးမှုဖြစ်ခဲ့မယ်ဆို လိင်ဆက်ဆံမှုအပေါ်ကိုလည်း လာသက်ရောက်နိုင်တာမို့ သေချာဆွေးနွေးတိုင်ပင်အဖြေရှာဖို့လိုအပ်ပါတယ်။


၂ - အိမ်ထောင်ဖက်နဲ့ အဆင်မပြေဘူးလား


အမျိုးသားဖက်က ဖြစ်စေ၊ အမျိုးသမီးဖက်ကဖြစ်စေ ကိုယ့်အိမ်ထောင်ဖက်အပေါ် စိတ်ပျက်လာမယ်ဆိုလည်း လိင်ဆက်ဆံမှုကို ထိခိုက်စေပါတယ်။ တစ်ယောက်က တစ်ယောက်အပေါ် သစ္စာမရှိတော့ဘူးထင်တာမျိုး၊ အလုပ်ကိုပဲ အာရုံစိုက်နေတယ်ထင်တာမျိုး ဒါမျိုးတွေဖြစ်လာမယ်ဆိုရင် မြိုသိပ်မထားပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးလိုက်ပါ၊ ပြဿနာကို သိမ်းထားတာထပ် ဒီလိုပြောဆိုလိုက်တာက ခဏတော့ စိတ်ညစ်ရပေမဲ့ ရေရှည်အတွက် ပိုကောင်းပါတယ်။ 


၃ - အရက်သောက်တာများနေလို့လား


အရက်သောက်လို့မူးပြီး အတူနေလိုက်တယ်၊ (တစ်နည်းပြောရရင် ပန်းအိုးလှုပ်သွားတယ်ပေါ့လေ) နောက်ပိုင်းကျ ကိုယ်ဝန်ရှိသွားတယ်ဆိုတာမျိုးက အပြင်မှာသိပ် မဖြစ်နိုင်ပါဘူး။ အရက်ကိုပမာဏ နည်းနည်းလောက် သောက်ရင်တော့ ဆက်ဆံဖို့ဖြစ်နိုင်ပေမဲ့ အလွန်အကျွံသောက်လိုက်ပြီးရင်တော့ ဘယ်လိုမှ စွမ်းဆောင်လိုက်မှာ မဟုတ်တာ သေချာပါတယ်။


၄ - ကောင်းကောင်းအနားမယူလို့များလား


ညဖက်ဆို နောက်ကျမှအိပ်တတ်သူလား၊ မနက်ဆိုလည်း အစောကြီးထရသူလား၊ ဒီလို အိပ်ချိန်လုံလုံလောက်လောက် မရတာက ပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေပါတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ သူတစ်ယောက်က လိင်ဆက်ဆံတဲ့အခါမှာလည်း အဆင်ပြေချောမွေ့ဖို့မဖြစ်နိုင်ပါဘူး။


၅ - ဘာဆေးတွေသောက်နေရသလဲ


တချို့ဆေးတွေက လိင်စိတ်လျော့ပါးစေပါတယ်။ ဥပမာပြောရရင်


- စိတ်ကျရောဂါဆေး


- သွေးထိန်းဆေး


- သန္ဓေတားဆေး


- ကင်ဆာဆေး


- ခုခံအားကျဆင်းမှုအတွက်သောက်ရတဲ့ဆေးများ


စတဲ့ဆေးတွေပါဝင်ပါတယ်။ တစ်ခုရှိတာက ဒီလိုသောက်နေရတဲ့ဆေးတွေက ရောဂါအတွက်လည်း လိုအပ်တာကြောင့် ကိုယ့်ဖာသာတော့ ဆေးပမာဏကို အတိုးအလျှော့မလုပ်ပါနဲ့။ သောက်နေတဲ့ ဆေးတွေကြောင့်လို့ထင်ရင် သက်ဆိုင်ရာဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲ ဆေးကို အပြောင်းအလဲလုပ်ပေးပါ။


၆ - အဝလွန်နေလို့လား


ရုပ်ဆင်းအင်္ဂါကလည်း အတော်လေးအရေးပါပါတယ်။ ရှိသင့်တဲ့ကိုယ်အလေးချိန်ထပ်များနေမယ်ဆို ကျန်းမာရေးအရလည်း ရောဂါဘယတွေဝင်လာနိုင်သလို လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်ဖာသာ ရှက်ရွံ့မှုခံစားရစေနိုင်တယ်။ ဒ့ါကြောင့်ကိုယ့်အသက်အရွယ်၊ အရပ်အမောင်းထဲမှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိအောင် ကြိုးစားထိန်းသိမ်းပေးပါ။


၇ - ပန်းသေပန်းညှိုးဖြစ်နေလို့လား


ပန်းသေပန်းညှိုးဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ရောဂါကြောင့်ဖြစ်တာရယ်၊ စိတ်ခံစားချက်ကြောင့် ဖြစ်တာရယ်ဆိုပြီး ခွဲခြားနိုင်ပါတယ်။ ရောဂါကြောင့်ဆိုရင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါကစလို့ ကျားဟော်မုန်းထွက်ရှိမှု နည်းသွားတာ စတာတွေပါဝင်ပါတယ်။ စိတ်ကြောင့်ဆိုရာမှာ စိတ်ဓာတ်ကျရောဂါဖြစ်နေတာ၊ ကိုယ့်လိင်အင်္ဂါအရွယ်အစားကို သေးငယ်နေတယ်ထင်ပြီး သိမ်ငယ်စိတ်ဝင်နေတာမျိုး စတာတွေပါဝင်ပါတယ်။


၈ - သွေးဆုံးချိန်မို့လား


အမျိုးသမီးတွေအနေနဲ့ သွေးဆုံးချိန်ရောက်ပြီဆို ခန္ဓာကိုယ်က အီစထရိုဂျင်ခေါ်တဲ့ မဟော်မုန်းထွက်ရှိမှု ဆုံးခန်းတိုင်သွားပြီဖြစ်တယ်။ ဒီအခါ အသားအရည်ခြောက်သွေ့လာမယ်၊ စိတ်ဓာတ်ကျမယ်၊ စိတ်အပြောင်းအလဲမြန်မယ်၊ နောက်ဆုံးလိင်ဆက်ဆံချင်စိတ်ပါ ကုန်ဆုံးသွားပါမယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းက စလို့လိင်ဆက်ဆံလို့ မရတော့ဘူးလို့ မဆိုလိုပါဘူး။ စိတ်ကို တည်ငြိမ်အောင်ထားတာ၊ မိသားစုနဲ့ ချစ်ချစ်ခင်ခင်နေထိုင်တာ စတာတွေလုပ်ပြီး ဒီအချိန်ကာလကို ကျော်ဖြတ်နိုင်ပါတယ်။


၉ - ပွင့်ပွင့်လင်းလင်းရှိပါစေ


နောက်ဆုံးအချက်ကတော့ အရေးကြီးဆုံးပဲဖြစ်ပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ရုံသာမက နူးညံ့သိမ်မွေ့တဲ့ ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။ လုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်ရုံနဲ့ အဆင်ပြေတာမဟုတ်ပါဘူး။ ၂ ဦး ၂ ဖက်စလုံးက ခံစားချက်ကိုယ်စီရှိနေမှ၊ ပြောရရင် အချစ်စိတ်၊ လိင်စိတ်နိုးကြွနေမှသာ ဆက်ဆံတဲ့အခါ ၂ ယောက်စလုံး သာယာမှုကို ရရှိမှပါ။ ဒီလိုသာယာမှုရရှိအောင် အရင်ဆုံးလုပ်ရမဲ့အရာကတော့ ၂ ယောက်စလုံး ဒီအချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံံကြဖို့ အရေးကြီးပါတယ်။ ရှက်ရွံ့နေတာ၊ မပြောရဲမဆိုရဲဖြစ်တာတွေက လိင်ဆက်ဆံမှုကို အဟန့်အတားဖြစ်စေတာမို့ မဖြစ်အောင်သတိထားသင့်ပါဘူး။ 


Dr. Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18